Tuesday, October 23, 2007

ချစ်သောပါဒဧကရီ

ဆရာချစ်ဦးညိုရဲ့ ချစ်သောပါဒဧကရီ စာအုပ်ထဲက အခန်းတစ်ခုတစ်ခု အစက စာပိုဒ်လေးတွေပါ။ လှလွန်းလို့ ကဗျာဆန်လွန်းလို့ ငယ်ငယ်ကတည်းက ကြိုက်ခဲ့တာပါ။ ဒီနေ့ စာအုပ်အပုံရှင်းရင်း ဒီစာအုပ်လေးပြန်တွေ့တာနဲ့ ပြန်လှန်ဖတ်ကြည့်ရင်း နည်းနည်းလည်း အားနေတာနဲ့ ကွန်ပျူတာထဲ ရိုက်ထားလိုက်တယ်။ ဧကရီ [ အနုလောမချစ်မေတ္တာ] ချစ်သူ... လွင့်ပျံနေသောတိမ်တို့၏ အရောင်စုံကိုလည်းကောင်း၊ လှုပ်ခါသောပန်းပွင့်တို့၏ အသွေးစုံကိုလည်းကောင်း၊ ယိမ်းနွဲ့နေသော သစ်ရွက်တို့၏ အဆင်းစုံကို လည်းကောင်း၊ ငါသည် ငါ၏ ပန်းချီကားချပ်ပေါ်သို့ တိကျပြတ်သားစွာ ပို့ဆောင်ခြယ်သနိုင်စွမ်းရှိပါ၏။ ကျောက်အင်တုံအတွင်းဝယ် ငါသည် ကမ္ဘာလောက၏ အရောင်အားလုံးကို ရောစပ်ဖန်တီးနိုင်၏။ ပန်းချီကားချပ်ပေါ်၌ ငါသည် ကမ္ဘာလောက၏ အဖြောင့်အတန်း၊ အလင်းအမှောင်၊ အနီးအဝေး၊ အထုအထည်၊ အချိုးအကွေ့၊ အတွန့်အကောက် အားလုံးကို တမုဟုတ်ချင်း ကူးယူဖန်ဆင်းနိုင်၏။ ဆေးတို့ထားသော စုတ်တံကို ဖွဖွရွရွ ကိုင်ထားသော ငါ၏ လက်ချောင်းတို့သည် ကြုံလှီဖျော့တော့နေကြသော်လည်း ထိုလက်ချောင်းများဖြင့်ပင် လောကတစ်ခုလုံးကို ငါဆုပ်တွယ်နိုင်ပါ၏။ လောက၏ အလှအပ အလုံးစုံသည် ငါ့စုတ်တံ၊ ငါ့ဆေးစပ်အင်တုံ၊ ငါ့ ပန်းချီကားချပ်၌ ဦးညွပ်ပျပ်ဝပ်နေကြရ၏။ အို ... ချစ်သူ .... သို့ပါသော်လည်း သင်၏နှုတ်ခမ်းတစ်လွှာမှ၊ သင်၏မျက်တောင်တစ်ကော့မှ၊ သင်၏ ဆံတစ်ပင်မှ၊ သင်၏ ရင်ဝတ်တန်ဆာတစ်ချည်မျှင်မှ၊ သင်၏လက်ချောင်းတစ်ချောင်းမှ၊ သင်၏နဖူးပြင်တစ်စမှ၊ သေးငယ်သော အလှအပတစ်ခုခုကိုသော်မှပင်၊ ငါ့ပန်းချီကားချပ်ပေါ်၌ ရေးခြယ်ရန် ငါမတတ်နိုင်ပါတကား။ ရောင်ငါးခုရှိသော မဟာဂန္ဓဗ္ဗ အမျိုးအနွယ်လည်းဖြစ်ပေသော၊ လောက၏ ဂီတမှူးလည်းဖြစ်ပေသော ပဥ္စသီခနတ်သားသော်မှပင် သုံးဂါဝုတ် ပမာဏရှိသော ဥသျှစ်မှည့် အဆင်းကိုဆောင်သော ဗေဠုဝပဏ္ဏု နတ်စောင်းဖြင့် ချစ်သူ သူရိယဝစ္ဆသာဒေဝီ၏ အလှကို ဖွဲ့ဆိုတီးခတ်ခဲ့ပေ၏။ တစ်ဆယ့်ငါးပုဒ်သော ဂါထာတို့ဖြင့် သူ၏ ချစ်မေတ္တာကို သီကျူးဖွင့်ဟနိုင်ခဲ့ပေ၏။ အော် ... ငါမူကား ပဥ္စသီခနတ်သားကဲ့သို့ မဟုတ်နိုင်ပါတကား။ သင့်အလှ၌ နစ်မြောစီးဝင်ခဲ့ရသော ငါ့သည်းပွတ်နှလုံးတို့သည် မဟာသမုဒ္ဒရာမှ လှိုင်းတံပိုးကဲ့သို့ ဆူဝေမြင့်မောက်ခဲ့ရသည်ဖြစ်၍ ငါ၏ချစ်မေတ္တာတို့ကို ပဥ္စသီခကဲ့သို့ပင် နှုတ်မှထုတ်ဖော်မသီကျူးနိုင်တော့ပါ။ ပဥ္စသီခ၏ ဗေဠုဝပဏ္ဏုမှ စောင်းသံသည် လေးလတိုင်အသံမစဲဟု အဆိုရှိ၏။ ငါသာစောင်းသမားဖြစ်ခဲ့မူ သင့်အလှကိုဖွဲ့ဆိုတီးခတ်နိုင်ခွင့် ရခဲ့မူ ငါ့စောင်းသံသည် လေးလ လေးနှစ် လေးအသင်္ချေ အနေန္တ အသံမစဲသည် ဖြစ်ကောင်း၏။ ချစ်သူ .... သင့်အား စတင်တွေ့မြင်ရသော အချိန်မှစ၍... ငါ့မျက်လုံးအစုံသည် သင့်ရုပ်သွင်မှတစ်ပါး အခြားသောအရာတို့၌ ကန်းကွယ်ခဲ့ပြီ .... ငါ့နားတို့သည် သင့်အသံမှတစ်ပါး အခြားသော အရာတို့၌ ဆွံ့အခဲ့ပြီ ....ကမ္ဘာလောကအား ဖန်ဆင်းနိုင်သော ငါ့လက်ချောင်းများအတွင်းမှ ပုံရေးစုတ်တံသည် သင့်မျက်နှာမှတစ်ပါး အခြားသောအရာတို့၌ ရေးဆွဲခြယ်သရန် ငြင်းဆန်ခဲ့ကြပြီ။ သို့သော်သင့်အလှ၏ သေးငယ်သော အစိတ်အပိုင်းတစခုခုကိုသော်မှ ငါရေးဆွဲခြယ်သခြင်းငှာ မတတ်နိုင်ပါတကား .....။ ပါဒဧကရီ [ပဋ္ဋိလောမချစ်မေတ္တာ] ချစ်သူ... ငါ၏ညှို့ကြိုးမှ လွှတ်အပ်သော မြားသည် လေကိုဖောက်ခွဲလျက် တူရူအရပ်သို့ တည့်တည့်မတ်မတ်ပျံသန်း၏။ မြား၏ ချွှန်မြသော အသွား၌ ပြင်းထန်သော အဆိပ်ရည်တို့ လိမ်းကပ်လျက် ကော့ပျံသောအမြီးဖျား၌ နုညက်သော ငှက်ခါးမွေးတို့ စီသွယ်လျှက်.... ပိတုန်းတောင်ပံခတ်သံသို့သောအသံကို စွဲမြည်စေလျက် လေကို ဖောက်ခွဲပျံသန်းသောမြားသည် ချစ်သူ၏ အသည်းနှလုံး၌ တည့်မတ်စွာ စူးနစ်စိုက်ဝင်ပြီ။ သို့တစေ။ မြားသွားမှ ပြန်ထန်သော အဆိပ်ရည်တို့သည် ချစ်သူအား