Sunday, May 4, 2008

နာဂိအလွန်ရန်ကုန်မြို့

နာဂိအလွန်ရန်ကုန်မြို့ကတော့ မြို့ပျက်ကြီးလိုပါပဲ။ သစ်ပင်ကြီးတွေ ဓါတ်တိုင်တွေ အလဲလဲအပြိုပြိုနဲ့ အိမ်အတော်များများမှာလည်း သွပ်မိုးတွေ အချို့တစ်ဝက်လန်ထွက်လို့ တစ်ချို့အိမ်တွေဆို အမိုးသွပ်ပြားလုံးဝမရှိတော့ဘူး။

ယောက်ခမတွေနေတဲ့ လှည်းတန်းဖက်က အိမ်ယာတစ်ခုမှာတော့ အပေါ်ဆုံးထပ် (၈ထပ်) က အမိုးတွေမရှိတော့လို့ အဲဒီက မိသားစုတွေ ဓမ္ဒာရုံကို ရောက်နေကြပါတယ်။ မိုးကလည်း သည်းသည်းမဲမဲ အဆက်မပြတ်ရွာခဲ့လို့ အချို့နေရာတွေ ရေတင်နေတယ်လို့လည်း သိရပါတယ်။ ဖုန်းလိုင်းများလည်း တော်တော်များများ ပြတ်တောက်ကုန်ပါတယ်။ အချို့ GSM တွေတော့ ဆက်လို့ရနေပါသေးတယ်။

ရန်ကုန်လေဆိပ်လည်း အလုပ်မလုပ်နိုင်သေးလို့ ခရီးသွားမဲ့သူတွေ ဒုက္ခတွေ့နေကြပါတယ်။ ဒီမနက် ဗဟန်းဖက်ကနေ မြို့ထဲလာတာတောင် ပြိုလဲနေတဲ့ သစ်ပင်တွေ ပိတ်ဆို့နေတဲ့ကားလမ်းကို ခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရတယ်။ ကားတွေများပြီး လမ်းတွေ ပိတ်နေပါတယ်။ လျှပ်စစ်မီးကတော့ အနည်းဆုံး နောက်ထပ် တစ်ပါတ်လောက် ပြန်ရမယ်မထင်ဘူး။ ဖုန်တွေပြတ်တောက်ကုန်လို့ အင်တာနက် လိုင်းတော်တော်များများလည်း ပြတ်ကုန်ပါတယ်။

အိမ်ခေါင်မိုးပေါ်တွေက စလောင်းတွေ ရဝရာခိုင်နှုန်းလောက် ပျက်စီးကုန်တယ်။ စုတ်ပြတ်ကုန်တာရော အောက်ပြုတ်ကျကုန်တာတွေရော။ စျေးနှုန်းတွေလည်း အထိုက်အလျောက်တက်လာလိမ့်မယ်။ ဒီမနက် မနက်စာစားတာ ကြာဇံကြော်ကို ၁၅၀၀ ပေးလိုက်ရတယ်။ စားနေကြရှမ်းဆိုင်လေးပါ အရင်စျေးက တစ်ထောင်ပဲ။

နာဂိမုန်တိုင်းဟာ ရန်ကုန်မြို့ကို မေလ(၂)ရက်နေ့ ညသန်းခေါင်ကျော်လောက်က စတင်ဝင်ရောက်ပါတယ်။ လေတိုက်နှုန်းတွေ တဖြေးဖြေးပြင်းထန်လာပြီး နောက်ဆုံး ဘယ်လောက်များပြင်းထန်လဲဆိုရင် ခြောက်ထပ်တိုက်အပေါ်ဆုံးက ကျွန်တော်တို့အခန်းဟာ ငလျင်ခပ်ပြင်းပြင်လှုပ်သလိုကို သိမ့်သိမ့်တုန်ပြီး ရမ်းနေပါတယ်။ လျှပ်စစ်မီးတွေက ည ၁၁ခွဲလောက်ကတည်းက ပြတ်သွားပါပြီ။ ခေါင်မိုးက သွပ်အချို့ လန်သွားပုံရတယ် ရေတွယိုလာပါရော။ အိမ်ခေါင်ထိပ်လေပေါက်လေးနှစ်ခုကနေ ရေတွေဝင်တာများ သင်္ကြန်ရေပက်နေသလားပဲ။

ပြူတင်းပေါက်မှန်ကကြည့်နေရင်း သွပ်တွေလန်ထွက်သွားတာ၊ စလောင်းတွေ အင်တင်နာတွေ ပြုတ်ကျကုန်တာ သစ်ကိုင်းတွေကျိုးကျတာတွေ မြင်နေရတယ်။ မနက် ခြောက်နာရီလောက်မှာ ခဏရပ်သွားပြီး သိပ်မကြာပါဘူး ပြန်စပြန်ရော ဒီတစ်ခေါက်မှာ မိုးက ပိုပြီးပါလာတယ်။ အဲဒီလိုနဲ့ တိုက်လိုက်တာ မနေ့က (မေလ ၃ရက်) နေလည်ပိုင်းလောက်မှ ရပ်သွားတယ်။

မနေ့ကတော့ ဘယ်မှလည်း သွားမရဘူး လမ်းတော်တော်များများ ပိတ်ဆို့နေတယ်။ ကားတွေလည်း မရှိဘူး။ ဒီမနက်တော့ လမ်းတွေက သစ်ပင်တွေကို အထိုက်အလျောက်ရှင်းထားလို့ ကားတစ်စီးစာ လောက်မောင်းလို့ရနေပြီ။ တိုက်စီတွေလည်း အနည်းအကျဉ်း ပြန်ထွက်တယ်။ ဒါပေမဲ့ ဟိုနား ဒီနားပဲလိုက်တယ်။ TV Lines တွေပြန်လွှင့်နေပြီလို့ နယ်ကဖုန်းဆက်တဲ့ အသိတစ်ယောက်ပြောလို့သိရတယ်။ ဒါပေမဲ့ မုန်တိုင်းနဲ့ ရန်ကုန်မြို့သတင်းတွေ မပါပဲ မဲရုံမဲရုံ သီချင်းတွေပဲလွှင့်နေသတဲ့ ကောင်းရော။

Hand Phoneလေးနဲ့ ဓါတ်ပုံလေးတစ်ချို့တစ်ဝက်ရိုက်ထားပေမဲ့ ကွန်ပျူတာထဲကူးဖို့ အခုအဆင်မပြေလို့ နောက်ရက်မှတင်တော့မယ်။ ဘာပဲပြောပြော အစိုးရကတော့ တော်တော်ဝမ်းသာမှာပဲ။ မဲပေးမဲ့ရက်နီးလာလို့ အင်တာနက်တွေ Oversea call တွေ စလောင်းက သတင်းတွေကို ဘယ်လို ထိန်းချုပ်ရမလဲစဉ်းစားနေမှာ အခုတော့ နာဂိကြောင့် အတော့ကို အဆင်ပြေသွားပြီပေါ့။ ကုန်းတွင်းပိုင်းတောင် ဒီလောက် ဆိုးဆိုးရွားရွားထိခိုက်တာ ဧရာဝတီတိုင်းထဲက မုန်တိုင်းလမ်းကြောင်းကျတဲ့ မြို့တွေ ဘယ်လိုဖြစ်မယ်ဆိုတာ မတွေးဝံ့ဘူး။

မေလ (၃)ရက်ညပိုင်း တီဗွီအစီအစဉ်တွေမှာ မဲရုံမဲရုံ ....မင်း ၁၈နှစ်ပြည့်ပြီလား .... ဒီသီချင်းတွေကလွဲရင် မုန်တိုင်းနဲ့ပတ်သက်လို့ ဘာမှ သတိပေးချက် ညွှန်ကြားချက်တွေ ထွက်မလာဘူး။ နိုင်ငံခြား အင်တာနက်သတင်းတွေက ဆိုးရွားမယ် ရန်ကုန်ကို ဖြတ်နိုင်တယ် ပြောနေပေမဲ့ ဒီသတိပေးချက်ကို အင်တာနက်ကြည့်ရတဲ့ လူအချို့သာသိပြီး အများပြည်သူက ဘာမှမသိလိုက်ရဘူး။ တိုင်းပြည်ကို ကာကွယ်မယ် ကိုနယ်ချဲ့လက်အောက်အရောက်မခံ စသည်ဖြင့် မရောင်ရာ ဆီလူး အော်ဟစ်ကြွေးကြော်နေပေမဲ့ တကယ့် အရေးကြုံတော့ တိုင်းပြည်ကို ကာကွယ်နိုင်လို့လား။

ကြိုတင်စီစဉ်မှုတွေ သတိပေးမှုတွေဘာလို့ထွက်မလာတာလဲ .... ဧည့်စာရင်းမတိုင်ရင်ဖမ်းမယ်၊ ဆန္ဒပြရင်ပစ်မယ် ဖမ်းမယ်ဆိုတဲ့ ဟာမျိုးတွေကြရင် ကားနဲ့ ညကြီးသန်းခေါင်လည့်အော်နိုင်ပြီး ဒီလောက်ကြီးတဲ့ ဆိုးတဲ့ မုန်တိုင်းဝင်မှာမျိုးကြတော့ သတိပေးဖို့ စိတ်ကူးမရှိကြဘူး။ မဲနိုင်ဖို့ပဲ အာရုံရောက်နေကြတာလား .... အာဏာကိုသာမက်ပြီး တာဝန်သိတတ်မှု တာဝန်ယူမှု စေတနာထားမှုဆိုတာတွေ မရှိတဲ့ကောင်တွေပဲ ......

No comments: