Monday, November 3, 2008

Maradona as Argentina manager ???

ဒီနှစ်ရက်သုံးရက်မှာ ကျွန်တော်စိတ်အဝင်စားဆုံး သတင်းကတော့ မာရာဒိုနာကို အာဂျင်တီးနား ဘောလုံးအသင်းရဲ့ မန်နေဂျာ ခန့်လိုက်ပြီဆိုတဲ့သတင်းပါပဲ။ စိတ်ထဲမှာ အီလည်လည်နဲ့ တော်တော့်ကို ဘဝင်မကျ ဖြစ်နေမိတယ်။ 
.
Good player ဖြစ်ခဲ့တိုင်း Good manager ဖြစ်မှာလား? ။ ကစားသမား ကောင်းဖြစ်ခဲ့ပြီး နည်းပြ မန်နေဂျာဘဝ ရောက်တော့ လည်း ဆက်လက်အောင်မြင် ကြတဲ့သူတွေ အများကြီးပါ။ ဥပမာ အားဖြင့် ဂျာမနီက ကလင်းစမန်း၊ ဟော်လန် နည်းပြကြီး ဘန်ဗက်စတန်၊ အခု Sunderland နည်းပြ မန်ယူအသင်းရဲ့ ခေါင်းဆောင်ဟောင်း ရွိုင်းကင်း ... စသည်ဖြင့်ပေါ့။ 

ဒါပေမဲ့ ဘောလုံး ကို ဖြစ်ဖြစ်မြောက်မြောက် မကစားခဲ့ပဲနဲ့လည်း လက်ရှိဘောလုံး လောကမှာ လျှမ်းလျှမ်းတောက် ထိပ်တန်း နည်းပြတွေရှိပေပါတယ်။ မော်ရင်ဟိုကတော့ အကောင်းဆုံး နမူနာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အသင်းကို ပဲ့ကိုင်ဦးစီးမဲ့ မန်နေဂျာရဲ့ အရည်အချင်းတွေထဲမှာ ဘောလုံး ကောင်းကောင်း ကန်တတ်ထာထက် အများကြီးပိုတဲ့ အခြားအချက်တွေရှိနေပါသေးတယ်။ ပထမဆုံး ကစားသမားတွေရဲ့ ချစ်ခင်ရိုသေမှု၊ လေးစားလိုက်နာမှု ဆိုတာအဓိကပေါ့။ 
.
ဖာဂူဆင်ကြီး သူ့အသင်းကို သြဇာညောင်းပုံကို သာဓကအနေနဲ့ မြင်နိုင်ပါတယ်။ လေးစားရိုသေလောက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ နမူနာကောင်းတွေ နေပုံထိုင်ပုံတွေလည်း လိုအပ်မယ်ထင်တယ်။ ပြီးတော့ ကစားသမားကောင်းတစ်ယောက်ကို လေးစားမှုနဲ့ အသင်းမန်နေဂျာအပေါ်လေးစားမှု ဆိုတာမတူဘူး လေ။ မန်နေဂျာဆိုတာက ဦးနှောက်နဲ့ အတွေ့အကြုံနဲ့ ဖြစ်လာတဲ့အခြေအနေအပေါ်မှာ ကိုယ့်ရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံးဖြစ်အောင်စီစဉ်ကြရတာ။ စိတ်ဖိအားလဲ အရမ်းများမယ်။ 
.
မာရာဒိုနာကို ကြည့်ကြရအောင် အာဂျင်တီးနားဘောလုံးအသင်းကို ဦးဆောင်ပြီး ၁၉၈၆မှာ ကမ္ဘာ့ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့တယ်။ အာဂျင်တီးနားပြည်သူတွေရဲ့ သူရဲကောင်းပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ drug ပြဿနာတွေ၊ စည်းမရှိကမ်းမရှီ ဗရမ်းဗတာနေထိုင်မှုတွေ၊ သတင်းထောက်ကို လေသေနတ်နဲ့ ပစ်တာမျိုးတွေ ..... အင်္ဂလန် အသင်းဖက်ကို လက်နဲ့ ရိုက်ပြီး ဂိုးသွင်းခဲ့တာကိုတောင် ဘုရားပေးသောလက်ဆိုပြီး တလွဲ ဂုဏ်ယူနေသေးတယ်။ အာဂျင်တီးနားက သက်ဆိုင်ရာတွေကလည်း ဘာကို မျှော်လင့်လို့များ မာရာဒိုနာကို မန်နေဂျာခန့်လိုက်သည်မသိ။ မာရာဒိုနာမှာ ဦးနှောက်ကိုသုံးပြီး management role ကနေ ဆောင်ရွက်ဖူးခဲ့တဲ့ အတွေ့အကြုံကောင်း ဆိုတာမျိုးလည်း (ကျွန်တော်သိသလောက်) မရှိ။ 
.
တစ်ချိန်တုန်းက ရင်ထဲကသူရဲကောင်းနဲ့ လက်ရှိအသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်မဲ့ မန်နေဂျာကောင်းဆိုတာ လားလားမျှ မတူဖူးဆိုတာတော့ သိကြဖို့ ကောင်းမယ်။ သူ့အစား လူငယ်အသင်းနည်းပြ အိုလံပစ်ရွှေတံဆိပ်ဆုရ Batista ကို ခန့်အပ်တာဝန်ပေး လိုက်တာမှ ပိုကောင်းဦးမယ်ထင်တယ်။ ရွှေထီးဆောင်းခဲ့တာကို မေ့လိုက်မယ်ဆိုရင် ကိုယ့် personal life ကိုတောင် ပြောင်မြောက်အောင် မထိ်န်းကျောင်းနိုင်တဲ့ ဗရမ်းဗတာ ဆေးစွဲစိတ်ကျနေသူတစ်ယောက်က နိုင်ငံဘောလုံးအသင်းကို ဘယ်လို ဦးဆောင် ဦးရွက်လုပ်မလဲဆိုတာ စိတ်ဝင်စားနေမိတယ်။ ကြိုပြောလိုက်မယ် .... လုံးဝအောင်မြင်မှာမဟုတ်ဘူး။

4 comments:

JulyDream said...

မအောင်မြင်ဖူးဆိုတာကို ကြိုတောင် ခန့်မှန်းထားပါလား။ အဲဒီ ခန့်မှန်းချက်က ကွတ်တိဖြစ်ဖို့ များနေပါတယ်။ အဖြေကို ကျွန်တော်တို့ စောင့်ကြည့်ကြပါစို့။

ဗီလိန် said...

လက်နဲ့ ပုတ်သွင်းတာကိုတော့ မပြောနဲ့လေဗျာ။ ဘယ်သူမဆို အသင်းအတွက် လုပ်ပေးကြတာပဲလေ။ ဒါက မိသွားလို့ပါ။ မမိတဲ့သူကတော့ အပြောမခံရဘူးပေါ့။ ဖမ်းရမှာက ဒိုင်လူကြီးကိစ္စပါ။ နည်းပြလုပ်လို့ အောင်မြင်တယ် မအောင်မြင်ဘူးကတော့ ကျနော်လည်းမသိဘူးဗျ။ အဲလောက်တော့ မမှန်းတတ်ဘူး။ ကျနော်ကတော့ ဘောလုံးသမားတစ်ယောက်က အပြင်မှာ ဘာကြီးပဲဖြစ်နေဖြစ်နေ အသင်းအတွက် တန်ဖိုးရှိတဲ့ဂိုးတွေ သွင်းပေးနိုင်စွမ်းရှိမရှိနဲ့ ဘောလုံးစွမ်းရည်ကိုပဲ အဓိကထားပြီးကြည့်တယ်ဗျ။ ဒါကတော့ ကျနော့ ပုဂ္ဂလိက ခံစားချက်သက်သက်ပါ။ ကိုကိုဂျူလိုင် ပြောသလိုပဲ စောင့်ကြည့်ကြတာပေါ့ဗျာ။

Anonymous said...

မာရာဒိုနာဟာ အောင်မြင်တဲ့ ဘောလုံးသမားတစ်ယောက်တင် မဟုတ်ဘူး။ သူ့အသင်းကို ကောင်းကောင်းခေါင်းဆောင်နိုင်၊ တွန်းအားမြှုင့်ပေးနိုင်တဲ့ အောင်မြင်တဲ့ အသင်းခေါင်းဆောင်တစ်ယောက်လဲ ဖြစိပါတယ်။ မာရာဒိုနာ လက်နဲ့ ပုတ်သွင်းတာ လူသိပေမယ့် တချို့ကမ္ဘာကျော်ဘောလုံးသမားတွေလို တစ်ဖက်လူ ပန်နယ်တီ ဖြစ်အောင် ဟန်ဆောင် လှဲချတာ၊ ရန်စတာ မရှိတာလဲ လူသိကြပါတယ်။

အနုပညာနဲ့ အားကစားလောကက ငွေကြယ်ပွင့်တော်တော်များများလို မူးယစ်ဆေးနဲ့ နပန်းလုံးနေရတဲ့ ပြဿနာ ရှိခဲ့ပေမယ့် ဒါ သူများကို ထိခိုက်တာထက် သူကိုယ်တိုင်ပဲ ပြန်ထိခိုက်ခဲ့ရတဲ့ ကိစ္စပါ။ အသောက်အစားဆိုတာက ယောက်ျားအနည်းနဲ့ အများမှာ ရှိတတ်သလို မူးယစ်ဆေးလဲ ကျောင်းသားဘဝ လူငယ်ဘဝမှာ သုံးဖူးသူတွေ မရှားပါဘူး။ ဒီအတိတ်ကို ကြည့်ပြီး အနာဂတ်ကို ပိတ်ပင်ထားရမယ်ဆို မှန်ကန်ပါ့မလားလို့။
ကိုလကလေး တိုးတက်အောင်မြင်ပါစေ။

လေးစားလျက်

little moon said...

ဟုတ်ကဲ့ စိတ်ဝင်တစား ဆွေးနွေးကြသူများကို ကျေးဇူးတင်ပါတယ်။ သူ့ကို မအောင်မြင်စေချင်တဲ့ စိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်အကြိုက်ဆုံး အာဂျင်တီးနားဘောလုံးအသင်းလေး ပျက်စီးသွားမှာ စိုးရိမ်တာပါ။