Tuesday, February 12, 2008

ထမနဲပွဲတော်မှ

တပို့တွဲ၊ ကျွဲပင်လျှင် ချိုဖျားက အေးသတတ်။ ဤသို့ စာဆိုရှိသည်။ ဆောင်းနှောင်းဖြစ်၍ အစွမ်းကုန် ဆောင်းလက်စွမ်း ပြလေရော့သလားမသိ။ ခိုက်ခိုက်တုန်အောင် အေးလှ၏။ မြတ်စွာဘုရားသခင်ပင်လျှင် ခြေဖျားလက်ဖျား မီးကင်တော်မူရသည်ဟု ဆိုကြ၏။ ဟုတ်ပေမည်။ အလွန်အေးမြလှပေသည်။ နှင်းဝေဝေတွင် ထမနဲပွဲသည် ပျော်ဖွယ်ကောင်းလှ၏။

ဒယ်ကြီးများဖြင့် ဆီနိုင်နိုင်၊ နှမ်းနိုင်နိုင် အုန်းဆံနိုင်နိုင် ထမနဲထိုးကြ၏။ ကောက်ညှင်းဆန်တို့ကလည်း စေးလှသနှင့်။ ကျေးလက်ရွာသားတို့ စုပေါင်းညီညာသော သဘောကို သရုပ်ဆောင်၏။ ထမနဲကို နှင့်ငွေ့ဝေချိန်တွင်ပင် ဘုရားအား လှူ၏။ ရွာဦးကျောင်းသို့ရောက်အောင်ပို့၏။ တစ်အိမ်တက်ဆင်း ထမနဲဝေငှ ကမ်းလှမ်း၏။ တပို့တွဲလ နံနက်စောစောတွင် စေတနာ မွှေးကြိုင်လျက်ရှိသည်ကို ခံစားနိုင်လောက်ပေ၏။

အများနှင့် ၀ိုင်းကြဝန်းကြသော သဘောသည် မြန်မာ့သဘော ဖြစ်ပေသည်။ ထမနဲကို အဘိုးအို အဘွားအိုများပင်လျှင် တမြုံ့မြုံ့စားနိုင်၏။ ငါတို့နိုင်ငံ၏ စေတနာ ဂုဏ်သိက္ခာကို ထမနဲစားရင်း ဆင်ခြင်နိုင်သည်။ ထမနဲသည် တရားမဟော။ သို့သော် ညီညွတ်မှု၊ ချစ်ကြည်မှု၊ အကျိုးဆောင်မှုတို့၏ လက်တွေ့ကောင်းကျိုးကို ပြနေဘိသကဲ့သို့ ရှိ၏။ အာဂ ထမနဲပေ။

ပိတောက်မှ သရဖီသို့ (တင်မိုး)

No comments: