သားက မွေးပြီး ဆေးရုံက ဆင်းလာပြီးကတည်းက ညအိပ်ညနေ ဘယ်ကိုမှ မသွားဖူးသေးဘူး။ ဗဟန်းအိမ်မှာပဲပေါ့။ တစ်ခါတစ်လေ ၅၂လမ်းက ကျွန်တော့်မိဘများအိမ်ကို အလည်သွားတာလောက်ပဲ ရှိတယ်။ ဒါပေမဲ့ မနေ့ညကစလို့ ၅၂လမ်းအိမ်မှာ ခဏပြောင်းနေဖို့ ဖြစ်လာတယ်။ ယောက်ခမကြီးက မုံရွာကို သွားစရာရှိလို့ တစ်ပတ်လောက် ကြာမှာတဲ့။ ပုံမှန်ဆို ကျွန်တော်တို့လင်မယား မနက်ရုံးသွားရင် သားကို တစ်နေ့လုံး သူ့အဖွားကပဲ စောင့်ရှောင့်ထားတာ။ အခုအဖွားကခရီးသွားတော့ ကြည့်မယ့်သူမရှိတော့ဘူးပေါ့။
.
ပထမစဉ်းစားထားတာက အိမ်မှာပဲနေ။ မနက်ရုံးသွားရင်သားကို ၅၂လမ်းအိမ်ဝင်ပို့၊ ညနေရုံးကအပြန်မှသွားခေါ်မယ်ပေါ့။ ဒါပေမဲ့ သိပ်အဆင်မပြေတာနဲ့ အဲဒီမှာပဲကျွန်တော်တို့ပါ ခဏသွားနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ မနေ့ညနေက အထုပ်အပိုးတွေနဲ့ ကျွန်တော်တို့လင်မယား သားကို ချီပြီး အဖိုးအဖွားအိမ်ကို ချီတက်သွားကြတာပေါ့။ ကျွန်တော့်အဖေအမေရယ် ညီမအငယ်ရယ်ကို သားကတွေ့နေကြ ရင်းနှီးနေပြီမို့ သူ့အတွက်လည်း သိပ်ပြဿနာတော့ မရှိလှဘူး။
.
ညမိုးချုပ်မှပြဿနာစပါရော။ အိုက်လို့ မအိပ်နိုင်လို့ ငိုပါလေရော။ ပုံမှန်အိမ်မှာဆို မီးလေးကလည်းမှန်နေတော့ အဲကွန်းလေးနဲ့ နေနေကြလေ။ အခု မြို့ထဲဖက်က အလှည့်ကျ မီးပျက်တဲ့အပြင် အဲကွန်းလဲမရှိဘူး။ ဒါနဲ့ ယပ်တောင်တွေခပ်ပေးပေါ့။ ညတစ်နာရီလောက်က ပူလို့နိုးလာလိုက်တာ သုံးနာရီကျော်မှ ပြန်အိပ်ပျော်သွားတယ်။ ဒီမနက်နိုးတော့ သူ့အဖွား (ကျွန်တော့်အမေက) သူ့တပည့်တစ်ယေက်ရဲ့အိမ်တက်အလှူကို တောင်ခေါ်သွား လိုက်သေးတယ်။ ကျွန်တော်ရုံးလာဖို့ အိမ်ကမထွက်ခင် သူစားပြီးသောက်ပြီး ပြန်အိပ်ပျော်သွားလေရဲ့။ သူ့အတွက် အပြောင်းအလဲတစ်ခုပေါ့။
2 comments:
ဘဝ ဆိုတာ ကို နားလည်ဘို့ လိုတယ်။ သနားတော့ သနားတာပေါ့။
ဒါပေမဲ့ သူဘာသိဦးမှာလဲလိဲု့
Post a Comment