Friday, December 26, 2008

Merry X'mas 2008

Merry X'mas .... မနက်ကို အတော်ကြီးနေမြင့်မှထတယ်။ ဒီနေ့က ကိုသူရနဲ့ သူ့သားငယ်တို့ရဲ့မွေးနေ့။ ဒါနဲ့ SMS လေးပို့ပြီး birthday wish လုပ်လိုက်သေးတယ်။ Birthday wiskey လေးဘာလေး ခေါ်တိုက်လိုတိုက်ငြားပေါ့ .. ကိုနဗနပြောတာကိုတောင်ပြန်သတိရမိသေး။ ခရစ်တော် ဒီနေ့မွေးတယ်ဆိုတာ သူမယုံဘူးတဲ့ သမိုင်းက တစ်ခုခုမှားနေတယ်ထင်တယ်တဲ့။ သူရလိုဆိုးမိုက်ပေတေတဲ့ ကောင်နဲ့ ခရစ်တော် တစ်ရက်တည်းမွေးတာ မဖြစ်နိုင်ဘူးတဲ့ .... :D 
.
အောက်ခဏဆင်းပြီး ဘောလုံးဂျာနယ်လေးဝယ်တယ်။ ပြီးတော့ ကော်ဖီသောက် မနက်စာစားပေါ့။ ပြီးတော့သားသားနဲ့ဆော့တယ်။ ၁ဝနာရီလောက်မှာ င်္Family TV5 က ကိုးရီးယားရေတပ်ဗိုလ်ချုပ် Series တစ်ပိုင်းကြည့်ဖြစ်တယ်။ ပြီးတော့ ငိုက်လာတာနဲ့ တရေးပြန်အိပ်ရော။ နိုးလာတဲ့အချိန်မှာ မိန်းမရဲ့အမနဲ့ တူမလေးရောက်လာတယ်။ ကလေးမက သူ့မောင်လေးအတွက် သူငယ်ငယ်က အင်္ကျီလေးယူလာပေးတယ်။ မိန်းမကပြောတယ် သူတစ်နှစ်သားလောက်မှာ ဝတ်တာတဲ့။ 
.
ဒါနဲ့သားကို စမ်းဝတ်ပေးကြည့်တယ်။ သူနဲ့ကအတော်ပဲဖြစ်နေတယ်။ အခုမှလေးလသားပဲရှိသေးတာကို။ သားကပဲ ထွားတာလား တူမလေးကပဲ အဲဒီအသက်အရွယ်က သေးတာလားတော့မသိ။ ညနေပိုင်းမှာ ဘကြီးဇော်မိုးက သူ့အိမ်မှာ မုန့်ဟင်းခါးချက်စားမယ်လိ်ု့ဖိတ်ထားတာနဲ့ မိန်းမရယ် သားရယ်ခေါ်ပြီး ချီတက်သွားကြတယ်။ မုန့်ဟင်းခါးတွေ အားပါးတရ ထမင်းလွတ်စားပြီး အိမ်ပြန်ကြတာပေါ့။ ဒီနှစ်ခရစ်စမတ်မှာ ပွဲတွေလမ်းတွေလည်း မသွားဖြစ်ပါဘူး။

 

Wednesday, December 24, 2008

NFC manager game

အခုတလောမှာ ESPN Site က NFC Manager Game လေးမှာ KnockOut Cup ဆိုပြီး ပြိုင်ပွဲပုံစံအသစ်လေးတစ်ခု ထပ်လုပ်ပေးထားတယ်။ ကမ္ဘာအရပ်ရပ်က ဒီဂိမ်းကစားကြတဲ့ Userတွေကို တွဲပေးပြီး ရှုံးထွက်ပုံစံ ပြိုင်ရတာ။ တစ်ပတ်အတွင်းရတဲ့ အမှတ်ပိုများတဲ့အသင်းက နိုင်ပြီး နောက်တဆင့်တက်သွားတာပေါ့။ ဒီဂိမ်းထဲမှာ ကိုယ်က အသင်းလေးသင်းဆောက်ပြီး ဆော့နေတာ။ ရှုံးထွက်ပွဲတွေမှာ သုံးသင်းက ပြုတ်သွားပြီ။ တစ်သင်းပဲ Round 2 ကို ရောက်တယ်။ Boxing Day နဲ့ Sunday မှာကန်မဲ့ ပွဲတွေကနေ အရှုံးအနိုင်ကို ကြည့်ရမှာ။ ကိုယ့်နဲ့ပြိုင်ရမဲ့အသင်းကိုလဲ ချိတ်ထားပေးပြီဗျ။ ဘာပဲပြောပြော အပျင်းပြေကစားရတာပေါ့။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Wednesday, December 17, 2008

Tun Foundation ပန်းချီပြပွဲ

16 Dec နေ့က ထွန်းဖောင်ဒေးရှင်းကလုပ်တဲ့ ပန်းချီပြပွဲကို ရောက်ဖြစ်တယ်။ ရန်ကင်းစင်တာအနောက်က ဘဏ်လုပ်ငန်းရှင်များ အဆောက်အဦမှာလုပ်တာပါ။ ပန်းချီဆရာပေါင်း ၃၀၁ ယောက်ရဲ့ ပန်းချီကား ၄၄၈ကား ပြသထားတယ်။ မနှစ်ကလည်း ဒီပြပွဲလုပ်ခဲ့သေးတယ်။ Best Painting of the Year 2008 ဆိုပြီးလုပ်တာ။ ဒီနှစ်မှာ ပိုကောင်းလာတာက Catalog စာအုပ်လေးရောင်းပေးတယ်။ အထဲမှာ ပန်းချီကားတွေရဲ့စာရင်းအပြင် ပန်ချီကားတွေအားလုံးရဲ့ JPG တွေပါတဲ့ CD နှစ်ချပ် ထည့်ပေးထားတယ်။ very good ပေါ့။
.
 ဘယ်ပန်းချီကားတွေ ဆုရတယ်ဆိုတာတော့ အဲဒီနေ့က မကြေငြာသေးဘူး။ 18 Dec လောက်မှာ ကြေငြာပြီး ဆုပေးမယ်လို့ပြောတယ်။ ပြပွဲကိုတော့ ဒီဇင်ဘာ ၂၀ ရက်အထိ ပြသပေးထားမယ်တဲ့။ ဘယ်ပန်းချီကားတွေ ဆုရမလဲသိချင်ပေမဲ့ မအားတာနဲ့ နောက်တစ်ခေါက် မသွားဖြစ်တော့ဘူး။ CD နဲ့ soft copy တွေတောင် ထုတ်ရောင်းပေးတယ်ဆိုတော့ ကြိုက်တဲ့တစ်ပုံနှစ်ပုံလောက်တော့ ဒီပေါ်တင်လိုက်ဦးမယ်။ Copy right တော့ မငြိလောက်ပါဘူးနော်?

Sunday, December 14, 2008

7th ICT Week သွားတောလား

13 Dec 08 မနက်လေးနာရီအိပ်ယာကထလို့ လေးခွဲမှာ လေဆိပ်ကို ထွက်လာခဲ့တယ်။ Taxi ကလည်း ချက်ချင်းရတော့ လေဆိပ်ရောက်တဲ့အချိန်မှာ ငါးနာရီတောင်မထိုးသေးဘူး။ လေယာဉ်က ခြောက်နာရီထွက်တယ်။ မန္တလေး တိုက်ရိုက် Jet လေယာဉ်ဖြစ်နေတယ်။ အိုကေပေါ့။ ကိုယ်ရယ် ညီလင်းဆက်ရယ် ဆရာခွန်ရယ် သုံးယောက်သွားကြတာ။ 
.
မန်းလေးကို အစောကြီးရောက်နေတယ်။ ကိုယ်တို့အတွက်က Great Wall Hotel မှာ စီစဉ်ပေးထားတာလေ။ အခန်းယူ ခဏနားပြီးတာနဲ့ မန်းလေးအသင်းက ကိုရဲနိုင်နဲ့ ချိန်းပြီး ရတနာပုံကို တက်ခဲ့ကြတယ်။ မနက် ၁ဝနာရီခွဲလောက်မှာ ရောက်သွားတယ်။ အခမ်းအနားအပြင်အဆင်ကတော့ မနှစ်ကအတိုင်းပါပဲ သိပ်မထူးဘူး။ ရတနာပုံဆိုတာကို အင်္ဂလိပ်လို စာလုံးပေါင်းတာ မနှစ်ကနဲ့မတူပြန်ဘူးဆိုတာလေးတော့ သတိပြုမိတယ်။ 
.
ပထမဆုံး Programming ပြိုင်ပွဲလုပ်မဲ့ Incubation center လေးဆီသွားကြတယ်။ Main Building နဲ့မလှမ်းမကမ်းလောက်က ဖျော်ဖြေရေးစင်ကြီးပေါ်မှာ model girl တစ်ယောက် ဘောင်းဘီအတိုလေးနဲ့ cat walk လျှောက်နေလေရဲ့့။ အောက်မှာတော့ ကြည့်တဲ့သူက လေးငါးယောက်လောက်ပဲရှိတယ်။ ဖြစ်မှဖြစ်ရလေ။ လျှောက်နေတဲ့သူရဲ့စိတ်ထဲတော့ ဘယ်လိုရှိမယ်မသိ။ ဘေးက ကြည့်ရတဲ့ကိုယ့်မှာ သနားသလိုလို ဖြစ်သွားမိတယ်။ ပြိုင်ပွဲလုပ်မဲ့နေရာမှာ မန္တလေး MCPA ကလူတွေက စက်တွေကို install လုပ်... ပြင်ဆင်ပေးနေကြတယ်။ သူတို့တွေနဲ့ မနက်ဖန်ပြိုင်ပွဲအတွက် ခဏထိုင်ပြီး ဆွေးနွေးကြတယ်။ 
.
မေးခွန်းကတော့ ကျွန်တော် ရန်ကုန်ကတည်းက ပြင်ဆင်လာခဲ့တာ။ ပြိုင်ပွဲအတွက် ကိစ္စတွေပြီးတော့ main building ကြီးက ပြခန်းတွေဆီသွားကြည့်ဖြစ်တယ်။ မနှစ်ကထက် အရေအတွက်နည်းတယ်။ ဒါ့အပြင် လာပြကြသူတွေက ပစ္စည်းတွေကို သဘောလောက်ပဲသယ်လာကြပုံရတယ်။ မနှစ်က lesson ရထားကြတာကိုး။ အရောင်းအဝယ်လေး အထိုက်လျောက်ဖြစ်ကြပုံရတယ်။ ကိုယ့်အရှေ့ မှာတင် notebook တစ်လုံးဝယ်ပြီး ငွေချေနေတာ တွေ့ရတယ်။ လာတဲ့ပရိသတ်ကတော့ ခပ်ကျဲကျဲပါပဲ။ ရောင်းအကောင်းဆုံးကတော့ ဆက်သွယ်ရေးက GSM Prepaid Card ပေါ့။ 
.
ဖွင့်ပွဲနေ့က အတင်းတိုးဝှေ့ ဝယ်ကြလို့ ပြခန်းတောင် ပြိုမလိုဖြစ်သွားတယ်တဲ့။ လာဝယ်ကြသူတွေကို ကြည့်ရတာ တစ်ချို့က တစ်ခါသုံးဆိုတာကို သိကြပုံ မပေါ်ဘူး။ FEC စျေးတောင် မန္တလေးမှာ 1500 ဖြစ်သွားသတဲ့။ ဒီကဒ်လေးကို မှီပြီး Handset တွေလဲရောင်းရတာ သတိထားမိတယ်။ ငါးသောင်းခြောက်သောင်းတန်Nokia လေးတွေ၊ ZTE က သုံးသောင်းကျော်တန် ဟန်းဆက်လေးတွေကို လူစိတ်ဝင်စားကြတယ်။ Hand Phone applicaiton လေးတွေ ရောင်းတဲ့ SM3 မှာလဲ လူတွေ စိတ်ဝင်တစား ဝယ်နေကြတယ်။ 
.
ကိစ္စတွေ ပြီးတော့ နေ့လည်တစ်နာရီလောက်မှာ မေမြို့ကို တက်ကြတယ်။ ကန်တော်ကြီးကို ခဏဝင်တယ် ပန်းပြပွဲဝင်ကြည့်ကြတာပေါ့။ ပြီးတော့ မေမြို့က လေငွန် စားသောက်ဆိုင်မှာနေ့လည်စာစားကြတယ်။ ကန်တော်ကြီးထဲက ဆိုင်ကဝယ်လာတဲ့ နာနတ်ဝိုင်လေးသောက်ရင်းပေါ့။ ညနေပိုင်းမှာ မန္တလေး MCPA က အမှုဆောင်တွေနဲ့ ရွှေဘဲမှာ ညစာစားရင်း အသင်းအကြောင်းတွေ လုပ်ငန်းတွေအကြောင်း ပြောဖြစ်ကြတယ်။ 
.
ညရှစ်နာရီလောက်မှာ မောင်လှ သခင်ကြီးနဲ့ ပုဂံနက်တို့ ဆိုင်ကယ်နဲ့ လာခေါ်တယ်။ အသင်းကလူတွေနဲ့ တွေ့ဖို့ရှိလို့ သူတို့နဲ့ချိန်းထားတာကို နောက်ဆုတ်ပြီး ရွှေဘဲကို လာခေါ်ခိုင်းထားတာ။ သူတို့တွေနဲ့ ကျုံးဒေါင့်နားက ဆိုင်လေးတစ်ခုမှာ ဘီယာသောက်ကြရင်း အကြာကြီးထိုင်ဖြစ်တယ်။ ဘောလုံးပွဲလည်းကြည့်ရင်းပေါ့။ ဟိုတယ်ပြန်ရောက်တော့ ၁၂နာရီထိုးတော့မယ်။ 14 Dec 08 ဒီမနက် ခြောက်နာရီခွဲလောက်ထဖြစ်တယ်။ ရေမိုးချိုးအဝတ်အစားလဲပြီးမှ NLS ကို နှိုး၊ သူအဝတ်အစားလဲပြီးချိန်မှာ ဟိုတယ်အပေါ်ဆုံးထပ် လဟာပြင်နေရာမှာ Breakfast သွားစားကြတယ်။ ပြီးတော့ ဘုရားကြီးခဏ ဝင်ဖူးပြီး ရတနာပုံကို ချီတက်ကြတယ်။ 
.
ဒီမနက်က ပြိုင်ပွဲစမှာလေ။ ပြိုင်မဲ့သူတွေကို မေးခွန်းပေး သူတို့မေးတာလေးတွေ ရှင်းပြပြီးတော့ မန္တလေးက EC တွေနဲ့ ခဏထားခဲ့ပြီး အခု ကော်ဖီထွက်သောက်ရင်း Public Access Center ကနေ အင်တာနက် ခဏဝင်ကြည့်နေတာ။ ညနေငါးနာရီ ပြိုင်ပွဲသိမ်းပြီးရင် ကျွန်တော်နဲ့ NLS အပြီးစစ် result ထုတ်ပေးပြီးမှ မန်းလေးပြန်ဆင်းမယ်။ သခင်ကြီးတို့က အရက်သောက်ဖို့စောင့်နေကြမှာ .... :) မနက်ဖန် ညနေ Flight နဲ့ပြန်မယ်။ NLS တော့ မောင်လှတို့ သခင်ကြီးတို့နဲ့ ဓါတ်ပုံရိုက်ဦးမလို့တဲ့ မပြန်သေးဘူး။ (ရိုက်ထားတဲ့ပုံလေးတွေ နေုာက်မှတင်တော့မယ် .. ကင်မရာ ကြိုးမပါလာလို့)

Friday, December 12, 2008

Happy Birthday to me (11 Dec)

အသက် တစ်နှစ်ထပ်ကြီးသွားပြီ။ ဒီနှစ်မွေးနေ့ကတော့ ထူးထူးခြားခြားကိုယ့်မှာ သားလေးရပြီး ပထဆုံးမွေးနေ့ပေါ့။ အသက်က ကြီးကြီးလာတော့ မွေးနေ့ဆိုလဲ ထူးခြားပြီး ပျော်ရွှင်တာမျိုးမရှိတော့ပါဘူး။ နေ့တွေထဲက နေ့တစ်နေ့ပဲပေါ့။ 10 Dec ညက အမေကဖုန်းဆက်တယ် သစ်သီးဒံပေါက်ချက်မယ်တဲ့.. ကျွန်တော့်မွေးနေ့ အထိမ်းအမှတ်ပေါ့။ ရုံးမသွားခင်လာစားကြပါတဲ့။ 
.
အမေကတော့ သားသမီးတွေရဲ့မွေးနေ့တွေကို မမေ့မလျှော့ ဘုရားပန်းတွေလဲပေး၊ ဆွမ်းတော်ကပ် လုပ်ပေးကြလေ။ တစ်ခါတစ်လေ ကိုယ့်မွေးနေ့ကို မေ့နေရင်တောင် အမေက မမေ့ဘူး။ မွေးနေ့မှာ မနက်စောစော ကန်တော်ကြီးထဲ လမ်းထလျှောက်လိုက်သေးတယ်။ ပြီးမှ သားလေးရော ယောက်ခမပါ ခေါ်ပြီး အမေတို့အိမ်ကို ချီတက်ကြတယ်။ စားကြသောက်ကြပေါ့။ 
.
အတော်ပဲ သားရဲ့အဒေါ်အလတ် ကျွန်တော့်ညီမက အဲဒီနေ့နေ့လည်ပဲ အလုပ်သွားလုပ်ဖို့ ကူမင်းသွားမှာဆိုတော့ သူ့တူလေးကိုလဲ တွေ့ချင်နေတာနဲ့။ သားလေးနဲ့ယောက်ခမကို အိမ်ပြန်ပို့ပြီး ရုံးရောက်တာနဲ့ ရှုပ်ယှက်ခပ်သွားတာပဲ။ နေ့လည်မီးပြန်လာတာနဲ့ ရတနာပုံ ဆိုင်ဘာစီးတီးမှာ လုပ်မဲ့ ပြိုင်ပွဲအတွက် မေးခွန်းကို အပြီးသတ်၊ ညနေပိုင်း MCPA ရုံးခန်းမှာ ပြိုင်ပွဲအတွက် ဆုတံဆိပ်တွေနဲ့ လေယာဉ်လက်မှတ်သွားယူ.... မေးခွန်းတွေကို print ထုတ်... copy ကူးပေါ့။ ပြီးတော့ အိမ်ပြန်တယ်.... မွေးနေ့အထိန်းအမှတ်သောက်စားကြဖို့ကလဲ လူမစုံဘူးလေ ... ဘကြီးဇော်မိုးကလဲ သက်ကြီးမူကြိုစာမေးပွဲရှိနေတယ် ... 
.
ဒါနဲ့ပဲ မွေးနေ့အထိမ်းအမှတ်ဝယ်ထားတဲ့ Absolute Vodka လေးကို ရေခဲသေတ္တာအပေါ်ခန်းထဲထည့်ပြီး သားလေးကို ချီရင်းနဲ့ပဲ အရသာခံသောက်လို့ ကိုယ့်ဖာသာ မွေးနေ့ကို celeberate လုပ်လိုက်တယ် .... :D

Tuesday, December 9, 2008

သားသားကိုက်ချင်တယ်



ဒီရက်ပိုင်းမှာ သားသားက သူ့လက်ကို စုပ်စုပ်နေတာနဲ့ သားမေမေက Gum Soother ဆိုတာလေး ဝယ်လာတယ်။ ရာဘာသားခပ်နုနုလေးနဲ့ မျောက်ပုံအရုပ်လေး။ အထဲမှာ ရေထဲ့ထားတယ်။ ဘေးနှစ်ဖက်မှာ လက်ကိုင် ကွင်းလေးနှစ်ခုပါတယ်။ ဒါလေးကို သားသားက တော်တော်သဘောကျတယ်။ အခုဆို လက်နှစ်ဖက်နဲ့တောင် သေချာကိုင်ပြီး ကိုက်တတ်နေပြီ။

Monday, December 8, 2008

Suzuki Cup နဲ့ Grand Royal champion မြန်မာအသင်း


ကိုယ့်ပေါင်ကိုလှန်ထောင်းသလို ဖြစ်နေမှန်းသိလို့ သိပ်တော့မရေးချင်ပါဘူး။ လက်ရှိယှဉ်ပြိုင်နေတဲ့ Suzuki Cup ဘောလုံးပြိုင်ပွဲက မြန်မာအသင်းအခြေအနေလေးပါ။ ပထမနေ့မှာ အိမ်ရှင်အင်ဒိုနီးရှားကို သုံးဂိုးပြတ်နဲ့ရှုံးတယ်။ မနေ့ညနေက စင်ကာပူကို 3-1 နဲ့ ထပ်ရှုံးပြန်ရော။ အောင်ဖျာလိပ်ရပြန်ပြီပေါ့။ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး အုပ်စုအဆင့်မှာတင် တပ်ခေါက်ပြန်ရတာ ထုံးစံလိုဖြစ်နေပြီ။ 
.
အင်ဒိုနဲ့နေ့ကပွဲတော့ပထမပိုင်းကို ခဏထိုင်ကြည့်ဖြစ်တယ်။ တစ်ဦးချင်းရဲ့ ခြေစွမ်းရော တစ်သင်းလုံးရဲ့ ကစားကွက်ရော အများကြီးကို ကွာခြားပြီး ကလေးနဲ့လူကြီးကစားသလိုဖြစ်နေတယ်။ မကြာသေးခင်က ရန်ကုန်မှာ လုပ်သွားတဲ့ Grand Royal ပြိုင်ပွဲမှာ အင်ဒိုအသင်းကို နှစ်ပွဲကစားရာမှာ နှစ်ပွဲလုံး 2-1 နဲ့နိုင်ခဲ့တာ။ အိမ်ကွင်းအားသာမှု ဆိုတဲ့ factor က ဒီလောက်တောင် ထိခိုက်လေသလား။ ညစ်ပြီး နိုင်ခဲ့တယ်ဆိုတဲ့ အသံတွေလဲ သဲ့သဲ့ကြားရတယ်။ ကိုယ်တိုင် သုဝဏ္ဏကွင်းကို သွားမကြည့်ဖြစ်တော့ ဒီကိစ္စတော့ မပြောတော့ပါဘူး။ စင်္ကာပူကို ရှုံးတဲ့ပွဲကတော့ ခြေစွမ်းချင်းက ကွာနေလို့ စင်္ကာပူအသင်းမှာ နိုင်ငံခြားသား ဘောလုံးသမားတွေ ပါလို့ စသည်ဖြင့် အကြောင်းပြလို့ရပေမဲ့ EQ နိမ့်ပြီး မဖြစ်သင့်တာတွေဖြစ်ရတာ (အောင်အောင်ဦး အနီကဒ် ပြခံရတာ) တွေ့ရတယ်။ 
.
ဒိုင်လူကြီးက မတရားဘူး ဘာညာဆိုပြီး excuse တွေ လျှောက်ပေးရင်တော့ ပေးပေါ့။ တစ်ချိန်က ကိုအောင်ကျော်ကျော် အထုတ်ခံရပြီး ဗီယက်နမ်ကို ရှုံးခဲ့ရတာ ပြန်သတိရမိသေးတယ်။ စင်္ကာပူနဲ့ ပွဲကတော့ ရှုံးမယ်ဆိုတာလဲသိနေလို့ ကြည့်ရင် စိတ်ဆင်းရဲမှာမို့ မကြည့်ဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ခေတ်မှာ ကိုသန်းတိုးအောင်တို့ ကိုမျိုးလှိုင်ဝင်း၊ ကိုဝင်းအောင်တို့ ခေတ်က အရှေ့တောင်အာရှမှာ အမြင့်ဆုံးအနေနဲ့ ငွေတံဆိပ်ရခဲ့တဲ့နောက်ပိုင်းမှာ ထုံးစံအတိုင်း အောင်ဖျာလိပ်ဇာတ်လမ်းတွေပဲ အပ်ကြောင်းထပ်နေပါရော။ 
.
ကိုယ်မသေခင်အချိန်လေးမှာ အနိမ့်ဆုံး အရှေ့တောင်အာရှအဆင့်မှာ ရွှေတံဆိပ်ရတာ၊ အာရှအဆင့် ခြေစစ်ပွဲအောင်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်ရတာ ... ကိုယ်တို့ရဲ့ ကမ္ဘာမကြေသီချင်းလေးကို (တီဗွီကတစ်ဆင့်ကြည့်ရင်းဖြစ်ဖြစ်) လိုက်ဆိုရတာမျိုးလေး ... ဖြစ်ပါ့ဦးမလားမသိ။ ကမ္ဘာဖလားဝင်ခွင့်ရတယ် ဆိုတဲ့အဖြစ်ကတော့ သိပ်ကောင်းကင်ဆန်နေလို့ မမျှော်လင့်တော့ပါဘူး .....

Friday, December 5, 2008

စောစောထ...လမ်းလျှောက်ကြ

ဒီမနက် မရည်ရွယ်ပဲ အစောကြီးကို အိပ်ယာက နိုးလာခဲ့ရတယ်။ မိန်းမက ဒီမနက် World AIDS Day အထိမ်းအမှတ် ကန်တော်ကြီးတစ်ပတ်လမ်းလျှောက်ပြိုင်ပွဲတဲ့ ... အဲဒါကို သွားဖို့ မနက်လေးနာရီခွဲလောက် ကတည်းက နှိုုးစက်ပေးပြီးထလေရဲ့။ နှိုးစက်က တော်ကြာကြာမြည်နေပြီး ကျွန်တော်ရော ယောက်ခမပါ နိုးလာကြတဲ့အထိ သူကမထသေးဘူး။ အလုပ်တူတူလုပ်တဲ့ သူ့အမတစ်ယောက်လဲ အဲဒီလမ်းလျှောက်ပွဲအတွက် ညကတည်းက လာအိပ်တယ်လေ။ 
.
စလျှောက်မဲ့နေရာက UNDP ရုံးတွေနေရာဆိုတော့ ကျွန်တော်တို့အိမ်နဲ့ နီးတာကိုး။ UN, NGO အသိုင်းအဝိုင်းက လုပ်တဲ့ပွဲပေါ့။ သူတို့နှစ်ယောက် ဆူညံဆူညံနဲ့ ဝတ်စားပြင်ဆင်ပြီး ငါးနာရီ ဆယ်ငါးလောက်မှာ ထွက်သွားကြပြီးတော့ ကျွန်တော် ပြန်အိပ်လို့မရတော့ဘူး။ သူတို့တွေကန်တော်ကြီးလမ်းပတ်လျှောက်တာနဲ့ AIDS ဝေဒနာရှင်တွေနဲ့ ဘယ်လိုပတ်သက်တယ်တော့ စိတ်ကူးကြည့်လို့မရဘူးဖြစ်နေတယ်။ သားလေးက နိုးတော့မလိုလူးလွန့်နေတာနဲ့ နို့တစ်ဗူးဖျော်ပြီး တိုက်လိုက်သေးတယ်။ ကိုယ်တော်က အိပ်ယာမနိုးပဲတစောင်းလေးအိပ်ရင်း နို့ဗူးကို သုံးပုံနှစ်ပုံလောက်စို့လိုက်တယ်။ 
.
ပြီးတော့ ကော်ဖီလေးတစ်ခွက်ဖျော်သောက်ရင်း မြို့ထဲ ဆိပ်ကမ်းသာလမ်းထဲက ဒေါ်ညိုမုန့်ဟင်းခါးလေး သွားစားချင်စိတ်တွေပေါ်လာတာနဲ့ အိမ်ကထွက်လာခဲ့တယ်။ လမ်းထိပ်ရောက်တော့ ကန်တော်ကြီးကို ပတ်ပြီး လမ်းလျှောက်နေကြ ပြေးနေကြတဲ့လူတွေအများကြီးပဲ။ ဒါနဲ့ကိုယ်လဲလမ်းလျှောက်ချင်စိတ်ပေါ်လာတာနဲ့ ကန်တော်ကြီးထဲဝင်ပြီး ရေပေါ်သစ်သားလမ်းလေးဆုံးတဲ့အထိ ခပ်သွက်သွက်လျှောက်လိုက်တယ်။ အား.... အေးစိမ့်စိမ့်အခြေအနေလေးမှာ လေကောင်းလေသန့်ရှူပြီး လျှောက်ရတာကောင်းလိုက်တာ။ 
.
သစ်သားတံတားအဆုံးအပေါက်ကထွက်ပြီး သိမ်ဖြူတင်းနစ်ကွင်းနားအထိလျှောက် .... လာတဲ့ဘတ်စ်ကား တက်စီးပြီး မြို့ထဲကို ထွက်လာတယ်။ ဒေါ်ညိုဆိုင်မှာ မုန့်ဟင်းခါးကို ဘဲဥ၊ ငါးဖယ်၊ မန်းကြော်ထဲ့ပြီး တစ်ပွဲစားတယ်။ နောက်ပြီး ဟင်းရည်နဲ့ မန်းကြော်တစ်ခုထပ်စားဖြစ်တယ်။ အိုး ...တယ်ကောင်းပါလား ... လာမစား ဖြစ်တာတောင်ကြာပေါ့။ ပြီးတော့ အိမ်ပြန်ဖို့ မြို့တော်ခန်းမဖက် လျှောက် လာရင်း လက်ရွေးစဉ်မှာ ကော်ဖီတစ်ခွက် ထပ်သောက်လိုက်သေး။ လှုပ်လှုပ်ရှားရှားလုပ်လိုက်လို့လားမသိ လူက ပေါ့ပါးနေသလိုပဲ။ နောက်ရက်တွေလဲ စောစောလေးထပြီး လမ်းလျှောက်နိုင်အောင် ၀ိရိယလေးထားကြည့်ပါဦးမယ်။ အအိပ်ကလည်း မက်သကိုး ......

Thursday, December 4, 2008

HTC လေး လိုချင်လိုက်တာ ...














ပုံထဲက HTC Touch HD ဆိုတဲ့ Handset လေးကို အရမ်းသဘောကျနေတယ်။ ဒါပေမဲ့ စျေးနှုန်းက USD1000 နားကပ်နေတယ်။ ဒီလောက်ပိုက်ပိုက်တွေ အများကြီးသုံးပြီးတော့ ဝယ်ဖို့တော့ လောလောဆယ် စိတ်မကူးမ ိပါဘူး။ ဒီပိုက်ဆံနဲ့ဆို Notebook ကောင်းကောင်းတစ်လုံးတောင် ဝယ်လို့ရနေပြီ။ အချိန်နည်းနည်း ထပ်စောင့်လိုက်ရင် စျေးကျသွားမယ် ထင်ရတာပဲ။ ရန်ကုန်မှာတော့ HTC Touch Diamond အထိ ဝယ်လို့ရနေပြီ။  
.
အခုရက်ပိုင်းမှာ EMBAက သူငယ်ချင်း တစ်ယောက်ရဲ့ HP iPQA လေးကို configure လုပ်၊ contacts တွေ ပြောင်းထည့်ပေးရင်းနဲ့ PDA phone မျိုး ကိုင်မလား စိတ်ကူးမိတာပါ။ Nokia ကလည်း N96 ထွက်တာမှ သိပ်မကြာသေးဘူး N97 ဆိုပြီး အသစ်ကို ကြေငြာပြီ နောက်နှစ်ထဲမှာ ရတော့မယ် တဲ့။ သူက Touch screen အပြင် keyboard ပါပါမယ်။ memory က 32GB Samgsung က Omina ဆိုတာလေးလဲ မဆိုးဘူး။ 
.
PDA features တွေပါတဲ့ handset သုံးချင်တယ်ဆိုရင် Apple iPhone .... HTC Touch HD ... Samgsung Omina..... အခုထွက်လာမဲ့ Nokia N97 ..... HP iPAQ တစ်လုံးလုံး ...... ဘယ်ဟာဝယ်ရင်ကောင်းမလဲ စဉ်းစားနေတယ်။ လောလောဆယ် ပုံကြည့် Spec ဖတ်ပြီး အကြိုက်ဆုံးဖြစ်နေတာက HTC ပေါ့။ Sambian OS နဲ့ Windows Mobile ဘယ်ဟာပိုကောင်းမလဲ ... Word, Excel ရိုက်လို့ရတာ၊ PDF ဖတ်လို့ရတာမျိုးလဲပါချင်တယ်။ Wi-Fi နဲ့ browsing ကောင်းကောင်းရတာမျိုးလဲဖြစ်ချင်တယ်။ အဓိက မြန်မာပြည်မှာ သုံးမှာဆိုတော့ လိုင်းမိဖို့လဲလိုတာပေါ့ ..... အပေါ်ကပြောခဲ့တဲ့ handsetတွေ သို့ အလားတူ PDA Smart Phoneတွေ သုံးဖူးသူများ အကြံပေးကြပါဦး ......

Monday, December 1, 2008

Chelsea 1 - 2 Arsenal















Chelsea ကို သူ့ရဲ့ကွင်းမှာ နိုင်လိုက်တာ Arsenal အတွက် အများကြီး စိတ်အားတက်စရာ ဖြစ်သွားတာပေါ့။ မနေ့ညက Arsenal ကစားသမားတွေ တကယ့်ကို စိတ်ဓါတ်အပြည့်နဲ့ အားထည့်ပြီး ကစားကြတာကို သတိထားမိတယ်။ ကံမကောင်းစွာနဲ့ Di Joru ရဲ့ own goal နဲ့ Chelsea ကို အဖွင့်ဂိုးပေးလိုက်ရပေမဲ့ နှစ်ဂိုးလိုက်သွင်းပြီး အနိုင်ကစားနိုင်ခဲ့တယ်။ ဒီလို ခြေစွမ်းနဲ့ စိတ်ဓါတ်လေးကို ထိန်းထားဖို့လိုမယ်။

Friday, November 28, 2008

ဘွားဘွားနဲ့ မြေးလေး

သားလေးရက်တစ်ရာပြည့်အဖြစ် မိသားစုတွေ စုပြီး စားကြ သောက်ကြတုန်းက ကျွန်တော့်အမေကို သူ့မြေးနဲ့ အမှတ်တရ ရိုက်ပေးထားတာ။ သားက အဝတ်အစားအသစ်တွေနဲ့ ပဲနဲ့ပေါ့။ အမေကတော့ သူ့စတိုင်အတိုင်း အေးအေးချမ်းချမ်း ခပ်ပြုံးပြုံးနဲ့ ... 
















အမေငယ်ငယ်တုန်းက ဘွဲယူတုန်းက ပုံလေးကို လည်း တင်ထား လိုက်တယ်။ အမေတောင်အတော့ကို အိုသွားပါရောလား။ ကျွန်တော် သုံးလသား အရွယ် လောက်တုန်းက ချီပြီးရိုက်ထားတဲ့ ပုံလေးတွေရှိသေးတယ်။ နောက်မှ အဲဒီပုံလေးတွေ တင်ဦးမယ် ...လောလောဆယ် scanner မရှိလို့။

Thursday, November 27, 2008

December - ခရီးသွားလ

ဒီနှစ် ဒီဇင်ဘာကတော့ ခရီးသွားလ ဖြစ်နေပြီထင်ပါ့။ ဒီဇင်ဘာလအစမှာ malaysia KL ကို IT-PEC Exam Question formulation meeting သွားရဖို့ဖြစ်လာတယ်။ ဒီကနေ 2nd Dec ထွက်ရမယ်။ Meeting က သုံးရက်။ ပြီးရင် 6th Dec ပြန်ရမှာပေါ့။ ဒါနဲ့ သူများစရိတ်နဲ့ အပြင်ထွက်ရတုန်း ခြင်္သေ့ကျွန်းကလေးကို ဝင်လည်မလား စိတ်ကူးပေါ်လာတယ်။ ဒါနဲ့ လေယာဉ်လက်မှတ်အပြန် Date ကို သွားပြောင်းကြည့်တာ ရသွားတယ်။ (များသောအားဖြင့် အစည်းအဝေးခေါ်တာမျိုးအတွက်ဆို air ticket က date fixed လုပ်ထားတတ်လို့) အပြန်ရက်ကို 10th Dec ကိုရွှေ့လိုက်တယ်။
5th Dec မှာ အလုပ်ကိစ္စတွေပြီးရင် 6th night မှာ Bus နဲ့ စလုံးဖက်ကို သွားလည်မယ်။ 9th nightမှ စလုံးကပြန်မယ်။ လာတည်းဖို့ ဖိတ်ထားတဲ့သူလဲ နှစ်ယောက်ရှိပြီ။ ဘီယာတိုက်မဲ့သူကလည်းအသင့်။ Air ticket က route တော့ ပေးမပြောင်းဘူး။ ဒါကြောင့် စလုံးက အပြန်မှာ KL ကို Bus နဲ့ပြန်သွားပြီး လေယာဉ်ပြန်စီးရမယ်။ Google map မှာ ကြည့်တော့ လေဆိပ်က မြို့ပြင်မှာ။ Busနဲ့ အပြန်မှာ KL မြို့ထဲအထိ မလိုက်တော့ပဲ လေဆိပ်နဲ့ အနီးဆုံးနေရာတစ်ခုမှာဆင်းပြီး Taxi ငှားတာမျိုးလုပ်ရင်ရမလားမသိဘူး။ ရောက်မှပဲ မီးစင်ကြည့်ကကြတာပေါ့။ 10th Dec ရန်ကုန်ပြန်ရောက်ပြီး သိမ်မကြာခင် 13th မှာ မန္တလေးတက်ရမယ်။ Yadanarbon Cyber City, Pyi Oo Lwin မှာလုပ်မဲ့ ICT Week မှာ Programming ပြိုင်ပွဲသွားလုပ်ပေးရဦးမယ်။
အဲ ... ဒါပေမဲ့လောလောဆယ် Bangkok လေဆိပ်တွေ ပိတ်နေတယ်။ လေးငါးရက် ကြာနိုင်တဲ့သဘောမှာရှိတယ်။ မလေးကိုသွားဖို့ လက်မှတ်ကို BKK Transit နဲ့ဝယ်ပေးထားတယ်။ ကောင်းရော။ အခုလောလောဆယ် TG Flight တွေ ရန်ကုန်ရောက်မလာဘူးဆိုတော့ သူတို့ လေယာဉ်လက်မှတ်ကို ပြန်မပြောင်းပေးရင် သွားရမဲ့ရက်မှာ TG မလာသေးရင်တော့ ဒီခရီးစဉ်ပျက်ပြီပေါ့။ မသိသေးဘူး စောင့်ကြည့်တာပေါ့။ မိန်းမကတော့ မနေ့ညကပဲ အလုပ်ကိစ္စနဲ့ မော်လမြိုင်သွားလေရဲ့။ နှစ်ရက်လောက်တော့ကြာမယ်ထင်တယ်။

Friday, November 21, 2008

Undo လုပ်မရတော့ရင် ...

မနေ့ညနေက ၅နာရီခွဲလောက် ရုံးကပြန်ဖြစ်တယ်။ ထုံးစံအတိုင်း ဗဟန်းသုံးလမ်းမှာဆင်းပြီး ကိုယ့်တို့ ၂လမ်းထဲ ချိုးကွေ့ ဝင်လိုက်တယ် ဆိုရင်ပဲ လမ်းထိပ်နားက အိမ်တစ်အိမ်မှာ အသုဘ ကြော်ငြာသင်ပုံးလေး တစ်ခုကို တွေ့လိုက်တယ်။ မောင်ဘယ်သူ.... အသက်(၂၉) ဆိုတာကို တစ်ချက် လှမ်းတွေ့လိုက်တယ်။ လမ်းဆက်လျှောက်လာရင်း ... အော် ငယ်သေးတာပဲလို့ စိတ်ထဲတွေးမိတယ်။ 
.
လေးငါးအိမ်ကျော်တော့ နောက်ထပ် သင်ပုံးလေး တစ်ခုတွေ့ပြန်ရော။ ကွယ်လွန်သူက လူငယ်အမျိုးသားပဲ အသက်က ၂၅နှစ်တဲ့။ စိတ်ထဲတော့ ... ဘဲနှယ် တိုက်တိုက်ဆိုင်ဆိုင် လမ်းထဲမှာ လူငယ်လေးတစ်နှစ်ယောက် တစ်ချိန်တဲ့ သေသွား ကြပါလားပေါ့။ ကိုယ်နေတဲ့ တိုက်နားရောက်တော့ နောက်ထပ်နာရေးတစ်ခု ထပ်တွေ့ပြန်ရော။ ဒါလဲ လူငယ်လေးပဲ။ တိုက်ဆိုင်မှုရှိတာသေချာသွားပြီ။ ကွယ်လွန်တဲ့ရက် နောက်ဆုံးတွေ့တဲ့ နှစ်ယောက်မှာ တူနေတယ်ဆိုတာ စိတ်က သတိပြုမိလိုက်တယ်။
.
 ညပိုင်း dinner appointment တစ်ခုရှိသေးတာနဲ့ အိမ်ပေါ်တက်၊ ရေမိုးချိုးပြီး အဝတ်လဲ၊ သားလေးကို ခဏထိန်းပေးပြီး အိမ်ကပြန်ထွက်ခဲ့တယ်။ ချိန်းထားတာက အင်းယားလမ်းထိပ်က Friendship ဆိုတော့ ရေတာရှည်လမ်းဖက်ကထွက်မယ်ဆိုပြီး ဗဟန်းသုံးလမ်းဖက်ကို ချိုးကွေ့လိုက်တော့ နောက်ထပ် နာရေးတစ်ခု။ အသက် ၁ရနှစ်လူငယ်လေးပဲ။ ဘုရားရေ လေးယောက်တောင် တစ်ရက်ထဲသေသွားကြတယ်? တိုက်ဆိုင်တာတော့ လုံးဝမဖြစ်နိုင်တော့ဘူး။ ဒါနဲ့ Taxi မငှားတော့ပဲ။ ဆိုက်ကားလေး ငှားစီးသွားရင်း ဆိုက်ကားဆရာကို အကျိုးအကြောင်းမေးကြည့်မိတယ်။
.
 Car Accident ဖြစ်ပြီးဆုံးတာတဲ့။ နိုင်ငံခြားကပြန်လာတဲ့တစ်ယောက်က သူ့သူငယ်ချင်းငါးယောက်ကို ပြုစုရင်းစားကြသောက်ကြ မူးကြရမ်းကြ... အသေးစိတ်တော့မမေးမိတော့ဘူး။ အပြန်မှာ တာမွေနဲ့ ရွှေဂုံတိုင်သွားတဲ့လမ်းမှာ ငါးထပ်ကြီးဘုရားအကျာ် ဗံဒါပင်မှတ်တိုင်နားမှာ ဓါတ်တိုင်ကို ဝင်တိုက်သတဲ့ ဘယ်လောက်တောင် အရှိန်ပြင်းအောင်မောင်းလာတယ်မသိ ဓါတ်တိုင်လဲကျိုးကျ..... အဲဒီထဲက တစ်ယောက်က အဲဒီနေရာတင် ပွဲချင်းပြီး သေသတဲ့။ ကျန်တဲ့သုံးယောက်က ဆေးရုံရောက်မှ သေတာ။ သေတာက လေးယောက် ။ ကျန်ခဲ့တဲ့နှစ်ယောက်ကလဲ တစ်ယောက်က ဦးနှောက်အာရုံကြောဌာနမှာ အတွင်းလူနာ၊ ကျန်တစ်ယောက်က အရိုးအကြောမှာ အတွင်းလူနာ ..... ဖြစ်ရလေ။ 
.
သောက်စားပျော်ပါးကြသည်အထိ ဘာမှမဖြစ်သေး။ ကားကို အန္တရယ်ဖြစ်လောက်အောင် ဘယ်လောက်တောင် မြန်မြန်မောင်းလိုက်တယ်မသိ။ အဲဒီလိုလေးမောင်းလိုက်ရတာကလဲ ဘယ်လောက် စိတ်ကျေနပ်ပျော်ရွှင်ခဲ့သလဲမသိ။ အအေးတိုက်ကို လိုက်မေးကြည့်ရမလို ဖြစ်နေပြီ။ တစ်ခါတစ်လေ လူ့ဘဝမှာ ဘာမဟုတ်လာလေးနဲ့ undo လုပ်လို့မရတဲ့ အဖြစ်အပျက်တွေ ဝမ်းနည်းဖွယ် ကြုံတဲ့အခါ ... အများကြီး အများကြီးကို ဆုံးရှုံးကြရတာပဲ။
.

(စာကြွင်း။ ဆိုက်ကားသမားပြောပြတုန်းက ဖြစ်တဲ့နေရာက မှားနေတယ်။ တကယ်ဖြစ်သွားတာက ကမ္ဘာအေး ဘုရားလမ်းအတိုင်း ရွှေဂုံတိုင်ဂုံးဆင်းက ပထမ မီးပွိုင့်အကျော်လေးမှာ။ S'pore သံရုံးနားပေါ့။ အဲဒီသတင်းက Voice ဂျာနယ်မှာလဲပါလာတယ်။ အသုဘက အမျိုးသားနေကချတာ။ ဘာပြောကောင်းမလဲ လေးယောက် တစ်ရက်ထဲဆိုတော့ တစ်လမ်းလုံး စည်ကားနေတာပေါ့။)

Thursday, November 20, 2008

Colorful themes in Gmail



















ဒီမနက် mail စစ်တော့ Gmail မှာ Theme ဆိုတာလေး တိုးနေတာ သတိပြုမိလို့ ကြည့်မိတယ်။ Color နဲ့ Themeကို ရွေးစရာတွေ အများကြီး ပေးထားတယ်။ iGoogle မှာလိုပဲပေါ့။ ကိုယ့်ရဲ့ နိုင်ငံမြို့ရဲ့ time zone နဲ့ လိုက်ပြီး ရာသီဥတု၊ နေထွက်ချိန် နေဝင်ချိန် အလင်းအမှောင် အနုအရင့် အရောင်လေးတွေ ပြောင်းပေးတဲ့ theme တွေလဲရှိတယ်။ ဘာရယ်မဟုတ်ဘူး ဆော့စရာတစ်ခုတိုးတာပေါ့။ :)

ချိုတေးသံ လေမှာစဲသော်လည်း

ချိုတေးသံ လေမှာစဲသော်လည်း မှတ်သညာ ၀ိဉာဏ်ထဲမှာ လှိုုင်းခွပ်ဆဲ ဂီတယဉ်။ မန်းမာလာ ရော်ကာညှိုးသော်လည်း ရနံ့ငယ်ထုံ အခိုးရယ်က လှုံ့နှိုးရာ အာရုံတွင်းမှာ သင်းစံလျက်ပင်။ နှင်းဆီကြွေ ဇီဝိန်ကင်းသော်လည်း ပွင့်လွှာရွှေခြွေ သန့်ရှင်းပါလို့ ဖြန့်ကျင်းပုံခဲ့ မွေ့ရာပြင် ချစ်ကြင်သူ့ စက်ရာခင်း။ ။ သြော... မင်းလျှင်လေ ကိုယ့်ထံမှောက်က ကွယ်ပျောက်ဘယ်ဆီ ဝေးသော်လည်း အတွေးမှာဖြင့် စက်ပျော်ရွှင် အချစ်လျင် ရင်မှာမှိန်းလို့ ကိန်းစံလျက်မင်း။ ။
.

 Music, when soft voices die, Vibrates in the memory - Odours, when sweet violets sicken, Live within the sense they quicken. Rose leaves, when the rose is dead, Are heaped for the beloved's bed; And so thy thoughts, when thou art gone, Love itself shall slumber on. (Shelley)

Monday, November 17, 2008

ဘာလဲ ဘယ်လဲ Arsenal














Arsenal အသင်းအနေနဲ့ အခုနှစ် ဘောလုံးရာသီစကတည်းက key player တွေ အသင်းပြောင်းသွားခဲ့ပြီး ထိထိ ရောက်ရောက် ကစားသမားတွေ ပြန်လည် ဖြည့်တင်းမှု မပြုလုပ်ခဲ့ဘူး။ မန်နေဂျာကြီး အနေနဲ့ သူ့ရဲ့ လူငယ်ကစားသမား လေးတွေကို ယုံကြည်မှု လွန်ကဲခဲ့တယ်ပဲ ပြောရမလား။ ရလဒ် အနေနဲ့က အခုထိ 13ပွဲ ကစားပြီးချိန်မှာ 4ပွဲ ရှုံးခဲ့ပြီ။ Fulhamကို ရှုံးတယ်။ တန်းတက်အသင်းနှစ်သင်းဖြစ်တဲ့ Hull City နဲ့ Stoke City နှစ်သင်းလုံးကို ရှုံးတယ်။ အခုနောက်ဆုံးပွဲမှာ Aston Villa ကို နှစ်ဂိုးပြတ်ရှုံးတယ်။ 
.
အမှတ်ပေးဇယား ထိပ်ဆုံးက Chelsea နဲ့ Liverpool တို့က တစ်ပွဲဆီပဲ ရှုံးကြသေးတယ်။ ManU နှစ်ပွဲရှုံးရှာမှာ အသင်းကြီးနှစ်သင်းဖြစ်တဲ့ Liverpool နဲ့ Arsenal ကို ရှုံးခဲ့တာဖြစ်တယ်။ ဒါပေမဲ့ Carling Cup ပြိုင်ပွဲမှာ လူငယ်ကစားသမားအများစုနဲ့ Wigan အသင်းကို သုံးဂိုးပြတ်အနိုင်ယူခဲ့တယ်။ ပြီးတော့ ဒဏ်ရာ ပြဿနာတွေ ရှိနေတဲ့ကြားက မဟာပြိုင်ဖက် ManU ကို သူ့အိမ်ကွင်းမှာ အံ့မခန်း အနိုင်ယူပြလိုက်တော့ အာဆင်နယ် ပရိသတ်တွေက လက်ခုပ် တဖြောင်းဖြောင်းနဲ့ပေါ့။ 
.
ပီတိတွေဖြစ်လို့ ... ငါ့တို့အသင်းက ဒီလောက်လဲမဆိုးသေးပါဘူးပေါ့။ ချီးမွမ်းလို့မှ မဆုံးသေးဘူး ဒီတစ်ပတ်မှာ Aston Villa ကို ကိုယ့်အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ ရှုံးပြလိုက်ရော။ အင်း ... ဒုတ်ခ အဲဒီလို တစ်နေ့ရွှေ တစ်နေ့ငွေနဲ့ ခြေစွမ်းမမှန်ရင် ဒီနှစ်မှာ ဆုဖလားတွေရဖို့နေနေသာသာ နောက်နှစ်အတွက် Champions League ဝင်ခွင့်ရနိုင်ဖို့တောင် အသည်းအသန် ကြိုးစားရမယ်ထင်တယ်။ ဇန်နဝါရီလ အပြောင်းအရွှေ့စျေးကွက်မှာ ဝင်ဂါးကြီးတစ်ယောက် လူထပ်ထည့်ဖို့ စိတ်ကူးရှိဦးမလားဆိုတာ စောင့်ကြည့်ရဦးမယ်။

Saturday, November 15, 2008

European film festival in Yangon

နှစ်စဉ်ကျင်းပနေကြ European film festival ကို ရန်ကုန်မြို့လယ်က နေပြည်တော်ရုပ်ရှင်ရုံမှာ Nov. 15 to 22 ပြုလုပ်မှာဖြစ်ပါတယ်။ ထုံးစံအတိုင်း ဂျာမနီ၊ အီတလီ၊ ပြင်သစ် နဲ့ ဗြိတိန်နိုင်ငံတို့က တစ်နိုင်ငံကို နှစ်ကားနှုန်းနဲ့ ပြသမှာပါ။ တစ်နေ့ကို နှစ်ကားနဲ့ ဇာတ်ကားတိုင်းကို နှစ်ကြိမ်ပြသပါတယ်။ လက်မှတ်တွေကိုတော့ အထက်ပါနိုင်ငံများရဲ့ သံရုံးများမှာ သွားရောက်ထုတ်ယူနိုင်ပါတယ်။ 
.
ဇာတ်ကားတွေက သက်ဆိုင်ရာနိုင်ငံရဲ့ဘာသာစကားပြောဖြစ်ပြီး English စာတမ်းထိုးပါတယ်။ တစ်ချို့ကားတွေဆို ဘာသာစကား နှစ်မျိုးသုံးမျိုးတောင်ပြောသေးတယ်။ ဒီနှစ်အတွက် ဇာတ်ကားတွေက - "The Counterfeiters" and "Grave Decisions" from Germany "The Son's Room" and "The Land" from Italy, "Life in Pink" and "Could This be love" from France and "Stardust and "Miss Potter" from Britain. ဘယ်နေ့ဘယ်အချိန်မှာ ဘာကားပြမယ်ဆိုတာတော့ အသေးစိတ်မသိသေးပါဘူး။
.
 မြို့ထဲရောက်ရင် နေပြည်တော်ရုံမှာ သွားကြည့်ရင်တော့ သိနိုင်ပါလိမ့်မယ်။ European Film festival တွေကို နှစ်တိုင်းလိုလို ကြည့်လာခဲ့တာ။ UFLမှာ ပြင်သစ်စာ ဒီပလိုမာသင်တန်းတက်နေတဲ့ ၁၉၉၉ခုနှစ်လောက်ကတည်းကပဲ။ သမတရုံမှာလည်း ကြည့်ဖူးတယ်။ နဝဒေးရုံမှာလည်း သွားကြည့်ဖူးတယ်။ ပြတဲ့ကားတွေက ဘယ်လိုမှ ပိုက်ဆံပေးကြည့်မယ်ဆိုရင်တောင် ကြည့်လို့မရနိုင်တဲ့ကားမျိုးတွေ။ ရုပ်ရှင်ရူး ကျွန်တော်မျိုးကြီးကတော့ ဒီလို ဇာတ်ကားမျိုးလေးတွေ ရန်ကုန်မှာ ကြည့်နိုင်အောင် ပြပေးတာကိုပဲ တကယ်ကို ကျေးဇူးတင်ပါတယ်။

Friday, November 14, 2008

Consumer Behavior နဲ့Super coffeemix

Consumer Behavior ဆိုတဲ့ဘာသာရပ်ကို ကျွန်တော် တော်တော်လေးကို စိတ်ဝင်စားတယ်။ EMBA သင်တန်းမှာတုန်းက သင်ပေးတဲ့ ဆရာမကလည်း Dr. Daw Khin San Ye လေ။ ဆရာမကလည်း ဒီဘာသာရပ်ကို ရှင်းပြတာ သင်ပြတာ ဥပမာလေးတွေနဲ့ ရှင်းကနဲ လင်းကနဲပဲ။ 

ကိုယ်ကသာ စာကြိုဖတ်သွားရင် စာအုပ်ထဲမှာမပါတဲ့ ဆက်တွေးစရာတွေ စဉ်းစားစရာတွေ ဆရာမကြီးဆီက အများကြီးရတယ်။ လူတွေ ဘယ်အချိန်မှာ ဘာပစ္စည်းတွေဝယ်တယ်။ ဘယ်မှာဝယ်တယ်။ ဘယ်လောက်ကို တစ်ကြိမ်ဝယ်တယ်၊ ဘာကြောင့်ဝယ်တယ် စသည် စသည် တို့ကို လေ့လာတဲ့ဘာသာရပ်ပေါ့။ သူက psychology, sociology, sociopsychology, anthropology and economics စတာတွေနဲ့လည်း အများကြီးဆက်စပ်နေတယ်။ buyer decision processes ဆိုတာကို အသေးစိပ်လေ့လာတာလည်းပါတယ်။ ဒါလေးက Wiki က ကူးထားလိုက်တာ။

Stage Brief description
Problem recognition The consumer perceives a need and becomes motivated to solve a problem. Motivation
Information search The consumer searches for information required to make a purchase decision Perception
Information evaluation The consumer compares various brands and products Attitude formation
Decision The consumer decides which brand to purchase Integration
Post-purchase evaluation The consumer evaluates their purchase decision Learning



ပြဿနာတစ်ခု လိုအပ်ချက်တစ်ခုခုရှိလာတာကို သတိပြုမိလာပြီး ဖြေရှင်းဖို့ product (or) Services တစ်ခုခုကို ဝယ်ဖို့လိုအပ်တယ်ဆိုတာကို လက်ခံလိုက်တယ်။ ပြီးရင် အဲဒီ ပစ္စည်း (သို့) ဝန်ဆောင်မှုကို ဝယ်ယူဖို့ စုံစမ်းမှုတွေလုပ်တယ်။ ဘယ်မှာရလဲ ဘယ်လို quality နဲ့ စျေးတွေက ဘယ်လောက်တွေလဲ စသည်ဖြင့်ပေါ့။ ပြီးရင် အဲဒီ choice တွေထဲက ဘယ်ဟာကို ဝယ်မယ်ဆိုတာကို ဆုံးဖြတ်တယ်။ ဝယ်သုံးပြီးချိန်မှာ ပေးရတဲ့စျေးနဲ့ ရရှိတဲ့ဝန်ဆောင်မှု၊ ပစ္စည်းရဲ့အရည်အသွေးစသည်တို့ကို ပြန်သုံးသပ်တယ်။ အဲဒီသုံးသပ်ချက်ကနေမှ အဲဒီ ပစ္စည်း (သို့) ဝန်ဆောင်မှုကို နောက်တစ်ခေါက် ထပ်ဝယ်သုံးမယ် မသုံးဘူးဆိုတာကို ဆုံးဖြတ်မယ် ..... အင်မတန်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်။ 
.
နေဦး ပြောနေရင်းနဲ့ ပြောချင်တဲ့လိုရင်းကို မရောက်ဘူးဖြစ်နေပြီ။ တစ်ရက်မှာ ဘယ်ကို သွားရင်းနဲ့လဲမသိဘူး လမ်းဘေးမှာ board အကြီးကြီးတစ်ခုတွေ့တယ်။ ပျော့ပျော့သောက်ချင်ရင် ရေပဲသောက်ပါတဲ့။ ဘာကြီးလဲဟဆိုပြီး ဆက်ကြည့်တော့ Super CoffeeMix တဲ့။  ဘာ message ပေးချင်တာလဲ။ သူ့ကော်ဖီမစ်က ပြင်းတယ်လို့ ပြောချင်တာလား။ ကော်ဖီပျော့ပျော့ ကြိုက်တတ်တာ အပြစ်ကြီး တစ်ခုလား။ ကော်ဖီပျော့ပျော့ သောက်တတ်သူများကို ရေပဲ သောက်ပါတော့ဗျာဆိုပြီး အသားလွတ်စော်ကားတာလား။ ဘယ်လို marketing strategy တွေနဲ့ ဒီလို negative ဆန်တဲ့ message ကိုပေးပါလိမ့်။ 
.
Target customer ကဘယ်သူတွေလဲ .. ဘာ message ပေးချင်တာလဲ။ ဒီတစ်ကြိမ်မှမဟုတ် အရင့်အရင်က message များကလည်း သိပ်တော့ ပုံမကျလှ။ ကိုယ်က သိပ်တတ်နေတဲ့ဆရာကြီးမဟုတ်ပေမဲ့ လွဲနေတယ်ဆိုတာကိုတော့ မြင်မိသား။ ကော်ဖီပျော့ပျော့ကြိုက်ရင် ရေသာသောက်လိုက်ပါတော့ ဆိုတာကတော့ စားသုံးသူများကို အသားလွတ် စော်ကားမှုကြီးပေပဲ။ ကိုယ့် အနံအရသာ ကိုယ့်အဆင်အပြင် ကိုယ့် ရပ်တည်မှုနဲ့ကိုယ်နေပေါ့။ စားသုံးသူက ကြိုက်ရာရွေးဝယ်ကြလိမ့်မယ်ပ။ Super ရဲ့ Sales and Marketing အကြီးအကဲကတော့ တကယ့်ကို ဉာဏ်ကြီးရှင်ပါပဲ။






Thursday, November 13, 2008

Heroes season 3 showing on Star World

Heroes TV ဇာတ်လမ်းတွဲရဲ့ Season 3ကို Star World TV line က အရင်အပတ် ကြာသပတေးနေ့ညက စတင်ပြသနေပါပြီ။ ဒီနေ့ (ကြာသပတေး)က ဒုတိယနေ့ပေါ့။
Heroes season 1 က တဟုန်ထိုး နာမည်ကြီးသွားပေမဲ့ Season 2 က ဇာတ်လမ်းတွဲက လည်းတိုပြီး season 1 လောက်လဲ မကောင်းတာကြောင့် ကြည့်တဲ့သူတွေ အားမလိုအားမရ ဖြစ်ခဲ့ကြရပါတယ်။ အခု Season 3 စတင်ပြသနေပါပြီ။ ဘယ်လောက်ကောင်းမှာလဲဆိုတာကိုတော့ စောင့်ကြည့်ကြတာပေါ့။
Season 2 အဆုံးမှာ Sylar က သူ့ရဲ့ power တွေ ပြန်ရနေပါပြီ။ episode အဖွင့်မှာ Claire က Peter ကိုသတ်ဖို့ကြိုးစားနေပါတယ်။ သူ့အကို Nathan က သူ့စွမ်းအားတွေအကြောင်း ဖွင့်ဟကြေငြာခဲ့တယ်ဆိုတဲ့ အတိတ်အဖြစ်အပျက်ကို ပြန်ပြောင်းဖို့ Peter က အနာဂတ်ကနေပြန်လာတာပါ။
Hiro တစ်ယောက်က သူ့အဖေရဲ့ corporation မှာ အကြီးအကဲဖြစ်နေပါပြီ။ သူ့အဖေသူ့အတွက်ထားခဲ့တဲ့ video တစ်ခုထဲမှာ မီးခံသေတ္တာထဲက ပစ္စည်းတစ်ခုကို ဖွင့်မကြည့်ပဲ ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ ပြောထားပါတယ်။ ဖွင့်ကြည့်ရင် ကမ္ဘာကြီးအတွက်ဘေးအန္တရယ်ရှိတယ်တဲ့။ Hiro ကဖွင့်ကြည့်ရာမှာ အင်မတန် မြန်တဲ့ ကောင်မလေးတစ်ယေက်က အဲဒီ Chemical formula တစ်ပိုင်းပါတဲ့စာရွက်ကို လုယူသွားပါလေရော။
Nathan တစ်ယောက်က ငါးစက္ကန့်လောက်သေသွားပေမဲ့ ပြန်ရှင်လာပြန်ရော။ Season 2 မှာ သေသွားပြီဖြစ်တဲ့ Linderman ကလည်း ပြန်ပါလာပါတယ်။ Sylar က Claire က ရှာတွေ့သွားပြီး ဦးခေါင်းခွံကို ခွဲလို့ သူမရဲ့ healing power တွေကို စုပ်ယူသွားပါတယ်။ Claire ကိုတော့ သတ်မသွားဘူး။
မည်သို့မည်ပုံ ဖြစ်သည် မသိ ရဲအရာရှိ Matt တစ်ယောက် အာဖရိကတောနက်ကြီးထဲရောက်သွားပြီး အနာဂတ်ကို ပုံဖော်နိုင်တဲ့သူတစ်ယောက်နဲ့ တွေ့လေရဲ့။ Dr Suresh က Maya နဲ့အတူရှိနေပါတယ်။ သူမကို ကုသပေးဖို့ပါ။ Dr. Suresh က super-power လူသားတွေကို ကုသပေးဖို့ သုသေသနလုပ်နေရာက ဘယ်သူ့ကို မဆို super power ပေးနိုင်တဲ့ ထိုးဆေးတစ်မျိုးကို နေ့ချင်းညချင်း ထွင်လိုက်ပြီး ကိုယ့်ဘာသာ ထိုးသွင်းစမ်းသတ်ပါလေရော ….
ဇာတ်လမ်းကို ဘယ်လိုဆက်ပြီး ဆင်ထားတယ်ဆိုတာတော့ ဆက်ကြည့်ရဦးမှာပေါ့။ ဘာပဲဖြစ်ဖြစ် season တစ်ခုကနေ နောက်တစ်ခု ရှာကြံပြီး ဇာတ်လမ်းဆင်လို့ လူတွေစိတ်ဝင်စားပြီး ဆက်ကြည့်ချင်နေအောင် လုပ်နိုင်တဲ့ ပညာကိုပဲ စိတ်ဝင်စားနေမိတယ်။ ကျွန်တော်တို့ဆီမှာ အဲဒီလို မြန်မာ TV series တစ်ခုမှမရှိသေးဘူး။ ကိုယ့်ဘာသာလေး စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ပြနိုင်ရင် ကိုးရီးယား၊ တရုတ် series တွေလိုပဲ ပရိသတ်အားပေးမှုရနိုင်တယ် ထင်မိတာပဲ။

ရေလိုက်မလွဲကြစေချင်ပါ

ပြီးခဲ့တဲ့အပတ်က Myanmar Computer Federation (MCF) ရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ် ဟောပြောပွဲတွေ မှာ speaker တစ်ယောက်အနေနဲ့ ဝင်ပြောဖြစ်တယ်။ အဓိက လာနားထောင်ကြတဲ့ ပရိသတ်က ကျောင်းပြီးခါစ၊ အလုပ်ဝင်ဖို့ ကြိုးစားနေတဲ့ (သို့) အလုပ်ဝင်ခါစ လူငယ်လေးတွေများတယ်။ အမေးအဖြေအချိန်မှာ သူတို့မေးမြန်းတာလေးတွေကို နားထောင်ရင်း ပြန်ဖြေပေးခဲ့ရင်း အခုဒီပို့စ်လေးကို ရေးချင်စိတ်ပေါ်လာမိတယ်။
.
ပထမတစ်ချက်။ ကလေးတွေကကိုယ်ဘာဖြစ်ချင်ကြတယ်ဆိုတာ မသဲကွဲဘူး။ ဥပမာ ကွန်ပျူတာ တက္ကသိုလ်ကနေ ကျောင်းပြီးလို့ ဘွဲ့ရခဲ့ပြီ။ software engineer ဖြစ်ချင်တာလား၊ networking လိုင်းဖက်ကို လိုက်ချင်တာလား၊ ဘာဖြစ်ချင်မှန်း ကိုယ့်ဘာသာ မသဲကွဲ။
.
နောက်တစ်ခု။ The art of learning .... သင်ယူခြင်းဆိုတာကို သင်တန်းတက်တာလောက်လို့ပဲ နားလည်နေတယ်။ သူများက ဇွန်းတပ်ပြီး ခွံ့ကြွေးတာကိုပဲခံချင်နေကြတယ်။ .Net သင်တန်းတက်မယ်။ ပြီးရင် ASP.Net တက်မယ်။ Java ဆက်တက်မယ်။ ကိုယ့်ဘာသာ အားထုတ်လေ့လာယူခြင်း ဆိုတာကို မတွေ့ရသလောက်ပဲ။ ကို်ယ့်ဘာသာ ပုံးဆွဲပြီး ရေခပ်မယ် ဆိုတာမျိုး တော်တော်ရှားတယ်။ 
.
ကိုယ်ရခဲ့တဲ့ ဘွဲ့ Degree အပေါ်မှာလဲ တန်ဖိုးထားခြင်းမရှိ။ ပြောရရင် ကွန်ပျူတာ တက္ကသိုလ်မှာ သင်ကြားပေးခဲ့တဲ့ ဘာသာရပ်တွေက အရမ်းကို ပြည့်စုံကောင်းမွန် ပါတယ်။ ဆရာတွေ ကောင်းကောင်း မသင်ပေးဘူးလို့ ပြောနေမဲ့အစား ကိုယ့်ဘာသာ အားထုတ်လေ့လာခဲ့သူ ဘယ်နှယောက်များ ရှိခဲ့လို့လဲ။ Program code တွေကို အလွတ်ကျက်ပြီး စာမေးပွဲဖြေကြသတဲ့။ အဲဒီprogram code တွေကို စက်ထဲထည့်ပြီး run ကြည့်ခဲ့ဖူးသူတောင် ရှိရဲ့လားမသိ။ စိတ်မကောင်းစရာပဲ။ ခေတ်အချိန်အခါပဲ မတူတော့တာလား။ ရုပ်ဝတ္ထုပစ္စည်းတွေ facility တွေတိုးတက်လာတာနဲ့အမျှ လူငယ်တွေရဲ့ စိတ်ဓါတ်တွေ ကြိုးစားချင်စိတ်တွေ အားထုတ်မှုတွေ ကျဆင်းသွားလေသလားမသိ။
.
ကလေးတွေက Programming logic တွေ technique တွေထက် tools တွေပေါ်မှာ ပိုပြီး အာရုံရောက်နေကြတယ်။ Visual Studio.net ဆိုတာကြီးကို သုံးတတ်တာနဲ့ programming technique တွေကို ပိုင်ပိုင်နိုင်နိုင်တတ်ကျွမ်းတာ တစ်ခြားဆီပဲဆိုတာ နားမလည်ကြဘူး။ Why ဆိုတာထက် how ကို လုပ်တတ်အောင် အလေးပေးနေကြတယ်။ language syntax တွေကို အလွတ်ရအောင်လုပ်နေကြတယ်။ Abstract class တစ်ခု ဘယ်လို ရေးရမလဲဆိုတဲ့ စာသားတွေကို အလွတ်မှတ်နေကြပြီး ဘယ်အချိန်ဘယ်လို condition တွေမှာ Abstract class ကို သုံးရတယ် ဆိုတာကို မသိကြဘူး။ ကျောင်းမှာ သင်တဲ့ဘာသာရပ်တွေထဲမှာ programming language and compiling technique ဆိုတဲ့ တစ်ဘာသာ ပါသားပဲ။ သိရောသိကြရဲ့လားမပြောတတ်။
.
သင်တန်းတက်ပြီးတာနဲ့ program တွေတစ်ခါတည်း ရေးနိုင်ပြီထင်နေကြတယ်။ လူသုံးလို့ရတဲ့ program တွေရေးဖို့ သက်ဆိုင်ရာ Field ရဲ့ domain knowledge လိုတယ်။ User requirement တွေကို လေ့လာရမယ်ဆိုတာမျိုးကို မသိကြဘူး။
.
ပြောနေရင်း ပြောနေရင်း ရင်မောတယ်။ တတ်နိုင်သလောက်တော့ ဒီလိုဟောပြောပွဲတွေပြောဖြစ်ရင် ကလေးတွေကို လမ်းမလွဲအောင်ပြောလို့ရသလောက်တော့ ပြောပေးနေတာပဲ။ 

Monday, November 10, 2008

Long time no post

အခုတလောမှာ ဘလော့ကို လှည့်မကြည့်ဖြစ်တာတောင် ကြာပြီ။ ပဲခူးနားက ရွာကို ဆွေမျိုးမိတ်သဂဟတွေရဲ့ ကထိန်ကိစ္စသွားနေတာရယ်။ ပြန်လာတော့လဲ ကွန်ပျူတာအသင်းတွေရဲ့ ဆယ်နှစ်ပြည့် Application Development ပြိုင်ပွဲတွေ၊ အစည်းအဝေး၊ ဟောပြောပွဲတွေ၊ ပြပွဲ .... ရှုပ်နေတာပဲ။
.
 နောက်တစ်ခုက ... အခုရက်ပိုင်းတွေမှာ အင်တာနက်ကြီးက ဘုရားစူးကို နှေးနေတာ browsing ကို မရဘူးဖြစ်နေတယ်။ တစ်ချို့ရက်တွေမှာဆို GTalk ပဲသုံးလို့ရတယ်။ ပြီးတော့ အရင် ကျော်ခွသုံးနေကြ US ကသူငယ်ချင်းအိမ်က ကိုယ့်ဂယ်ပေါက် proxy လေးက လည်းသုံးမရတော့ သူ့ဆီမှာတော့ proxy က run နေတယ်တဲ့။ ကိုယ်က ဒီကနေသုံးမရတော့ဘူး။ အခုမနက်လေးတင် အလုပ်ကိစ္စနဲ့ ကိုမောင်လှရဲ့ ရုံးကို ရောက်လို့ အကိုရေ ဒီလိုဒီလိုလေး ဝင်ရင်ဖြင့် ဘလော့ရေးလို့ရတယ်ဆိုလို့ အခုဝင်ရေးလို့ရတာ။

Monday, November 3, 2008

Maradona as Argentina manager ???

ဒီနှစ်ရက်သုံးရက်မှာ ကျွန်တော်စိတ်အဝင်စားဆုံး သတင်းကတော့ မာရာဒိုနာကို အာဂျင်တီးနား ဘောလုံးအသင်းရဲ့ မန်နေဂျာ ခန့်လိုက်ပြီဆိုတဲ့သတင်းပါပဲ။ စိတ်ထဲမှာ အီလည်လည်နဲ့ တော်တော့်ကို ဘဝင်မကျ ဖြစ်နေမိတယ်။ 
.
Good player ဖြစ်ခဲ့တိုင်း Good manager ဖြစ်မှာလား? ။ ကစားသမား ကောင်းဖြစ်ခဲ့ပြီး နည်းပြ မန်နေဂျာဘဝ ရောက်တော့ လည်း ဆက်လက်အောင်မြင် ကြတဲ့သူတွေ အများကြီးပါ။ ဥပမာ အားဖြင့် ဂျာမနီက ကလင်းစမန်း၊ ဟော်လန် နည်းပြကြီး ဘန်ဗက်စတန်၊ အခု Sunderland နည်းပြ မန်ယူအသင်းရဲ့ ခေါင်းဆောင်ဟောင်း ရွိုင်းကင်း ... စသည်ဖြင့်ပေါ့။ 

ဒါပေမဲ့ ဘောလုံး ကို ဖြစ်ဖြစ်မြောက်မြောက် မကစားခဲ့ပဲနဲ့လည်း လက်ရှိဘောလုံး လောကမှာ လျှမ်းလျှမ်းတောက် ထိပ်တန်း နည်းပြတွေရှိပေပါတယ်။ မော်ရင်ဟိုကတော့ အကောင်းဆုံး နမူနာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အသင်းကို ပဲ့ကိုင်ဦးစီးမဲ့ မန်နေဂျာရဲ့ အရည်အချင်းတွေထဲမှာ ဘောလုံး ကောင်းကောင်း ကန်တတ်ထာထက် အများကြီးပိုတဲ့ အခြားအချက်တွေရှိနေပါသေးတယ်။ ပထမဆုံး ကစားသမားတွေရဲ့ ချစ်ခင်ရိုသေမှု၊ လေးစားလိုက်နာမှု ဆိုတာအဓိကပေါ့။ 
.
ဖာဂူဆင်ကြီး သူ့အသင်းကို သြဇာညောင်းပုံကို သာဓကအနေနဲ့ မြင်နိုင်ပါတယ်။ လေးစားရိုသေလောက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ နမူနာကောင်းတွေ နေပုံထိုင်ပုံတွေလည်း လိုအပ်မယ်ထင်တယ်။ ပြီးတော့ ကစားသမားကောင်းတစ်ယောက်ကို လေးစားမှုနဲ့ အသင်းမန်နေဂျာအပေါ်လေးစားမှု ဆိုတာမတူဘူး လေ။ မန်နေဂျာဆိုတာက ဦးနှောက်နဲ့ အတွေ့အကြုံနဲ့ ဖြစ်လာတဲ့အခြေအနေအပေါ်မှာ ကိုယ့်ရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံးဖြစ်အောင်စီစဉ်ကြရတာ။ စိတ်ဖိအားလဲ အရမ်းများမယ်။ 
.
မာရာဒိုနာကို ကြည့်ကြရအောင် အာဂျင်တီးနားဘောလုံးအသင်းကို ဦးဆောင်ပြီး ၁၉၈၆မှာ ကမ္ဘာ့ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့တယ်။ အာဂျင်တီးနားပြည်သူတွေရဲ့ သူရဲကောင်းပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ drug ပြဿနာတွေ၊ စည်းမရှိကမ်းမရှီ ဗရမ်းဗတာနေထိုင်မှုတွေ၊ သတင်းထောက်ကို လေသေနတ်နဲ့ ပစ်တာမျိုးတွေ ..... အင်္ဂလန် အသင်းဖက်ကို လက်နဲ့ ရိုက်ပြီး ဂိုးသွင်းခဲ့တာကိုတောင် ဘုရားပေးသောလက်ဆိုပြီး တလွဲ ဂုဏ်ယူနေသေးတယ်။ အာဂျင်တီးနားက သက်ဆိုင်ရာတွေကလည်း ဘာကို မျှော်လင့်လို့များ မာရာဒိုနာကို မန်နေဂျာခန့်လိုက်သည်မသိ။ မာရာဒိုနာမှာ ဦးနှောက်ကိုသုံးပြီး management role ကနေ ဆောင်ရွက်ဖူးခဲ့တဲ့ အတွေ့အကြုံကောင်း ဆိုတာမျိုးလည်း (ကျွန်တော်သိသလောက်) မရှိ။ 
.
တစ်ချိန်တုန်းက ရင်ထဲကသူရဲကောင်းနဲ့ လက်ရှိအသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်မဲ့ မန်နေဂျာကောင်းဆိုတာ လားလားမျှ မတူဖူးဆိုတာတော့ သိကြဖို့ ကောင်းမယ်။ သူ့အစား လူငယ်အသင်းနည်းပြ အိုလံပစ်ရွှေတံဆိပ်ဆုရ Batista ကို ခန့်အပ်တာဝန်ပေး လိုက်တာမှ ပိုကောင်းဦးမယ်ထင်တယ်။ ရွှေထီးဆောင်းခဲ့တာကို မေ့လိုက်မယ်ဆိုရင် ကိုယ့် personal life ကိုတောင် ပြောင်မြောက်အောင် မထိ်န်းကျောင်းနိုင်တဲ့ ဗရမ်းဗတာ ဆေးစွဲစိတ်ကျနေသူတစ်ယောက်က နိုင်ငံဘောလုံးအသင်းကို ဘယ်လို ဦးဆောင် ဦးရွက်လုပ်မလဲဆိုတာ စိတ်ဝင်စားနေမိတယ်။ ကြိုပြောလိုက်မယ် .... လုံးဝအောင်မြင်မှာမဟုတ်ဘူး။

Thursday, October 30, 2008

မိုးအေးအေးမှာ ကွေးကြမယ်

အခုတလောမှာ ရာသီဥတုက ပူလောင်အိုက်စပ်နေပြီး Aircon ဖွင့်မယ်ဆိုတော့လဲ မီးအားက 120 130V လောက်ပဲအဝင်ရှိနေတော့ မီးအားမြှင့်စက်ကလဲမနိုင်။ တိုက်ခန်းကလဲ အပေါ်ဆုံးထပ်ဖြစ်ရတဲ့အထဲ ညာဖက်တိုက်နံရံကို ကျနေတိုက်ရိုက်ထိုးတော့ ညနေပိုင်းနေဝင်ပြီးရင်တောင် အိမ်ခန်းထဲမှာ အပူငွေ့တွေက လှောင်လို့ .. သားလေးက ပူရင်နဲနဲမှမနေ.. ချွေးတွေတလုံးလုံးနဲ့ မျက်နှာလေးကနွမ်းလို့။ 
.
ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်က မုန်တိုင်းရှိလို့လားမသိ... မိုးတွေ သဲကြီးမဲကြီးရွာပြီး ရာသီဥတုက အတော်လေးကို အေးနေတယ်။ ဒါနဲ့သူ့ကို ရာသီဥတုအပြောင်းအလဲမှာ ဖျားသွားမှာစိုးတာနဲ့ နွေးနွေးထွေးထွေးလေး ဝတ်ပေးထားရတယ်။ အဲဒီလို မိုးအေးအေးမှာ သားလေးကတော့ ဇိမ်နဲ့ကို အိပ်တော့တာပဲ။ တင်ထားတဲ့ပုံလေးက သူအိပ်ယာက ပြန်နိုးစအချိန်လေး။ မနက်ဖက် မိုးအေးအေးမှာ သားလေး ဇိမ်နဲ့အိပ်နေတာမြင်တော့ ကိုယ်တောင် ရုံးလစ်ပြီး အိပ်ယာထဲဝင် စောင်လေးခြုံလို့ ပြန်ကွေးချိန်စိတ်တွေပေါ်လာမိသေး :D

Wednesday, October 29, 2008

Letter to next president

http://www.letters2president.org/
သူငယ်ချင်းတစ်ယောက်က mail ပို့လိုက်လို့ ကြည့်ဖြစ်တဲ့ site လေးတစ်ခုပါ။ စိတ်ဝင်စားရာ ကောင်းတဲ့ site လေးတစ်ခုလို့ပဲ ညွှန်းချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ လာမဲ့ နိုဝင်ဘာ ၄ရက်နေ့မှာ သူတို့ရဲ့ သမတအသစ်ကို ရွေးကောက် တင်မြှောက်ကြတော့မှာပါ။ အမေရိကန်တစ်နိုင်ငံလုံးက ကျောင်းသားလေးတွေက သူတို့ရဲ့ ဖြစ်လာတော့မယ့် သူတို့ရဲ့ သမတအသစ်ထံကို ပေးပို့ကြတဲ့စာလေးတွေပါ။ 
.
သူတို့သိချင်တာလေးတွေမေးမြန်းကြမယ်၊ သူတို့ပြောချင်တဲ့ စိတ်ဝင်စားတဲ့ topic တွေအကြောင်း ဆွေးနွေးမယ်၊ သူတို့အနေနဲ့ အနာဂတ် အမေရိကားကို ဘယ်လိုဖြစ်စေချင်တယ်ဆိုတာတွေကို ပြောကြမယ်။ တကယ့်ကိုကောင်းတဲ့အလေ့အထလေးပါ။ ငယ်စဉ်ကတည်းက ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်ကို စိတ်ဝင်စားကြတာ ... 
.
ဟိုးအရင်ကတည်းက အမေရိကန်သမတများကို ကလေးငယ်များအပါအဝင် ကျောင်းသားလူငယ်များက စာရေးသားပေးပို့လေ့ရှိကြပြီး သမတများကလည်း အချိန်ရရင်ရသလို တလေးတစား စာပြန်ကြားလေ့ ရှိကြပါတယ်။ အခု အင်တာနက်ခေတ်ရောက်လာတော့ လွယ်လွယ်ကူကူ ရေးသားပေးပို့နိုင်သလို လူငယ် အများစုက ဘယ်လို topic တွေကို စိတ်ဝင်စားလဲဆိုတာကိုလဲ လေ့လာဖတ်ရှု နိုင်ကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွှေနိုင်ငံက လူငယ်လေးများရော ဘယ်နေ့ဘယ်အချိန်ရောက်မှ ဒီလိုမျိုးအခွင့်အရေးတွေ ရကြမလဲ ...

Friday, October 24, 2008

ပုဇွန်ထုတ်ကြီးတွေ မရှိတော့ရင် ....

ကျောင်းပြီးတတည်းက ၀ါသနာပါရာ ဒီ software development လုပ်ငန်းလေးလုပ်လို့ အသက်မွေးမယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းသုံးယောက် 1998 April မှာ ဒီအဖွဲ့အစည်းလေးကို စလုပ်ဖြစ်ခဲ့တယ်။ အခုဆို ဆယ်နှစ်ကျော်ခဲ့ပြီပေါ့။ ပြည်တွင်းမှာ software ရောင်းရတာ ဘယ်လောက်လက်ပေါက်ကပ်သလဲဆိုတာ သိကြမှာပါ။ အစောပိုင်း ကာလတွေမှာ ဆော့ဖ်ဝဲဆိုတာ စက်ဝယ်ရင်တစ်ခါတည်း ထည့်ပေးတာမဟုတ်ဘူးလားလို့ စောတက တက်တာ ကြုံဖူးတယ်။ စာရင်းကိုင် ဆောဖ်ဝဲလေးဝယ်ချင်လို့တဲ့ ....စီဒီနဲ့တစ်ခါတည်းထည့်ပြီးသား တစ်ထောင့်ငါးရာကျပ် လောက်ပဲမဟုတ်ဘူးလားတဲ့ ... ကဲ ဘာပြောကြဦးမလဲ။ 
.
ကွန်ပျူတာကြီးကို ဂိမ်းကစားဖို့ ဆယ်သိန်းတန် လောက်ဝယ်ရင်ဝယ်မယ်။ ဆော့ဖ်ဝဲကို လေးငါးသိန်းပေးရတာကို တန်တယ်မထင်ကြဘူး။ ထားတော့။ ဒါပေမဲ့တဖြေးဖြေး စီးပွားရေးလုပ်ငန်းတွေအတွက် ကွန်ပျူတာဆော့ဖ်ဝဲတွေဟာ အလွန်အသုံးဝင်ပါတယ်။ တစ်ချို့ဆို မရှိမဖြစ်လောက်ကိုဖြစ်လာကြတယ်။ အဲဒီမှာ တဖြေးဖြေးနဲ့ ဆော့ဖ်ဝဲရဲ့ တန်ဖိုးကို လူတွေသိသလောက်သိလာတယ်။ ဆော့ဖ်ဝဲအတွက် ငွေသုံးရမယ်ဆိုတာနားလည်လာကြတယ်။ အဲ .... စင်ကာပူ ပါရာဒိုင်ကြီးစဖြစ်ရော .... (မစခင်ကတဲက ကြိုကြား ကြိုကြား အပြင်ထွက်လုပ်ကြတာလေးတွေရှိပါတယ်။) 
.
ကိုယ့်အဖွဲ့အစည်းက တကယ့်ကိုကျွမ်းကျင်တဲ့သူတွေ အားကိုးရတဲ့သူတွေ ကိုယ်ပြုစုပျိုးထောင် ခဲ့ရသူတွေ ...ပုဇွန်ထုတ်ကြီးတွေဆိုပါတော့ Export Item ဖြစ်သွားလို့ နိုင်ငံခြား ရောက်သွားရော။ ခါးဆက် ပြတ်သွားတဲ့ ပြသနာကို အတော်လေး ကျိတ်မှိတ်ခံခဲ့ရတယ်။ တော်သေးတာက ကျွန်တော်တို့ partner သုံးယောက်လုံး ပရိုဂရမ်မာဆိုတဲ့ အလုပ်ကို အောက်ခြေသိမ်း လုပ်တတ်နေခဲ့လို့ပဲ။ ပုဇွန်ထုတ်ကြီးတွေ မရှိတော့ ပုဇွန်ထုတ်ကြီးဟင်းတော့ ဘယ်ရောင်းနိုင်တော့မလဲ။ ဒီလိုပဲကြံဖန်ပြီး ကျောင်းဆင်းခါစ ပုဇွန်ဆိတ်လေးတွေကို ကျန်ခဲ့တဲ့ ပုဇွန်အလတ် နှစ်ကောင်လောက် ခြံရံလို့ အရွက်အခက်လေး ထည့်လို့ ပုဇွန်ခွက်ကြော်ပေါ့။
.
 ပုဇွန်ဆိတ်လေးတွေကို ထောင်းပြီး ပုဇွန်ငါးဆုပ်ဟင်း ချက်ရောင်းတာပေါ့။ ဆိုင်တော့ ဘယ်ပိတ်နိုင်မလဲ။ ကိုယ်တို့အနေနဲ့ နောက်ဆုံးလက်ခံလိုက်တယ်။ ဒီလိုအစုလိုက်အပြုံလိုက် အပြင်ထွက်ကြတာကို ဘယ်လောက်လစာ မြှင့်ပေးပေး မတားနိုင်ဘူး။ ဒီတော့ ရှိတဲ့လူတွေ ကျန်ခဲ့တဲ့လူတွေနဲ့ ဘယ်လို အလုပ်ဆက်လုပ်မယ်ဆိုတဲ့ Strategy တွေ plan တွေက တော်တော်အရေးကြီးလာတယ်။ ကိုယ့်ဆီမှာအလုပ်လာလုပ်တယ်... အရင်တုန်းက လူတွေ ဆိုအနည်းဆုံး ၂နှစ် ၃နှစ်လုပ်ကြတယ်။ အခုဆို အတွေ့အကြုံရချင်လို့လာ လာလုပ်တယ်။ ၆လလောက် လုပ်ပြီးရင် စလုံးကို ထွက်ချင်နေပြီ။ အဖွဲ့အစည်းဖက်ကလည်း စလုပ်တဲ့လူလောက်ဆို နှစ်သောင်းခွဲ သုံးသောင်း လောက်အပြင်ပိုမပေးနိုင်ဘူး။ သူ့ကို ဘာမှခိုင်းလို့လဲမရသေးဘူး။ သင်ပေးရတာ တွေရှိတယ်။ စက်နဲ့ နေရာတစ်ခုပေးထားရတယ်။ 
.
နောက်ပိုင်း MIT တို့ Bizsoft တို့မှာဆို Job training ဆိုတာမျိုးလေးတွေ လုပ်လာတယ်။ လာအလုပ်လုပ်ချင်တဲ့သူကတောင် တစ်လကို ပိုက်ဆံ ငါးသောင်းပေးရတယ်။ အခု ကိုယ်စဉ်းစားနေတာရှိတယ်။ Program coding လုပ်တာလောက်ကို ဆယ်တန်းအောင်ရုံလောက် ကလေးတွေနဲ့လုပ်ဖို့။ ဒါကအဆုံးအစွန် ရည်မှန်းချက်ပေါ့။ ပရိုဂရမ်ရေးတာဟာ ပန်းရံအုတ်စီတာလောက်ကို လွယ်ရမယ်။ ဘာတွေလိုမလဲ Coding template တွေ, Code generator တွေ, reusable parts တွေ ... ဘာတွေထပ်လိုဦးမလဲ.. စဉ်းစားတုန်း ။ 
.
ဥပမာ ... Design pattern (Head first design, Gang of Four) တို့လိုပုံစံပေါ့။ ဒါပေမဲ့အဲဒါတွေကို တိုက်ရိုက်သုံးမှာတော့မဟုတ်ဘူး။ ကိုယ့်နဲ့ အဆင်ပြေမဲ့ ပုံစံတစ်ခုကို ထွင်ပြီး သုံးရမှာ။ ဒီလိုမှ လိုက်မပြောင်းနိုင်ရင် အဖွဲ့အစည်းလေးကို ပိတ်ပြီး ကိုယ်လဲ စလုံးသွားပြီး တောက်တိုမယ်ရ program လေးတွေ ရေးစားဖို့ပဲ ရှိတော့မယ်။ ဒီမှာ မရှိတော့တဲ့ ကိုယ်မတတ်နိုင်တဲ့ ပုဇွန်ထုတ်ကြီးတွေမရှိတော့လို့ အဖွဲ့အစည်းလေးရပ်လိုက်ရပါတယ်။ ငါမအောင်မြင်တာ နင်တို့နင်တို့တွေ စင်ကာပူသွားကြလို့လို့ သောက်သုံးမကျတဲ့ အကြောင်းပြချက်မျိုး မပေးလိုသောကြောင့် ဆက်လက်ရပ်တည် အလုပ်လုပ်နိုင်ဖို့ အစွမ်းကို အကြံထုတ်နေပါကြောင်း စကားမစပ်။ ။ ဒီနှစ်ကုန် ဒီဇင်ဘာကနေ တရုတ်နှစ်သစ်ကူးလောက်ဆို ကျွန်တော့်ဆီက လက်ကျန်ပုဇွန်အလတ် ရှစ်ယောက်လောက် စလုံးထွက်ကြဦးမယ်။

Thursday, October 23, 2008

မတော်တဆ

မတော်တဆ ... တစ်ခါတစ်ရံ ဘာမဟုတ်တဲ့ အသေးအဖွားကိစ္စလေးနဲ့ ကြီးကြီးမားမားတွေ ထိခိုက်နစ်နာ ကုန်ကြတယ်။ ဘယ်လိုပြောရမလဲ... ကိုယ်ကညံ့လို့လဲမဟုတ် ဂရုမစိုက်လို့မလဲမဟုတ်။ ဖြစ်ချင်လို့ကို ဖြစ်သွားတယ်လို့ပဲပြောရမလား။ မနေ့က ကွန်ပျူတာအသင်းကဆရာသမားတစ်ယောက်အိမ်ကို လူနာသတင်းမေးသွားခဲ့တယ်။ ကိုယ်တို့ သူအိမ်ရောက်တဲ့အချိန်ပဲသူ တာမွေထိပ်က ရွှေဗဟိုဆေးခန်းကပြန်ဆင်းလာတာ။ 
.
ဖြစ်ပုံက အဲဒီနေ့ရဲ့ အရင်တစ်နေ့က ဆရာက သူ့သူငယ်ချင်းတစ်ယောက်အိမ်ကို သွားပြီးအပြန်မှာ လှေကားက ဆင်းပြီး ကြမ်းပြင်မှာ ရေညှိလိုလိုချောနေတာကို နင်းမိပြီး ဖင်ထိုက်လျက်လဲကျသွားတာ။ ဘယ်ဖက်လက်နဲ့ ကြမ်းပြင်ကို ထောက်မိ သွားတော့ လက်ကောက်အဆစ်ကပြုတ်ထွက် အရိုးစလေးတွေလဲကြေသွားသတဲ့။ ဖြစ်မှဖြစ်ရလေ။ Operation နှစ်နာရီလောက် လုပ်လိုက်ရတယ်။ Steel အစိတ်ပိုင်းလေးတစ်ခု မူလီစုပ်ပြီး ထည့်ထားတာ သူ့ဓါတ်မှန်ကြည့်ရတဲ့အရသိရတယ်။ ခွဲစိပ်ပြီးခါစမို့လားမသိဘူး လက်ချောင်းတွေက ရောင်ယမ်းနေသေးတယ်။ လူကတော့ နေသာတဲ့ပုံပါပဲ။ အနည်းဆုံး သုံးပတ် တစ်လလောက် ဘယ်လက်ကို စလွယ်သိုင်းလေးနဲ့ နေရဦးမှာပေါ့။ 
.
ကျွန်တော်လဲ ပြီးခဲ့တဲ့နှစ် ဒီအချိန်လောက်က ဘတ်စ်ကားပေါ်ကအဆင်း ခြေခေါက်ပြီးလဲကျသွားခဲ့တဲ့ ဒဏ်က အခုထိကို မပျောက်ဖူး။ လမ်းများများလျှောက်တာတို့ မြန်မြန်လျှောက်တာတို့ ဘတ်စ်ကားလှေခါးအမြင့်က ဆင်းရင် မျက်ခနဲဖြစ်သွားတာတို့က ကျန်ခဲ့တယ်။ ဘယ်တော့မှ မပျောက်တော့ဘူးထင်တယ်။ အဲဒီ မတော်တဆ ဆိုတာကြီးက တကယ်ကို့ကြောက်ဖို့ကောင်းတယ်။

Monday, October 20, 2008

I fail because of you...

ကိုယ်မင်းကြောင့် ဘဝပျက်ပါပြီ ... ဆိုတာမျိုးကို ဝတ္ထုစာအုပ်တွေထဲမှာ ဖတ်ဖူးသလို ရုပ်ရှင်တွေထဲမှာလဲ ကြည့်ဖူး ကြားဖူးမှာပေါ့။ Romantic ဖြစ်လိုက်တာ... feeling ပဲ... Heart ထိတယ်ကွာ.... စသည်ဖြင့် လက်ခံခဲ့တဲ့ အချိန်ကာလ အရွယ်တစ်ခုတော့ ရှိခဲ့မှာပေါ့။ ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်ရင် အတော် အသုံးမကျတဲ့ကိစ္စပဲလို့ မထင်ကြဘူးလား။ ချစ်တယ် ကြိုက်တယ်ဆိုတဲ့ ကိစ္စတစ်ခုတည်းမှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ လူအတော်များများဟာ ကိုယ့်ရဲ့ မအောင်မြင်မှု ဆုံးရှုံးမှု၊ နစ်နာမှုတွေအတွက် တစ်ပါးသူကိုပဲလက်ညှိုးထိုးနေတာကို တွေ့ဖူးမှာပေါ့။ 
.
ငါ့မိဘတွေကွာ ငွေအရင်းအနှီးလေးမထုတ်ပေးနိုင်လို့ ငါ နိုင်ငံခြားသွားအလုပ်မလုပ်နိုင်တာ .... ဘယ်လိုလုပ်အလုပ်စားလို့ရမှာလဲဗျာ။ မီးတွေကလည်းပျက်၊ ကုန်စျေးနှုန်းတွေကလဲတက်၊ ပေးရကမ်းရ တာတွေကလည်းများ၊ အစိုးရကလည်း ဘာမှအထောက်အပံ့မပေး၊ Customer တွေကလည်း complain တွေများ .....  နောက်ဆုံးပွဲစဉ် နှစ်ခုလောက်မှာ ဒီအသင်းနဲ့ ဒီအသင်းတွေ နိုင်အောင်မကန်လို့ အခုတော့ ကျွန်တော်တို့ Eleven ဘောလုံးအသင်းလေး အဆင့်မြင့်တန်းကနေ အောက်တန်းဆင်းလိုက်ရပြီး နောက်ဆုံးတော့ အသင်းကို ဖျက်သိမ်းလိုက်ရပါပြီဗျာ ... မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ အများကြီးတာဝန်ရှိပါတယ် ..... အဲဒီလို အဲဒီလို စကားသံမျိုးတွေ အမြဲလိုလိုကြားနေရမှာပေါ့။ 
.
တကယ်စဉ်းစားကြည့်ရင် ကိုယ်မအောင်မြင်တာ၊ ကျရှုံးတာဟာ ကိုယ်ညံ့လို့ပါ ကိုယ်မလုပ်နိုင်လို့ပါဆိုတာကို ဘာလို့များ လက်မခံကြပဲ သူများကိုပဲ လက်ညှိုးထိုးနေကြတယ်မသိ။ ငါ့မိဘ ပိုက်ဆံစိုက်မထုတ်နိုင်ရင် ငါ့ဘာသာ ဘယ်လိုရှာပြီး နိုင်ငံခြားသွားမလဲ။ အခုအချိန်မဖြစ်နိုင်ရင်တောင် နောက်ဘယ်နှနှစ်လောက်မှာ အကောင်အထည်ဖော်နိုင်မလဲ ဆိုတာမျိုး တွေးကြည့်သင့်တာပေါ့။ မီးတွေကလည်း မှန်နေမှ၊ စီးပွားရေးကလဲ တည်ငြိမ်မှ customer တွေကလည်း အားလုံးလိုလို သဘောကောင်းကြပြီး အစိုးရကလည်း လိုလေသေးမရှိထောက်ပံ့မှ အလုပ်လုပ်တတ်မယ်ဆိုရင်တော့ ဒီတစ်သက် အလုပ်လုပ်စားဖို့ မစဉ်းစားတော့တာကောင်းမယ်။ အဲဒီလိုအခြေအနေမျိုးဆိုတာ ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူးလေ။ 
.
MBA မှာတုန်းက Eco ဆရာမကြီးပြောဖူးတယ်။ လောကမှာ Resource limitation ဆိုတာအမြဲရှိတယ်။ အချိန်မလောက်ဘူး၊ လူအင်အားမလောက်ဘူး၊ ပိုက်ဆံ မလောက်ဘူး .... စသည်စသည်ဖြင့်ပေါ့။ တကယ်တော့ ဘဝဆိုတာ လှိုင်းထန်တဲ့ မုန်တိုင်းကျနေတဲ့ ပင်လယ်ပြင်မှာ ရွက်လွင့်နေတာပဲမဟုတ်လား ... Eleven ဂျာနယ်ရဲ့ဘောလုံးအသင်းကိစ္စမှာဆိုရင် အစကတည်းက တန်းဆင်းဇုံအပေါ်ရောက်အောင် ဘာလို့ ကြိုးစားမကစားထားလဲ။ ညှိပြီးကန်တယ်ဆိုတာ မြန်မာနိုင်ငံဆိုတာထားလိုက်ပါဦး FIFA ကတောင် ထိရောက်အောင် တားဆီးနိုင်လို့လား။ ဒီနှစ်တန်းဆင်းရလဲ နောက်နှစ် အဆင့်မြင့်တန်းကို ပြန်ရောက်အောင် ကြိုးစားကစားမယ် ပရိသတ်များ အားပေးကြပါ..... ဒီလိုမျိုးဖြစ်သင့်တာပေါ့။ အခုတော့ မဟုတ်ပါဘူး။ သူတို့မတရားလုပ်လို့ ညှိကန်လို့ ကျွန်တော်တို့ ဘောလုံးအသင်းကို ဖျက်သိမ်းလိုက်ပါပြီတဲ့။ 
.
ကလေး စိတ်ကောက်သလို အထာမျိုးနဲ့ အတော့ကို သောက်သုံးမကျတာပဲ။ ငါမအောင်မြင်တာ မင်းတို့ကြောင့် ဆိုတဲ့ attitude မျိုးရှိနေတဲ့လူမျိုးတွေဟာ ဟိုလူ့ကြောင့် ဒီအကြောင်းကြောင့် ဆိုတာမျိုးတဲ့ negative အပြောမျိုးတွေနဲ့ပဲ ဒုံရင်းဒုံရင်း ဘဝအခြေအနေက မတက်တဲ့အပြင် တစ်စတစ်စ ပိုတောင် နိမ့်ကျသွားဦးမှာ။ ဘယ်တော့မှလဲ လူမွှေးလူတောင်ပြောင်ပြီး အောင်မြင်လာမှာ မဟုတ်ဘူး။

Wednesday, October 15, 2008

Miss People 2008

ပြီးခဲ့တဲ့ စနေနေ့ (ဘွဲ့ယူတဲ့နေ့ပဲပေါ့) ညနေပိုင်းမှာ People magazine က လုပ်တဲ့ Miss People ပြိုင်ပွဲလေးကို သွားဖြစ်သေးတယ်။ ကိုခရုက ဖိတ်စာနဲ့ လက်မှတ်လေးပို့ပေးတာကြောင့်ရယ်၊ ကိုယ်ကိုယ်တိုင်က အပျင်းပြေ သွားကြည့်ချင်တာကြောင့်ရယ်နဲ့ ရောက်ဖြစ်တာ။ ဘွဲယူပြီး အိမ်ခဏပြန် ရေမိုးချိုးပြီးတော့ အလုပ်ကိစ္စလေး နည်းနည်းဖြတ်ပေးဖို့ ရုံးသွားတယ်။ သူ့ပွဲက ညနေ သုံးနာရီကစတာ။ မြို့ထဲ ဆိပ်ကမ်းသာလမ်း အောက်ဆုံး ဘလောက်က Strand Hotel မှာ။ အဲဒီကပြီးရင် MBA ဘွဲ့ယူ Dinner ဆက်သွားမှာမို့ Camera လေးယူလာတယ်။ ဒါနဲ့ ပုံလေးတွေ ဟိုရိုက် ဒီရိုက်ပေါ့၊ ဒီလိုပွဲမျိုးကို ရိုက်ဖို့ကြတော့ ကိုယ့် Camera အသေးလေးက လုံးဝကို အဆင်မပြေတာ။ အနည်းဆုံး D40 D60 လောက်နဲ့ ရိုက်ရရင် မဆိုးဘူး။ Dinner ဆက်သွားရမှာမို့ အပြီးအထိ မကြည့်လိုက်တော့ ဘယ်သူ Miss People ဖြစ်သွားလဲတောင်မသိပါဘူး။

Monday, October 13, 2008

EMBA Graduation@ အလွဲများနဲ့မနက်ခင်းတစ်ခု

11-Oct-08 အခုအပတ် တနင်္ဂနွေနေ့က ကိုယ်တို့ EMBA 4th batch ရဲ့ Graduation ပါ။ MBA 11th Batch နဲ့အတူယူရတာပေါ့။ အခြားအခြားသော ဘွဲ့များနဲ့ဆိုရင် စုစုပေါင်း လူ ရဝဝကျော်ပေါ့။ 

အစမ်းလေ့ကျင့်တဲ့ နေ့ကတော့ နှစ်ရက်စာ လူတွေကို ပေါင်းပြီး တစ်မနက်ထဲမှာ ပေးလိုက်တာ။ အဲဒီတုန်းက လူက တစ်ထောင့် ငါးရာလောက်ရှိမယ်။ အဲဒီနေ့ကတော့ ကိုးနာရီလောက်စပြီး သိသင့်သိထိုက်တာတွေ ဆောင်ရန်ဆောင်ရန်တွေ ပြောပြီး တစ်ယောက်ချင်း စင်ပေါ်တက်ယူပေါ့။ 
.
ဘွဲ့နှင်းသဘင်နေ့ကြရင် တက်ဖို့ကဒ်၊ ဧည့်ကဒ် ကားဝင်ခွင့်တွေ ပေးတာပေါ့။ ကိုယ့်အလည့်ကျတော့ တက်ယူလိုက်ပြီး ပြန်မထိုင်တော့ပဲ အပြင်ထွက် မတွေ့တာကြာတဲ့သူတွေနဲ့ မာကြောင်းသာကြောင်း လေဖောကြ စုပြီး ဓါတ်ပုံရိုက်ကြပေါ့။ ဆယ်နာရီခွဲလောက်မှာ အပြင်ရောက်နေပြီ။ 
.
ဘွဲ့နှင်းသဘင်ရက်မှာတော့ အိမ်က ခုနစ်နာရီကျော်ကျော်ကလေးထွက်လာတယ်။ ကိုယ်ရယ် မိန်းမရယ်ပေါ့။ သားကိုတော့ သူ့အဖွားနဲ့ ထားခဲ့တယ်။ ဘွဲ့နှင်းသဘင်အနောက်ပေါက်ဖွင့်ထားလို့ အင်းယားလမ်းပေါ်မှာပဲဆင်းပြီး နောက်ပေါက်ကနေဝင်လိုက်တယ်။ အိမ်ဘေးက Taxi ကို မှာထားပြီး စီးလာကြတာဆိုတော့ အဓိပတိ main ဝင်ပေါက်ကဆို လမ်းလျှောက်ဝင်နေရမှာလေ။ အိမ်ကအထွက်မှာ ရှပ်အကျႌလည်ကတုံးလက်တိုနဲ့ ပုဆိုးပဲ ဝတ်ခဲ့တယ်။ ဘွဲ့နှင်းသဘင်ခန်းမနားရောက်မှ မဲမဲကြီးဝတ်ပြီး ဝင်မယ်ပေါ့။ ကိုယ်တို့ရောက်တော့ ခင်မောင်လွင်လဲ ရောက်နှင့်နေပြီ။ သူကလဲကိုယ့်လိုပဲ။ ရှပ်အင်္ကျီ နဲ့ပုဆိုးလေးနဲ့။ အထုပ်ကလေးဆွဲလို့။ 
 .
မဲမဲကြီးကိုဝတ်ကြမယ်လို့ ပြင်ဆင်တော့ ပြဿနာကစတော့တာပဲ။ ပုခုံးပေါ်တင်တဲ့ ဝတ်ရုံစကို ထားတဲ့ပုံ တစ်ယောက်နဲ့ တစ်ယောက် မတူဘူးဖြစ်နေတယ်။ ခင်မောင်လွင်က အပြာစကို အပေါ်ထက်ထားပြီး တပ်ထားတယ်။ ကျွန်တော်က အပြာစကို အောက်ဖက်မှာ ထားဖို့ ပြင်ဆင်ထားတယ်။ နှစ်ယောက်မတူဖြစ်နေလို့ အနီးနားလှမ်းကြည့်လိုက်တော့ မသက်ဝါတစ်ယောက် ခန့်ခန့်ညားညားကြီး ဓါတ်ပုံအရိုက်ခံနေတာ တွေ့လိုက်တယ်။ သူ့ကိုမြင်မှ ပိုဆိုးသွားတယ်။ သူက အနီအပြားအကြီးကို တစ်ပြားတည်း တပ်ထားတယ်။ ဒုက္ခတော့ရောက်ကုန်ပြီ။ 
.
ဒါနဲ့ မသက်ဝါကို မေးရတာပေါ့ "အမကြီး အခုလိုတပ်ထားတာမှန်လား" ဆိုတော့ သူက "မသက်တို့လဲဒီလိုပဲ တပ်လာကြမှာတဲ့" ပြောနေရင်း ကျော်မင်းလွင်တို့ ကိုသောင်းထိုက်တို့ ရောက်လာတယ်။ သူတို့က အပြာစ အောက်ထားတဲ့လူနဲ့ အပြာစ အပေါ်ထားတဲ့သူနဲ့။ အားလုံးဇဝေဇဝါတွေဖြစ်လို့။ သိပ်မကြာခင်ပဲ ကိုရဲကြီးနဲ့ နုနုတို့ ရောက်လာတော့ သူတို့က အနီအပြားအကြီးနဲ့။ “ဒါအမှန်ပဲ” တဲ့။ မသက်တို့ ဝင်းကုလား တို့ကလည်း ဝတ်စုံသွားထုတ်တုန်းက အဲဒီမှာမေးလာခဲ့ပြီးသားတဲ့ ဒါအမှန်ပဲတဲ့။ အဲဒါနဲ့ပဲ တစ်ဖွဲ့လုံး အနီပြားကြီး ပုံစံပြောင်းကြတာပေါ့။ အမျိုးသမီးတွေက ပြောင်းရတာ ခက်ခက်ခဲခဲပေါ့။ ခေါင်းမှာ ပန်းတွေနဲ့ ဦးထုပ်နဲ့ ဆံပင်နဲ့ကို ကလစ်တွေနဲ့ တွယ်ထားနဲ့။  အားလုံး ရဲရဲတောက် ပုံစံဖြစ်သွားကြပြီး group photo တွေ ရိုက်ကြပါလေရော။ 
.
အခမ်းအနားစခါနီးလို့ဝင်ကြမယ်ဆိုတော့ 11th batch က ကလေးတွေ အားလုံးက ဝတ်ရုံကို ဝတ်ထားပုံက အပြာစအောက်က အလယ်က အမဲနဲ့ အပေါ်ဆုံးက အနီကွတ်လေး။ ဟဲ့ဟဲ့ နေကြပါဦး MBA ဘွဲ့တူတူပဲဟာကို ဘာလို့ ဝတ်ရုံဝတ်ပုံကွဲနေရတာတုန်း။ ဒါနဲ့ သူတို့အတန်းက EC ညီလေး တစ်ယောက်ကို ခေါ်မေးရတယ်။ သူကလဲ သူတို့ ဝတ်ထားတာ အမှန်ပါတဲ့။ တီချယ်ကြီးကို မေးပြီးပြီတဲ့။ ဟောဗျ ... ဒုတ်ခ။ ဒါနဲ့ အားလုံး ကသောကမျော ဝတ်ရုံကို ဖြုတ်ကြလှည့်တပ်ကြ တစ်ယောက်ကို တစ်ယောက် လုပ်ပေးကြပေါ့။ နေကလည်း ရှစ်နာရီကျော်ပဲရှိသေးတယ် ပူကျစ်တောက် နေတာပဲ။ အားလုံးချွေးတစ်လုံးလုံးနဲ့ ဖြစ်ကုန်ရော။ တစ်ချို့ဆို သုံးခါပြောင်းလိုက်ရတယ်။ ကျော်မင်းလွင်ဆိုရင် သူ့ဘာသာ ဝတ်လာတာက အမှန်။ ဒီရောက်တော့ ကျွန်တော်တို့ လျှာရှည်တာနဲ့ တစ်ခေါက် ပြောင်းလိုက်ရရှာတယ်။ ဝင်ခါနီးတော့ နောက်တစ်ခေါက် ပြောင်းဝတ်ပေါ့။ ဖြစ်မှဖြစ်ရလေ။  
.
ဝတ်ရုံကိစ္စပြီးတော့ တိုးဝှေ့ပြီး ခန်းမထဲဝင်ကြပါလေရော။ ဝင်ခါစမှာ ခန်းမလေးက Aircon တွေနဲ့ အေးသလိုလိုပဲ။ ကိုယ့်နေရာကိုယ် မထိုင်ကြခင် ဓါတ်ပုံတွေ ရိုက်ကြတာပေါ့။ ကိုးနာရီလောက်မှာ အခမ်းအနား စတယ်။ ပါချုပ်နဲ့ ဆရာဆရာမကြီးများ ဆိုင်းဝိုင်းက ဝတ်ရုံတော်ကြိုးသီချင်းနဲ့ ခန်းမထဲလျှောက်ဝင်လာကြပြီး စင်ပေါ်တက်နေရာယူကြတယ်။ ဘွဲ့ယူမဲ့သူ အားလုံး မတ်တတ်ရပ်ပေါ့။ သူတို့ထိုင်ပြီးတော့ အားလုံး ပြန်ထိုင်ကြတယ်။ ထိုင်လိုက်ရုံရှိသေးတယ် နိုင်ငံတော်သီချင်းကို ဆိုင်းဝိုင်းကတီးတော့ ထကြရပြန်ရော။ ပြီးတော့ မတ်တပ်ပြန်ရပ်ပြီး ကတိသစ္စာပြုရတယ်။ မောင်တို့မယ်တို့ဟာ အောက်မြှောက် ပေါင်မြင်ကြပြီ ဖြစ်လို့ ဘာညာ နေကြာကွာစိ... နေထိုင်ပြောဆိုကြပါမည်ဟု ကတိပြုပါ၏လော...ပေါ့။ အားလုံးကလဲ ကတိပြုပါ၏ ပေါ့။ ပြီးတော့ တစ်ယောက်ချင်း တက်ယူကြပေါ့။ 
.
ကိုယ့်အလှည့်တက်ယူပြီး နေရာမှာလာပြန်ထိုင်။ တစ်ယောက်ပြီးတစ်ယောက် တစ်ယောက်ပြီးတစ်ယောက် .... ကြာလာတော့ တဖြေးဖြေး ပျင်းလာရော။ ပူလာလိုက်တာလဲလွန်ပါရော။ မီးပျက်သွားလို့တဲ့ Aircon တွေ မလည်တော့ဘူး။ ကောင်းရော။ ချွေးတွေက အဝတ်မဲမဲကြီးအောက်မှာ တောက်ကနဲ တောက်ကနဲ ကျနေတယ်။ ၀ တဲ့သူတွေဆိုရင် ဝက်ကို ပေါင်းတင်ထားတဲ့ရုပ်တွေနဲ့။ မုန့်တွေ လက်ကမ်းပြီးစားကြ ရေတွေသောက်ကြ တိုးတိုးတိတ်တိတ် စကားများကြနဲ့ အချိန်ဖြုန်းရတာပေါ့။ အားလုံးပြီးတော့ ပါချုပ်က ဘွဲ့နှင်းသဘင်ကို ရုပ်သိမ်းပြီလို့လဲ ဆိုလိုက်ရော ဆိုင်းဝိုင်းက ဒိုင်းကနဲ ထပြီး တီးပါလေရော။ 
.
ကိုယ့်အရှေ့တန်းက 11th batch က ညီလေးတစ်ယောက် ဟဲ့သောက်ပလုတ်တုတ်ဆိုပြီး အလန့်တကြားထခုန်လို့ ရယ်ရသေးတယ်။ အားလုံးက အိပ်ငိုက်နေတာ ဆိုင်းဝိုင်းက တီးလိုက်မှ နိုးနိုးကြားကြား ဖြစ်သွားကြတယ်။ ပြီးတော့ ပါချုပ်တွေ ဆရာဆရာမတွေ နောက်ကနေ နှစ််ယောက်တစ်တွဲ လိုက်ပြီး ထွက်ကြရတာပေါ့။ အပြင်ရောက်တော့ group photo တွေ ရိုက်ကြပေါ့။ ကိုယ်တော့ ကြာကြာ ဆက်မနေနိုင်တော့ဘူး ဒီမဲမဲကြီး ဝတ်ပြီး အရမ်းကို အနေရကြပ်လာတာနဲ့ ချွတ်ပစ်လိုက်တယ်။ ဘွဲ့ဝတ်စ ုံအပ်တာကလည်း အနီးနားက RC မှာပဲဆိုတော့ တစ်ခါတည်း အပ်ခဲ့လိုက်တယ်။ ဘွဲ့လက်မှတ်တစ်ခုရခဲ့ပြီး ချွေးပုတ်တွေလည်း တော်တော်ထွက်သွားမယ်။ အဟက် ... ပညာရေးအဖွဲ့က အောက်မြှောက် ပေါင်မြင်ပြီးဖြစ်သည် ဟု ဆုံးဖြတ်ကြသဖြင့် အနော် MBA တစ်ယောက်ဖြစ်လေပြီ .... :D
.