လေကြောင်းက အကြီးအကျယ်ဗုံးမိုးတွေရွာ ပြီးတော့ စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ စိန်ပြေနပြေ ပစ်ခတ်ပြီးမှ ကျွန်းပေါ်တက်သိမ်းကြတာပါ။ အမေရိကန်စစ်သားတွေရဲ့စိတ်ထဲမှာတော့ ဂျပန်တွေ စိစိညက်ညက်ကြေနေလောက်ပြေီပေါ့။ သူတို့မသိလိုက်တာက ကျွန်းရဲ့အမြင့်ပိုင်း စူရီဘာချီတောင်ပေါ်က တူးထားတဲ့ လှိုဏ်ဂူခံတပ်တွေထဲက သူတို့ကို ချိန်ရွယ်ထားတဲ့ လက်နက်ကြီးတွေနဲ့ အသင့်စောင့်ဆိုင်းနေတဲ့ ဂျပန်တပ်သားတွေပါပဲ။ ကမ်းခြေကို အမေရိကန်တပ်သားတွေ ဖွေးနေအောင်ရောက်လာပြီဆိုတဲ့ချိန်လောက်မှာ ဂျပန်က စတိုက်ပါတယ်။ အမေရိကန်တွေသေလိုက်ကြတာမှ သောက်သောက်လဲပဲ။
လေးရက်မြောက်မှာ စူနာဘာချီတောင်ကို တက်သိမ်းပြီး အလံစိုက်ပါတယ်။ အင်မတန် နံမည်ကြီးသွားတဲ့ ဓါတ်ပုံပေါ့။ ဒါပေမဲ့ ဒီအလံစိုက်နေတဲ့ပုံက ဒုတိယအကြိမ်ရိုက်ထားတာပါ။ ပထမစိုက်ခဲ့တဲ့အလံကို Navy Secretary ကအမှတ်တရလိုချင်တယ်ဆိုတာနဲ့ ဒုတိယအကြိမ်ပြန်စိုက်ရင်း ဓါတ်ပုံကိုပါဆင်ပြီးရိုက်လိုက်တာပါ။ ဒီဓါတ်ပုံဟာ အမေရိကားက သတင်းစာတွေမှာ မျက်နှာဖုံးမှာပါလာပါတယ်။ စစ်ဒါဏ်နဲ့ နွမ်းနယ် ငြီးငွေ့နေတဲ့ ပြည်သူကို တစ်ဖက်လှည့် နှစ်သိမ့်ပေးတာပါ။ အဲဒီကျွန်းကို ရက်လေးဆယ်လောက်တိုက်လိုက်ရပါတယ်။ အနုမြူဗုံးကြဲဖို့ ဆုံးဖြတ်ချက်ချတဲ့ အထဲမှာ ဒီတိုက်ပွဲကြောင့်လဲပါတယ်လို့ဆိုပါတယ်။ ဒီကျွန်းလေးကိုတောင် ဒီလောက်သိမ်းနေရရင် ဂျပန် ပင်မကျွန်းတွေကို တက်သိမ်းရင် ဘယ်လိုဖြစ်မယ်ဆိုတာ မမှန်းရဲတော့ဘူး။
ဒီဇာတ်ကားထဲမှာ အကြိုက်ဆုံးစကားလုံးက သူရဲကောင်းဆိုတာကို လိုအပ်တဲ့အချိန်မှာ ဖန်တီးယူရတယ်တဲ့ .... အလံစိုက်တဲ့ ဓါတ်ပုံမှာပါတဲ့ မသေပဲကျန်ခဲ့တဲ့ သုံးယောက်ကို အမေရိကား ပြန်ခေါ်ပြီး အကြီးအကျယ်ဂုဏ်ပြုပါတယ်။
တစ်ဖက်မှာလဲ စစ်စရိတ်တွေနဲ့ ငွေကျပ်တည်းနေတဲ့ အစိုးရပြေလည်စေကြောင်း အဲဒီသူရဲကောင်းသုံးယောက်ကို အရင်းပြုလို့ war bonds တေွရောင်းပါတယ်။ လုပ်သွားတဲ့အကွက်ကလေးတွေက တကယ်ကိုလှပါတယ်။ နိုင်ငံရေးလှည့်ကွက်ဆိုတာ အချိန်အခါ နေရာဒေသမရွေး ရှိပါလားဆိုတဲ့ အတွေးတစ်ခုပေါက်သွားတယ်။
Flag of our Fathers ကြည့်ပြီးတော့ တနင်္ဂနွေနေ့မှာ Letters from Iwo Jima ကို ဆက်ကြည့်ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကိုပဲ ဂျပန်ဖက်ကပြန်ရိုက်ထားတာပါ။ ကျွန်းမှာတာဝန်ကျတဲ့ ဂျပန်ဗိုလ်ချုပ် Kuribayashi က ရောက်တဲ့နေ့မှာပဲ ကျွန်းကို လမ်းလျှောက်ပြီး လှည့်ပတ်ကြည့်ပါတယ်။ သဲသောင်ပြင်မှာ ကတုတ်ကျွင်းတူးနေတဲ့ အဖွဲ့ကို ရပ်ခိုင်းပါတယ်။ အမေရိကန်ကို ဒါလောက်နဲ့ ခုခံလို့မရဘူးတဲ့။ သူက အမေရိကားကိုလဲရောက်ဖူးတယ်။ အမေရိကန်တွေရဲ့ တိုးတက်နေတဲ့ Technology တွေကိုလဲသိတယ်လေ။ သုံးလေးရက် လျှောက်လေ့လာပြီး အမြင့်ပိုင်းဖြစ်တဲ့ စူနာဘာချီတောင်မှာ ကျောက်လှိုဏ်ဂူတွေထွင်းခိုင်းပြီး လက်နက်ကြီးတွေကို ရွှေ့တင်စေပါတယ်။ ဂျပန်ပြည်မက အကူအညီထပ်မရတော့ဘူး။ ရှိတဲ့လူ လက်နက်နဲ့ အမေရိကန်ကို အတတ်နိုင်ဆုံး အချိန်ဆွဲခုခံဖို့ဟာ သူ့ရဲ့ နောက်ဆုံးတာဝန်ပဲဆိုတာကို သဘောပေါက်ထားပုံရတယ်။ နောက်ဆုံး ရှိတဲ့ လက်နက် လူအင်အားနဲ့ ရက်လေးဆယ် ခုခံသွားတယ်။
အခုဒီအကြောင်းပြန်ရေးရင်းတွေးနေမိတာက ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေပါ။ ဂျပန်တွေ သေကုန်ရောပေါ့ဆိုတဲံ အတွေးနဲ့ ကမ်းတက်လာတဲ့ အမေရိကန်တွေကို လက်နက်ကြီးတွေနဲ့ အသင့် ချိန်ရွယ်ထားပြီး ကမ်းလုံးပြည့်အောင် ဂျပန်တွေစောင့်နေသလိုများ ဖြစ်နေသလားလို့ တွေးနေမိတယ်။ ရှစ်ဆယ့်ရှစ်ကတည်းက နေတောက်လျှောက် ကိုင်တွယ် ဖြေရှင်းလာတာဆိုတော့ စာလည်းတော်တော်တတ်နေပြီလေ။ ဒီဖက်ကလူတွေ ဟုတ်ပြီကွဆိုတဲ့ စိတ်နဲ့ တစ်ဖက်က ဆင်ထားတဲ့အကွက်ထဲဝင်သွားမှာကို အရမ်းစိုးရိမ်မိတယ်။
သူငယ်ချင်းတစ်ယောက်ပြောဖူးသလို ကျားထိုးတဲ့ဆီမှာလို နှစ်ကောင်စားပြီး ကင်းပေါက်ရိုက်သွားတယ် ဆိုတဲ့ အကွက်မျိုးများ ရှိနိုင်မလားလို့ အမျိုးမျိုး လှည့်တွေးနေမိတယ်။