Wednesday, January 9, 2008

အားကျခြင်းနှင့် အားမရခြင်း

ဈေးကွက်ဂျာနယ်ထဲက ဆရာကြီး ဦးအောင်သင်းရဲ့ ဆောင်းပါးလေးပါ။ ကြိုက်လို့ ကောက်နုတ်ပြိး တင်ပေးထားပါတယ်။

အင်္ဂလိပ်စာမှာ အခြေခံအားဖြင့် မင်းတို့ ခုခေတ် ဆယ်တန်းကောင်လေးတွေလောက်သာ တတ်ခဲ့တဲ့ အောင်သင်းဟာ တောင်တွင်းမှာ အင်္ဂလိပ်စာ လေ့လာခဲ့ရပုံကို ပြောပါဦးမယ်။

ငါက အင်္ဂလိပ်စာအခြေခံကို ထောင်ထဲမှာ သင်ခဲ့ရတာပါ။ ဒါ့ကြောင့် အပြင်ကို ရောက်လာတော့ ဒီအချိန်မှာ အထက်တန်းကျောင်း အင်္ဂလိပ်စာ ပြဌာန်းစာအုပ်ကလေးတွေကို တစ်အုပ်မကျန် ဖတ်ပါတယ်။ မှတ်ပါတယ်။ အဲဒါလေးတွေကို စီရင်တဲ့ ဆရာကြီးက မိုက်ကယ်ဝက်စ်ဆိုတဲ့ ဆရာကြီးပါ။ သူကပဲ တွဲဖက်ပြီး ဖတ်ကြဖို့ ဂန္တ၀င် ၀ထ္ထုကြီးတွေကို အလွယ်အကျဉ်း simplied and abridged ပြန်ရေးပြီး ထုတ်လိုက်ပါသေးတယ်။ သူလွယ်ကျဉ်းလုပ်ထားတဲ့ စာအုပ်တွေကလဲ ဆာရိုက်ဒါဟတ်ဂတ်တို့ ဆာဝေါလ်တာစကော့တို့ ရေးတဲ့စာအုပ်တွေ များတယ်။ ဒီတော့ ငါတို့က ဆရာကြီး ရွှေဥဒေါင်းရဲ့ ပရိသတ်မဟုတ်လား။ ရူပနန္ဒီ ရူပကလျာဏီဆိုတာတွေ၊ ရတနာသိုက်၊ စောလမုန်သိုက်ဆိုတာတွေ အသည်းစွဲဖြစ်နေခဲ့တော့ ဖတ်လို့ကို မ၀နိုင်ဘူး။ ဆရာကြီးကလဲ မူရင်း အင်္ဂလိပ်စာရဲ့ အလှကို ပါနိုင်သမျှပါအောင် လုပ်ထားတော့ ၀တ္ထု ဇာတ်လမ်း ဇာတ်ကောင်ကိုသာမကပဲ စာ ကိုပါ စွဲတော့တာကိုး။ ဒီတော့ စကားအသုံးအနှုန်း၊ ၀ါကျတည်ဆောက်ပုံတွေပါ ခေါင်းထဲ စွဲကျန်ရစ်တာပေါ့။

ရန်ကုန်ကို တစ်နှစ်မှာ နှစ်ခါ၊ သုံးခါလောက် ဆင်းလာလေ့ရှိပါတယ်။ ရောက်လိုက်ရင် ပလက်ဖောင်း စာအုပ်အဟောင်းဆိုင်လေးတွေကို ၀င်ပြီးမွှေလေ့ရှိပါတယ်။ အဲဒီတုန်းက စိန့်ဂျွန်း၊ စိန့်ပေါ၊ မက်သဒစ် စတဲ့ ကျောင်းကြီးတွေက အင်္ဂလိပ်စာ ပြဌာန်းစာအုပ်ချင်း မတူကြဘူး။ အဲဒီကျောင်းသုံး စာအုပ်အဟောင်းတွေ အလွန်ပေါတာကိုး။ တစ်အုပ်မှ တစ်မတ်၊ ငါးမူးပဲပေးရတာ။ အဲဒါတွေကို ဖတ်စာအစုံလိုက် ၀ယ်ရင်တောင်မှ တစ်ဆယ်၊ ဆယ့်ငါးကျပ် မကုန်ဘူး။ အဲဒါတွေကို သိမ်းကျုံး ၀ယ်လာပြီး ဖတ်စာ တစ်ကနေပြီး လေးငါးခြောက်အုပ် အကုန်ဖတ်တာပဲ။ သင်ခန်းစာတိုင်းမှာပါတဲ့ လေ့ကျင့်ခန်း၊ ကွက်လပ်ဖြည့် ဆိုတာတွေ ကိုလဲ စိတ်ထဲမှာ ဖြေကြည့်လိုက်တာပဲ။

ငါက ကဗျာကိုလဲ ၀ါသနာပါလေတော့ ဆယ်တန်းမှာ ပြဌာန်းတဲ့ ကဗျာစာအုပ်တွေကို တစ်ပုဒ်မကျန် အကုန်ဖတ်တယ်။ ဒီတုန်းက အိန္ဒိယကထုတ်တဲ့ ကဗျာအဖွင့် စာအုပ်တွေကို ၀ယ်လို့ရတယ်။ အဲဒီစာအုပ်တွေကို ဖတ်ပြီး ကဗျာအရသာကို ခံစားရတာပေါ့။ တစ်ချို့ကဗျာတွေကိုဆိုရင် ကြိုက်လွန်းလို့ ခုထက်တိုင် နှုတ်ငုံရနေပါသေးတယ်။

......

