Saturday, January 12, 2008

သိကြားသာသနာပါ အမရယ်

မနေ့က သောကြာနေ့ဆိုတော့ Eleven ဘောလုံးဂျာနယ်ဝယ်ရင်း ဂျာနယ်ဆိုင်မှာ ဒီတစ်ပတ်ထုတ် လျှပ်တပြက်ဂျာနယ်ကို တွေ့လိုက်တယ်။ သိကြားသာသနာပါ အမရယ် ဆိုတဲ့ ခေါင်းစီး စာတန်းကြီးနဲ့ နန္ဒာလှိုင်နဲ့ မျိုးမျိုးခိုင်တို့ရဲ့ ဟန်းဖုန်းပြောနေကြတဲ့ ပုံနှစ်ပုံကို ဖြတ်ညှပ်ကပ်ထည့်ထားတယ်။ ရုပ်ရှပ် ဗွီဒီယို ဇာတ်ဝင်ခန်း ဓါတ်ပုံတစ်ခုခုဖြစ်မှာပေါ့။ အဲဒီနှစ်ယောက်ရဲ့ ဟိုးလေးတကျော် ဖုန်းအတင်းက လူတွေ ကြားထဲလဲအတော်ရောက်နေပြီ။ အစည်းအရုံးကတဆင့် တောင်းပန်ရတာတွေဘာတွေလည်း ဖြစ်ခဲ့ပြီးပြီ။ ရုပ်ရှင်လောကဆိုတာလဲ ရင်ရှုပ်စရာတွေပါလား။

အခုလျှပ်တပြက်က ဒါကို ဗန်းပြပြီး လူစိတ်ဝင်စားအောင်လုပ်ပုံရတယ်။ ငါးပွက်ရာ ငါးစာချ .... တော်တော် အဆင့်အတန်းမရှိတဲ့ဂျာနယ်။ ကိုယ့်ဦးတည်ချက် ကိုယ့်တန်ဖိုးဆိုတာလည်း လုံးဝရှိပုံမရှိ။ ငွေရ စောင်ရေ တက်ရင်ပြီးရောဆိုတာမျိုး ဖြစ်နေတယ်။ မျက်နှာဖုံးတင်စရာ လူစိတ်ဝင်စားမဲ့ သတင်းတွေ အဲဒီလောက်တောင် ရှားပါးနေပြီလား။ သတင်းမရှာတတ်တော့ဘူးလား။
မင်းသားဒွေး သေတုန်းက သတင်းဦး သတင်းထူးအဖြစ် MyanmarTimes ကအချပ်ပိုနဲ့ အဖုံးတင်ခဲ့တာမျိုးက တစ်မျိုးပေါ့။ အဲဒါမျိုးကိုက လက်ခံပေးလို့ရသေးတယ်။

ပြီးခဲ့တဲ့ လေးငါးပတ် ကတည်းက သတိထားမိတာက လျှပ်တပြက်မှာ အစိုးရကို ဖော်လန်ဖားလုပ်တာတွေ၊ ပွဲဆူမဲ့ ဖွတဲ့ အတင်းအဖျင်းတွေပဲ တွေ့နေရတာ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီးပုံကို မျက်နှာဖုံးပြည့်ထည့်ထားတာ သတိထားမိတယ်။ အခုနောက်ပိုင်း ကိုယ်တိုင် ၀ယ်မဖတ်တဲ့အပြင် သူများ ၀ယ်ထားတာကိုတောင် လှန်မကြည့်ဖြစ်တော့ဘူး။ ဟိုးအရင် ဂျာနယ်ခေတ်ဦးက နံမည်ကောင်းခဲ့တဲ့ လျှပ်တပြက်ဆိုတဲ့ ဂုဏပုဒ်ကိုမှ အားမနာ။

ဆုံးသွားရှာပြီဖြစ်တဲ့ သူငယ်ချင်းဥာဏ်မိုး တစ်ချိန်က ပြောခဲ့တဲ့စကားလေးကို ပြန်သတိရမိသေး။ ဒီကောင်တွေက ဖက်ခွက်စားတွေကွ ... ယုံကြည်ချက် ခံယူချက်ဆိုတာ ဘာမှမရှိဘူး။ တက်တဲ့အစိုးရ ငါ့အစိုးရဆိုတဲ့ သာကူးတွေတဲ့။ ရှစ်ဆယ့်ရှစ်ကာလက တရားတွေတက်ဟော ဆန္ဒတွေပြ၊ စစ်တပ်အစိုးရ လဲတက်ရော အကော်ဒီယံကြီးတကားကားနဲ့ ဖားသီချင်းတွေဆိုနေလိုက်တာများ .. ငါတို့ အဖေတို့လို စာရေးဆရာတွေ ကဗျာဆရာတွေကမှ တကယ့်ကို ယုံကြည့်ချက် ခံယူချက် အပြည့်ရှိတာတဲ့ .... သူငယ်ချင်းက စိတ်ဆိုးမာန်ဆိုးနဲ့ ပြောခဲ့တာလေးပါ။ အခုတော့ ကိုယ့်သူငယ်ချင်းရော သူ့အဖေပါ မရှိရှာတော့ဘူး။ ဘာပဲဖြစ်ဖြစ်ပါ အခုဆို စာပေလောကမှာလဲ ဖော်လန်ဖားတွေ လုပ်စားတွေတွေနေရသလို ရုပ်ရှင်သရုပ်ဆောင် လောကမှာလဲ ကိုကျော်သူတို့လို ကိုဇာဂနာတို့လို လူတွေလည်း ရှိသေးတာပဲ။ ဘယ်လောကသားရယ်ဆိုပြီး ၀ါးလုံးရှည်နဲ့ရမ်းတာမျိုးဆိုရင် မတရားသလို ဖြစ်နေမှာပေါ့နော်။

1 comment:

TKLinn said...

ဟုတ်ပါ့.. လွန်ကိုလွန်တာ
အဲ့ဒါကို ဒီနေ့မှ ဖတ်ရလို့တောင် ဖိုရမ်မှာ ရေးလိုက်မိသေးတယ်။
စိတ်ပျက်စရာကောင်းတယ်။