Wednesday, March 28, 2007

နှလုံးသား ၃၈၀ / ၅၄

MBAကျောင်းက ဆရာမတစ်ယောက်က Business Ethics သင်ရင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ပြောရင်း စကားကြုံလို့ ညွှန်းလိုက်တာပါ။ ဆရာမကလည်း စာတော်တော်ဖတ်ပုံရတယ်။ ဒါနဲ့ အရင်အပတ်က သူငယ်ချင်းဖိုးလမင်းရဲ့ အိမ်ရောက်တော့ သူ့ဆီမှာ အဲဒီစာအုပ်ရှိနေတာနဲ့ ငှားဖတ်ဖြစ်တယ်။ တော်တော် ကောင်းပါတယ်။ ခေတ်လွန် ဟာသ ... ဟာသ ဆိုပေမဲ့ သရော်စာနည်းနည်းပိုဆန်မလားမသိ။ ဝတ္ထုတို လေးတွေပါ။ စိတ်ကူးချိုချိုကထုတ်တာ။ 
.
ဖူးစာရှင်ကို ရွေးတော့မည် ကန်စွန်းခင်းအမြောက်အမြားပိုင်ဆိုင်သော သူ့မိတ်ဆွေ လူကုံထံတစ်ယောက်၏ သားနှင့် လက်ထပ်ပေးရန် စီစဉ်နေဆဲ အချိန်မှာပင် အလတ်မသည် ကွန်ပျူတာ ပရိုဂရမ်မာလေးတစ်ဦးနဲ့ ခိုးရာလိုက်ပြေးသွားသည်။ မိဘတွေရဲ့ အထက်တန်းလွှာ တံငါသည် မျိုးရိုးဂုဏ်သိက္ခာကိုမှ မထောက်ထားပဲ ဘာမဟုတ်တဲ့ ကွန်ပျူတာ စာရေးလေးကိုမှ ယူရကောင်းလားဆိုပြီး အမေလုပ်တဲ့လူက အမွေပြတ် ကြေညာစွန့်လွှတ်ထားခဲ့သည်။ 
.
တစ်ခါတစ်ရံကျလျှင် သူတို့ရွာဖက်သို့ မြို့ကတက်လာသော ပျံကျကွန်ပျူတာသမား တစ်ယောက်တစ်လေ ရောက်ရှိလာတတ်သည်။ ပစ္စည်းကိရိယာတွေထည့်ထားသော အိတ်ကြီးကို လက်ကဆွဲ၊ နေပူကျဲကျဲမှာ ချွေးသံ တရွှဲရွှဲလျှောက်သွားရင်း ကွန်ပျူတာတေ ွပြင်တယ် ဟဒ်ဝဲတွေအပ်ဂရိတ်လုပ်ပေးတယ် နောက်ဆုံးပေါ် ဆော့ဖ်ဝဲတွေတင်ပေးတယ် ဟု အော်သွားသော အသံကို ကြားရတဲ့ အခါတိုင်း မြို့ပေါ်မှာ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ နေရရှာသော သမီးလတ်ကို မြင်ယောင်ပြီး စိတ်မကောင်းဖြစ်ရ၏။ 
.
ဒီတစ်ပုဒ်ကိုဖတ်နေရင်း အောင့်သက်သက်ဖြစ်သွားတယ်။ တစ်ချိန်ထဲမှာ ပြုံးလိုက်မိတယ်။ အောင့်သက်သက်အပြုံးပေါ့။ စဉ်းစားတတ်ပါပေ့ ပြောင်မြောက်ပါပေ့ ဆရာမင်းလူရယ်။ ကိုယ့်ဘာသာ အိတ်ကြီးလွယ်လို့ လမ်းတကာလျှောက်နေရတဲ့ ပျံကျစျေးသည်ကြီးအဖြစ် ထင်းကနဲမြင်သွားတယ်။ ဟင်း .... သူများအမြတ်တနိုးရွေးချယ်သင်လာခဲ့ရတဲ့ဘာသာရပ်နဲ့ ပညာကိုများ။ အဖိုးအဖွားတွေနဲ့ အမေနဲ့ အတိုက်အခံလုပ်ပြီး ဆရာဝန်မလုပ်ပဲ ရွေးချယ်ခဲ့ရတဲ့ ကိုယ့်ရဲ့ဘဝလမ်းကြောင်းကိုများ .. ပြောရက်သည်... နည်းနည်းတော့ စိတ်တိုသွားမိတယ်။ စိတ်လေသွားတယ်။ ပြန်တွေးလိုက်တိုင်းလည်းရီချင်လာတယ်။

1 comment:

sisain said...

ဒီစာအုပ်လေးတော့ သိပ်သဘောကျဗျာ။ အပုဒ်တိုင်းလောက် နီးနီး ကောင်းနေတာ။ သိုက်စာတို့၊ မျက်ရည်တို့ နံမည်တွေတော့ မေ့နေပြီဗျ။