ရန်ကုန်ကို ရောက်သခိုက်မှာ ရီးဒါးဒိုင်ဂျက်လို မဂ္ဂဇင်းမျိုးတွေကိုလဲ အဟောင်းဆိုင်မှာ တစ်အုပ် တစ်မတ်၊ ငါးမူးနဲ့ ၀ယ်လာတာပေါ့။ ပါသမျှဆောင်းပါး အကုန်ကိုတော့ ဘယ်မှာ ဖတ်တတ်ဦးမှာလဲ။ နားလည်သမျှလေးတွေ လျှောက်ဖတ်ပေါ့။ ..... ဘယ်သူ့အကူအညီကို အားကိုးရသလဲဆိုတော့ အဘိဓာန်ပါပဲ။ ပထမဆုံး စပြီးသုံးခဲ့ရတဲ့ အဘိဓာန်ကတော့ ပြောခဲ့တဲ့ မစ္စတာဝက်စ်ရဲ့ New Method English Dictionary ပါပဲ။ ကျောင်းသားသုံးဆိုတော့ သိပ်ပြီး မပြည့်စုံလှဘူး။ ဒီတော့ အောက်စဖို့ အဘိဓာန်၊ ချိမ်းဘား အဘိဓာန်တွေ တက်ကိုင်ရတော့တာပေါ့။ အဲဒီ အဘိဓာန်ကြီးတွေရဲ့ ဖွင့်ဆိုချက်တွေကို ပင်ပင်ပန်းပန်း ဖတ်ခဲ့ရတာ။ ဒီနည်းနဲ့ပဲ အင်္ဂလိပ်စာကို ဆည်းပူးခဲ့ရပါတယ်။

မင်းတို့ကတော့ တကယ့်ကို ကျွမ်းကျင်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကျွမ်းကျင်မှုကို အသုံးချတာမှာတော့ ငါတို့ခေတ်က လူငယ်တွေရဲ့ ခြေဖျားတောင် မမီဘူးလို့ ရက်ရက်စက်စက် ပြောပစ်လိုက်ချင်တယ်။ ၀က်ဘ်ဆိုက်တဲ့။ ဘာသုံးသလဲမေးကြည့်တော့ များသောအားဖြင့် ဂိမ်းတဲ့။ ချက်တင်းတဲ့။ ယိမ်းနွဲ့ပါးနဲ့ ငါးခုတ်နေတဲ့ ကောင်တွေလို့သာ ပြောလိုက်ချင်တော့တယ်။ ယိမ်းနွဲ့ပါးဆိုတာ မော်ဒယ်ဂဲလ် နာမည်များ ထင်နေကြဦးမလားမသိဘူး။

ငါ့စကားလုံးတွေ ပြောပေါက် ဆိုပေါက်တွေ ကြမ်းနေရင်လဲ သည်းခံကြပေတော့ကွာ။ မင်းတို့ကို ငါတို့ထက် ပိုပြီး ထက်ထက်မြက်မြက် ဖြစ်စေချင်လွန်းလို့ဆိုတာ သဘောပေါက်ကြပါတော့။

မင်းတို့မှာ ကွန်ပျူတာရှိနေရင် ကလေးသုတစွယ်စုံ စီဒီတွေ တစ်ပုံကြီးရှိပါတယ်။ ဈေးကလည်း ချိုပါဘိသနဲ့။ အဲဒီစီဒီ တစ်ချပ်ရှိရင် ဖတ်ပါလေရော့။ ကွန်ပျူတာနဲ့ ထိုင်မဖတ်ချင်ရင် စာကူးပြီးထုတ်လိုက်ပေါ့။ လက်ဖက်ရည်ဖိုးလောက် ကုန်တာပါ။ အဘိဓာန်စာအုပ်တစ်အုပ် ဘေးမှာချပြီး ဖတ်ကြည့်ပါလား။ မင်းဟာ ဆယ်တန်းမအောင်ရင်လဲ အဲဒီအခြေခံလောက် ရှိပြီးသားဖြစ်ရင် ခြောက်လလောက် လုပ်ကြည့်စမ်းပါ။ မယုံနိုင်လောက်အောင် တိုးတက်လာပါလိမ့်မယ်။ အင်္ဂလိပ်စာရော အသိဥာဏ်၊ အတွေးအခေါ်ပါ တိုးတက် လာပါလိမ့်မယ်။အေး - မင်းက တကယ်တိုးတက်ချင်ရင်ပေါ့။

No comments: