Friday, December 5, 2008

စောစောထ...လမ်းလျှောက်ကြ

ဒီမနက် မရည်ရွယ်ပဲ အစောကြီးကို အိပ်ယာက နိုးလာခဲ့ရတယ်။ မိန်းမက ဒီမနက် World AIDS Day အထိမ်းအမှတ် ကန်တော်ကြီးတစ်ပတ်လမ်းလျှောက်ပြိုင်ပွဲတဲ့ ... အဲဒါကို သွားဖို့ မနက်လေးနာရီခွဲလောက် ကတည်းက နှိုုးစက်ပေးပြီးထလေရဲ့။ နှိုးစက်က တော်ကြာကြာမြည်နေပြီး ကျွန်တော်ရော ယောက်ခမပါ နိုးလာကြတဲ့အထိ သူကမထသေးဘူး။ အလုပ်တူတူလုပ်တဲ့ သူ့အမတစ်ယောက်လဲ အဲဒီလမ်းလျှောက်ပွဲအတွက် ညကတည်းက လာအိပ်တယ်လေ။ 
.
စလျှောက်မဲ့နေရာက UNDP ရုံးတွေနေရာဆိုတော့ ကျွန်တော်တို့အိမ်နဲ့ နီးတာကိုး။ UN, NGO အသိုင်းအဝိုင်းက လုပ်တဲ့ပွဲပေါ့။ သူတို့နှစ်ယောက် ဆူညံဆူညံနဲ့ ဝတ်စားပြင်ဆင်ပြီး ငါးနာရီ ဆယ်ငါးလောက်မှာ ထွက်သွားကြပြီးတော့ ကျွန်တော် ပြန်အိပ်လို့မရတော့ဘူး။ သူတို့တွေကန်တော်ကြီးလမ်းပတ်လျှောက်တာနဲ့ AIDS ဝေဒနာရှင်တွေနဲ့ ဘယ်လိုပတ်သက်တယ်တော့ စိတ်ကူးကြည့်လို့မရဘူးဖြစ်နေတယ်။ သားလေးက နိုးတော့မလိုလူးလွန့်နေတာနဲ့ နို့တစ်ဗူးဖျော်ပြီး တိုက်လိုက်သေးတယ်။ ကိုယ်တော်က အိပ်ယာမနိုးပဲတစောင်းလေးအိပ်ရင်း နို့ဗူးကို သုံးပုံနှစ်ပုံလောက်စို့လိုက်တယ်။ 
.
ပြီးတော့ ကော်ဖီလေးတစ်ခွက်ဖျော်သောက်ရင်း မြို့ထဲ ဆိပ်ကမ်းသာလမ်းထဲက ဒေါ်ညိုမုန့်ဟင်းခါးလေး သွားစားချင်စိတ်တွေပေါ်လာတာနဲ့ အိမ်ကထွက်လာခဲ့တယ်။ လမ်းထိပ်ရောက်တော့ ကန်တော်ကြီးကို ပတ်ပြီး လမ်းလျှောက်နေကြ ပြေးနေကြတဲ့လူတွေအများကြီးပဲ။ ဒါနဲ့ကိုယ်လဲလမ်းလျှောက်ချင်စိတ်ပေါ်လာတာနဲ့ ကန်တော်ကြီးထဲဝင်ပြီး ရေပေါ်သစ်သားလမ်းလေးဆုံးတဲ့အထိ ခပ်သွက်သွက်လျှောက်လိုက်တယ်။ အား.... အေးစိမ့်စိမ့်အခြေအနေလေးမှာ လေကောင်းလေသန့်ရှူပြီး လျှောက်ရတာကောင်းလိုက်တာ။ 
.
သစ်သားတံတားအဆုံးအပေါက်ကထွက်ပြီး သိမ်ဖြူတင်းနစ်ကွင်းနားအထိလျှောက် .... လာတဲ့ဘတ်စ်ကား တက်စီးပြီး မြို့ထဲကို ထွက်လာတယ်။ ဒေါ်ညိုဆိုင်မှာ မုန့်ဟင်းခါးကို ဘဲဥ၊ ငါးဖယ်၊ မန်းကြော်ထဲ့ပြီး တစ်ပွဲစားတယ်။ နောက်ပြီး ဟင်းရည်နဲ့ မန်းကြော်တစ်ခုထပ်စားဖြစ်တယ်။ အိုး ...တယ်ကောင်းပါလား ... လာမစား ဖြစ်တာတောင်ကြာပေါ့။ ပြီးတော့ အိမ်ပြန်ဖို့ မြို့တော်ခန်းမဖက် လျှောက် လာရင်း လက်ရွေးစဉ်မှာ ကော်ဖီတစ်ခွက် ထပ်သောက်လိုက်သေး။ လှုပ်လှုပ်ရှားရှားလုပ်လိုက်လို့လားမသိ လူက ပေါ့ပါးနေသလိုပဲ။ နောက်ရက်တွေလဲ စောစောလေးထပြီး လမ်းလျှောက်နိုင်အောင် ၀ိရိယလေးထားကြည့်ပါဦးမယ်။ အအိပ်ကလည်း မက်သကိုး ......

3 comments:

:P said...

ဟယ်.. မုန့်ဟင်းခါးတဲ့..

မီယာ said...

အဲ့ဒီလို ကိုယ်စိတ်သွားတိုင်းကိုယ်ပါနိုင်တာ မင်္ဂလာတစ်ပါးပါ ထွန်းခိုင်ရေ။ Life is beautiful!

ဗေဒါရီ said...

ဒေါ်ညို မုန့်ဟင်းခါးကို လွမ်းတယ်။း(