စိုးစဉ်းမျှ မထိခိုက်ပါ။ မြားသွားသည် သင်၏ အသည်းနှလုံး၌ စူးနစ်စိုက်ဝင်သည် ဆိုခြင်းကိုသော်မှ ချစ်သူသိအံ့မထင်ပါတကား။ အိုချစ်သူ ... သင့်အား အဆိပ်ရည်တို့ပျံ့နှံစေချင်၏။ ဦးထိပ်ဆံဖျားမှသည် ခြေဆုံးထိပ်ဖျားထိ အဆိပ်ရည်တို့ ကူးစက်ဖြန့်ကျက်စေချင်၏။ ငါ့မြားတံကြောင့် သင်၌ ပြင်းထန်စွာ တုန်လှုပ်ခြောက်ချားခြင်း ဖြစ်သည်ကို ငါအလိုရှိ၏။ သို့သော် .... သင်ကား၊ ငါ၏မြားတံကို ပီဘိ လျစ်လျူရှုနိုင်အားပေ၏။ ငါ၏မြားတံသည် သင့်အား စဉ်းငယ်မျှပင် မတုန်လှုပ်စေပြီလော၊ သင်ကား မတုန်လှုပ်၊ တုန်လှုပ်ရသူကား ငါကိုယ်တိုင်ပင်ဖြစ်ချေပြီ။ ငါ၏ အသည်းနှလုံးကို ထုခွဲဖြတ်တောက်၍ ပြုလုပ်စီမံထားအပ်သော လေးကိုင်း လေးညှို့၊ မြားတံ၊ အဆိပ်ရည်တို့သည် သင့်အား မထိခိုက်ဟု သိရသောအခိုက်၌ ငါသည်ပင် တုန်လှုပ်ခဲ့ရချေပြီ။ အို... ချစ်သူ ... နောက်ထပ်မြားတစ်စင်းကို ငါထပ်မံပြင်ဆင်အံ့ ..... ချစ်သောပါဒဧကရီ [အနုပဋ္ဋိလောမချစ်မေတ္တာ] ချစ်သူ.... သင့်ကိုမှ ချစ်မြတ်နိုးမိလေသည့် ငါ့၏ နှလုံးသည်းပွတ်တို့ကို ငါကိုယ်တိုင်ပင် ပြန်လည်တုန်လှုပ်မိပါပြီ။ ဤနှလုံးသည်းပွတ်တို့ကို ငါ့ရင်တွင်း၌ ထားသိုရန် ငါကြောက်ရွံ့မိပါပြီ။ ဤသို့သော နှလုံးကို ငါ့ရင်တွင်း၌ ငါမထားသိုရဲတော့ပါ။ သို့အတွက် .... ငါ၏ အသည်းနှလုံးအားထုတ်ယူလျက် စကြာဝဋ္ဌာ တံတိုင်းသို့ ငါကိုယ်တိုင်ပစ်လွှတ်ဖောက်ခွဲလိုက်၏။ တစ်ခဲနက်သောအသံဖြင့် ငါ့အသည်းနှလုံးသည် အစိတ်အမွှာ အပိုင်းအစ ကြေပြန့်စင်ပြီ။ သို့သော်.... အစိတ်စိတ်အမွှာမွှာသော အသည်းနှလုံး၏ အပိုင်းအစတို့သည် တစ်မုဟုတ်ချင်းပင် တစုတဝေး ပြန်လည်ပေါင်းဆုံ၍ တစ်ခုသောနေရာသို့ သက်ရောက်ကိန်းဝပ်နေကြသည်။ အို.. အသည်းနှလုံး အဘယ်နေရာသို့ ကိန်းဝပ်လေသနည်း။ ချစ်သူ .... ယင်းနေရာကား သင်၏ ခြေဖမိုးအစုံ ရှေ့မှောက်တွင် ဖြစ်ပြန်ချေသည်တကား ....။

No comments: