Wednesday, May 21, 2008

မုန်တိုင်းအလွန်

တဖြေးဖြေးနဲ့ ရန်ကုန်မြို့ကြီးရဲ့လမ်းတွေပေါ်က သစ်ကိုင်းသစ်ခက်တွေ ရှင်းလင်းကုန်ပြီ။ အချို့နေရာတွေမှာတော့ လမ်းဘေးတွေမှာ ပုံထားတာတွေရှိသေးတာပေါ့။ ဓါတ်ဆီစျေးကလည်း ၅ဝဝဝလောက်မှာ ငြိမ်နေပြီ။ လျှပ်စစ်မီးတွေလည်း တဖြေးဖြေးပြန်ရနေပြီ။ (မရသေးတဲ့နေရာတွေတော့ အများကြီး ရှိသေးတာပေါ့လေ)

ကိုယ့်အိမ်မှာက တနင်္ဂနွေညပိုင်းက စပြီး မီးပြန်လာပြီ။ နာဂစ်ကြောင့် ကွေးကောက်သွားတဲ့ တီဗွီ အင်တင်နာလေးကို ပြန်ထောင်ပြီး တီဗွီဖွင့်ကြည့်တယ်။ အဲ ဖယောင်းတိုင်နဲ့နေလာတာ တစ်ပတ်လောက် ဆိုတော့ မီးချောင်းတွေရဲ့ မီးရောင်တွေက မျက်စိတွေ ကျိန်းလို့ ကိုယ်တို့ရုံးက ဒီနေ့ညနေကစပြီး မီးပြန်ရပြီ။ အရင်လိုပဲ အလှည့်ကျပျက်ဦးမှာလား ဆိုတာကတော့ စောင့်ကြည့်ရသေးတာပေါ့။ ဆန်စျေးတွေကတော့ သိသိသာသာတက်လာပြီ။ ဒီနှစ်ဆန်ထွက်နည်းမှာက သေချာနေပြီလေ။ နောက်နှစ်ဆို ပေါ်ဆန်းမွှေးတောင် စားရပါ့မလားမသိ။ ဆန်စျေးတက်ပုံကလည်း ကြမ်းလိုက်တာ။ မုန်တိုင်းမကျခင်က ပေါ်ဆန်းတစ်ပြည် တစ်ထောင်၊ တစ်ထောင့်တစ်ရာလောက်ပဲရှိတာ။ မနေ့ညက ဝယ်တော့ တစ်ပြည် တစ်ထောင့်ခုနစ်ရာကျပ်ဖြစ်နေပြီ။

ညက မုံရွာက သူငယ်ချင်းတစ်ယောက် ဖုန်းလှမ်းဆက်ရင်း စကားကြုံလို့ ပြောတာက မုန်တိုင်း မတိုက်ခင်ကတည်းက တပေါင်လိုလို သင်္ကြန်စာလိုလို တစ်ခုကြားခဲ့ရတယ်တဲ့ မြန်မာပြည်သားတွေ ၂၀၀၉ မှာ သစ်ဥသစ်ဖုပဲစားရမယ်တဲ့။ :) ဟုတ်သလိုလိုတော့ရှိနေပြီ။ အခြားလုပ်ငန်းတွေတော့မသိ ကွန်ပျူတာ အပျော့ထည် အရောင်းအဝယ်ကတော့ သုညနီးပါးကို ထိုးကျသွားတာပဲ။ ဒီအတိုင်း သုံးလလောက် ဖြစ်နေဦးမယ်လို့လည်း မှန်းကြတယ်။ ဘော်ဒါတစ်ယောက် ပြောသလိုပဲ မြန်မာပြည် computer industry က အခုမှမပျက်ရင် နောက်မပျက်တော့ဘူးတဲ့။

မုန်တိုင်းဒုက္ခသည်တွေကို ကိုယ့်နီးစပ်ရာအသိုင်းအဝိုင်းတွေက နိုင်သလောက် လှူကြတန်းကျ ထောက်ပံ့ကြတာ မြင်ရတော့ တော်တော့်ကို စိတ်ချမ်းသာမိတယ်။ ကိုယ်တွေလည်း နိုင်သလောက်လေးတော့ ဝင်ကူညီ လှူတန်းခဲ့တာပဲ။ ဒါပေမဲ့ သူတို့တွေကို ပြန်လည်ထူထောင်နိုင်အောင် ထိထိရောက်ရောက်ကူညီဖို့လိုမယ်။ တွေ့နေရတာ တစ်ချို့ တစ်ချို့တွေ လာလှူတာကိုပဲ မျှော်နေသလိုဖြစ်နေတယ်။ အင်း …. သူတို့ဖက်က ကြည့်ရင်လည်း လာလှူကြတော့လည်း တစ်အိမ်ထောင် ဆန်တစ်ပြည်ဆိုတော့ နောက်နေ့အတွက် နောက်တစ်ခေါက်တန်းစီ…. ဒါမျိုးတွေဖြစ်နေတယ်။ တစ်အိမ်ထောင် တစ်ပါတ်လောက် စားလို့ရအောင် ပေးထားနိုင်ရင်ကောင်းမယ်။

တီဗွီမှာပြတဲ့ အညာသားကြီးလာကြည့်သွားတဲ့ ဒုက္ခသည်တွေအတွက် ရွက်ဖျင်တဲတွေကတော့ ရှယ်ပဲ။ တဲတစ်ခုဆီမှာ ပေါ်ဆန်းရှယ် တစ်အိတ်ဆီနဲ့။ အော်မယ် …ကိုယ့်အိမ်မှာတောင် တစ်ခါဝယ်ရင် နှစ်ပြည်ပဲဝယ်တာ။ ဒုက္ခသည် လာအားပေးတာနဲ့မတူပဲ မြေပိုင်ရှင်က အလုပ်သမားတွေကို လာကြည့်တာကြနေတာပဲ။ ဟိုးဆောင်းတွင်းကာလ တရုတ်မှာ နှင်းမုန်တိုင်းဖြစ်တော့ ဟူကျင်တောင် လိုက်လံကြည့်ရှုအားပေးတာတွေကို သတိရမိသေး။ ပြန်လည်ထူထောင်ရေးတွေက ကြာမယ် အများကြီးအားစိုက်လုပ်ကြရမှာ။ လှူတာတန်းတာတွေက နောက် အချိန်ပိုင်းတစ်ခုဆို လူတွေက အီပြီး ရပ်သွားနိုင်တယ်။ နလန်ထူဖို့ကတော့ အတော့ကို လုပ်ယူရဦးမှာ။ တိုင်းပြည်က ဆင်းရဲရတဲ့အထဲ နာတာရှည်ရောဂါကြီးထပ်ရသွားမှာ စိုးရိမ်စရာပဲ။

No comments: