Saturday, October 27, 2007

အသွားမတော် တလှမ်း

ခြေထောက်က နည်းနည်းပြန်ယောင်လာပြီး ပြန်နာလာတယ်။ မနေ့က ချောင်းသာကအပြန်ခရီးမှာ တစ်နေ့လုံး ကားပေါ်မှာ ထိုုင်လိုက်လာရလို့လဲဖြစ်နိုင်တယ်။ ဒီနေ့ အိမ်မှာ ငြိမ်ငြိမ်လေးနားမယ်လို့ စဉ်းစားပေမဲ့ ရုံးမှာ လုပ်စရာလေးတွေရှိတာကြောင့် မနားဖြစ်ပါဘူး။

လူက Body weight များလာတာလဲပါမယ်။ ဘတ်စ်ကားကြီးပေါ်ကနေဆင်းလိုက်တာ ကံဆိုးချင်တော့ ခြေထောက်ချလိုက်တဲ့နေရာက ချိုင့်ကြီးဖြစ်နေတယ်။ လူက ခွေကနဲ ပုံရက်လဲကြသွားတယ်။ မတ်တပ်တောင် ပြန်မရပ်နိုင်ဘူး။ ချောင်းသာအပန်းဖြေခရီးသွားမလို့လေ။ ရန်ကုန်ကတောင်မထွက်ရသေးဘူး။ ဒဏ်ရာတွေနဲ့ ဖြစ်ကုန်ရော။ ကားဆရာတွေက ဂရုစိုက်ကြပါတယ်။ လိမ်းဆေးနဲ့ အကြောကပ်ပလာစတာလေး ဝယ်ပေးကြရှာတယ်။ ဆေးလေးလိမ်း ပလာစတာလေးကပ်ပြီး ငြိမ်ငြိမ်လေးပဲထိုင်လိုက်သွားတယ်။ ညောင်တုန်းရောက်တော့ အပေါ့အပါးသွားဖို့ ကားပေါ်ကဆင်းတော့ တွဲပြီးဆင်းရတယ်။ လမ်းလျှောက်တဲ့အခါ ညာခြေကိုထောက်လိုက်တိုင်းနာလိုက်တာ မပြောပါနဲ့တော့။

မနက်ချောင်းသာရောက်တော့ ညာခြေဖမိုး နဲ့ခြေကျဉ်းဝတ်တဝိုက် ဖောင်းကားပြီး ယောင်ကိုင်းနေပြီ။ ကိုယ့်အခန်းရောက်အောင် တွဲပြီးသွားလိုက်ရတယ်။ အိပ်ယာပေါ်လှဲနေရင်း ပင်လယ်ကြီးကိုပဲ လှမ်းငေးကြည့်နေရတယ်။ သူများတွေကတော့ ရေထဲဆင်းကုန်ပြီ။ အော် ... စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဒုက္ခက တော်တာ်ကြီးပါလားလို့လဲတွေးမိသွားတယ်။

ညနေရောက်တော့မှ ဆိုက်ကားလေးခေါ်ပြီး ဆေခန်းသွားပြလိုက်တယ်။ ဆရာဝန်လေးက ဆေးတစ်လုံးထိုးပေးပြီး သောက်ဆေးတွေလဲပေးလိုက်တယ်။ ရေခဲလဲအုံပါတဲ။ ဟိုတယ်ပြန်ရောက်တော့ ရေခဲလေးလှမ်မှာ လိုက်တယ်။ ခြေတောက်ကို ရေခဲအုံရင်း သယ်လာတဲ့ ပန်းဂျုံ ဂျပန်အရက်ပုလင်းလေးထုတ်သောက်နေလိုက်တယ်။ အရက်သောက်ပြီးမှ ဆေးသောက်တာပေါ့။ ချောင်းသာရောက်ရင် အမြဲလုပ်ဖြစ်တာတစ်ခုက သောင်ပြင်ပေါ်လာရောင်းတဲ့ စျေးသယ်တွေဆီက ပုဇွန်တွေ ဂုံးတွေ ဂဏန်းတွေ ဝယ်ပြီး အဝအပြဲစားပစ်တာပဲ။ ခြေတောက်ကလည်းနာနေတော့ ဘယ်မှလဲမသွားနိုင် လာသမျှစျေးသည်တွေခေါ်ပြီး ဝယ်စားနေတော့တာပဲ။ ပုဇွန်ကင်တွေနဲ့ ပန်းဂျုံအရက် ... အင်း .... လိုက်ဖက်သားပဲဗျ။



သီဟိုစေ့နဲ့ ပန်းဂျုံအရက်က ရန်ကုန်ကတည်းကဝယ်သွားတာ။ ကျန်တာတွေက ပုဇွန်ကင်ရယ်၊ ဂုံးကင်ရယ်၊ သရက်တောမုန့့်ရယ်။

အင်း.... စာရင်းချုပ်လိုက်ရင် weight ပြန်လျှော့ရတော့မယ်လို့ ကောက်ချက်ချမိတယ်။ အခု ကိုယ်အလေးချိန်က ၁၉၂လောက်ရောက်နေပြီ။ ဒီခြောက်လ ခုနစ်လမှာ ပြန်ဝလာတယ်။ တော်သေးတာပေါ့ ခြေတောက်ကျိုးမသွားလို့။ အခုနာနေတာလဲနောက် လေးငါးရက်လောက်ခံရဦးမယ်ထင်ပါ့။

1 comment:

TKLinn said...

အားပါးပါး စားတာကလဲ ၾကည့္ဦး
သီဟိုစေ့တွေရော
ချောင်းသာ သရက်တောဘိန်းမုန့်လေး ၊ ဂဏန်း၊ ဂုံးတို့ကို လွှတ် လွမ်းသဗျာ..