Tuesday, May 15, 2007

ငယ်ငယ်တုန်းကသူငယ်ချင်းများ

ခန်းမထဲကို ကိုယ်ရောက်တော့ ရှစ်နာရီခွဲတော့မယ်။ ညစာစားပွဲက ခုနစ်နာရီကတည်းက စနေတာလေ။ ကိုယ်က သူငယ်ချင်းနှစ်ယောက်နဲ့ ရုပ်ရှင်ကြည့်ပြီး ညစာစား ပြီးတော့ အိမ်ပြန်ရေမိုးချိုး ပြီးမှထွက်လာတာ။ အထွက်မှာ မိုးတွေရွာနေတော့ မသွားတော့ဘူးလားလို့တောင် စိတ်ကူးမိသေး။ ဒါပေမဲ့ ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးရဲ့ မင်္ဂလာညစာစားပွဲလေ။ 
.
ကိုယ်ကဝင်အလာမှာ သူတို့နှစ်ယောက်ကဘူးဖေးဟင်းလာခပ်ရင်းဆုံတယ်။ မီသောင်းက ဟိုမှာထွန်းခိုင် လာပြီဆိုတော့ သူ့ဘေးက အမျိုးသမီးနောက်တစ်ယောက်က ခပ်သွက်သွက် ကိုယ့်ရှေ့ရောက်လာရင်း အကောင်.... ငါ့ကိုသိလားတဲ့ ပြုံးစိစိနဲ့မေးပါလေလော။ ငယ်ရုပ်မပျောက်တဲ့အပြင် စကားပြောတာကလဲ ငယ်ငယ်ကလိုပဲ ဒေါင့်မကျိုး။ ကိုယ်က အားပါးတရပြုံးပြီး အရှည်ကြီးလို့ပြောတော့ ...သူမက ဝမ်းသာအားရ ပြေးဖက်ရင်း ဟယ်..သောက်ကောင်ရယ် နင်ငါ့ကို မှတ်မိသေးတယ်။ ဝမ်းသာလိုက်တာဟယ်...တဲ့။ ဘယ်လောက်များ ချစ်စရာကောင်းလိုက်ပါသလဲ။ 
.
သူ့ကို မတွေ့တာ ဆယ့်ငါးနှစ်လောက်ရှိရောပေါ့။ ကြားထဲမှာ အဆက်အသွယ်လဲမရှိ။ အခြားသူငယ်ချင်းများနဲ့ သူကြုံတောင့်ကြုံခဲ မြန်မာပြည်ပြန်လာချိန်မှာ ဆုံကြတယ်လို့ ကြားသိရပေမဲ့ အကြောင်းကြောင်းကြောင့် ကိုယ်နဲ့တစ်ခါမှ မဆုံဖြစ်။ သူကအခု လန်ဒန်မှာနေတာ။ အီတာလီယန်တစ်ယောက်နဲ့အကြောင်းပါပြီး ကလေးတစ်ယောက်ရနေပြီ။ နေ့လည်က မင်္ဂလာဧည့်ခံပွဲကတည်းက တခြားသူငယ်ချင်းတွေနဲ့ အုံးအုံးကျွက်ကျွက် ပြောကြဆိုကြ မေးကြမြန်းကြ လုပ်ပြီးပြီ။ သူက နေ့လည်ကမလာနိုင်လို့ အခုညစာစားပွဲမှရောက်လာတာ။ ဒါနဲ့စားပွဲဝိုင်းမှာထိုင်ကြတော့ သူက ငါ့နဲ့စကားလာပြောဆိုလို့ သူ့ဘေးမှာထိုင်ရင်း စကားတွေအများကြီး ပြောဖြစ်ကြတယ်။ 
.
ဟိုး စိန့်အော်ဂက်စ်တင်းကျောင်းမှာ ခြောက်တန်းလောက်ကတည်းက သူငယ်ချင်းတွေ။ ဟိုရောက် ဒီရောက် တစ်ယောက်တကွဲဆီဖြစ်နေကြတာ။ အခုဆုံကြတာတောင် ဆယ်ယောက်မပြည့်တော့ဘူး။ ဆယ်နာရီလောက်ကျတော့ သူငယ်ချင်းအားလုံးကပြန်ကြဖို့ သတို့သားကို နှုတ်ဆက်ကြတော့ မပြန်ရဘူးတဲ့ အားလုံးသူနဲ့ကပြီးမှ ပြန်ကြမယ်တဲ့။ (အဲဒီအကောင်က ကိုယ်တိုင်လဲ ကီးဘုတ်တီးတယ် ကာရာအိုကေဆိုတာတို့ ကလပ်မှာသွားကတာတို့ အရမ်းဝါသနာကြီးတာ။) ဒါနဲ့ ခန်းမအရှေ့ပိုင်းက Dancing floor ဖြစ်သွားတယ်။ သူကြိုစီစဉ်ထားပုံရတယ်။ DJ တွေ Mixer တွေနဲ့။ ကိုယ်တို့ ငယ်သူငယ်ချင်းတွေအားလုံးထွက်ကကြပေါ့။ တခြားဧည့်သည်များက ဘယ်လိုဟာတွေပါလိမ့်ဆိုတဲ့ အကြည့်တွေနဲ့ ငေးလို့ .......... ငယ်ငယ်တုန်းကက အရမ်းခင်ကြတဲ့သူငယ်ချင်းတွေပါဗျာ။

No comments: