



၁၉၉ဝလောက်ကပါ။ MCC မှာ Basic Computerသုံးလ၊ ပြီးတော့ Advance သုံးလသင်တန်း တက်ပြီး ကာလပေါ့။ MCC မှာပဲ အခမဲ့ Job training အဖြစ် စက်ခန်းကို စောင့်ပေး၊ စက်ခန်းထဲမှာ သုံးတာ exercise လုပ်တာတွေ ကူညီပေးရင်း ညဖက်စက်တွေအားချိန်မှာ ကွန်ပျူတာလေးသုံးခွင့်ရနေတဲ့ ကာလပေါ့။
တစ်ရက်မှာ ဆရာဦးဇော်ဇော်မျိုး (Programming နဲ့ပတ်သက်လာရင် ကျွန်တော့်ရဲ့ ပထမ အဓိကဆရာပေါ့) က သူ့အသိ ကုမ္ပဏီတစ်ခုမှာ ကွန်ပျူတာတစ်လုံးရှိပြီး စာရင်းတွေ ဘယ်လိုလုပ်လို့ရတယ်ဆိုတာ သွားပြပေးဖို့ ခိုင်းပါတယ်။ နေရာကလည်း နီးနီးလေး ဗိုလ်အောင်ကျော်လမ်းအပေါ် ဘလောက်မှာပေါ့။ MCCက ၄၂လမ်းထိပ် မဟာဗန္ဓုလ လမ်းပေါ်မှာလေ။
ဇီဇဝါဆိုတဲ့ ကုမ္ပဏီပါ။ အဲဒီအချိန်က သစ်လုံးတွေ သစ်ခွဲသားတွေ Export လုပ်ပါတယ်။ လူ၁ဝယောက် လောက်နဲ့ run လုပ်နေ။ အဲဒီကို ရောက်တော့ MD ဦးသန်းဌေးက XT Computerလေး တစ်လုံး ကိုကျွန်တော့်ကို ပြတယ်။ သူ့ရဲ့ သစ်စာရင်းတွေကို ကွန်ပျူတာနဲ့ သုံးချင်ကြောင်း ဘယ်လိုသုံးရမယ် မသိကြောင်း ပြောပါတယ်။ ဒါနဲ့ သူတို့စာရင်းတွေ ယူကြည့်ပြီး သစ်လုံးဆိုရင် ဘယ်လို ခွဲသားဆိုရင် ဘယ်လို လုပ်လို့ရကြောင်း Lotus 123 နဲ့ နမူနာလုပ်ပြလိုက်တယ်။ သစ်ခွဲသားအထုတ်လိုက်မှာ ဘယ် size ဘယ်နှစ်ချောင်း ပါတယ်ဆိုတဲ့ အသေးစိတ် စာရင်းကနေ summary ကို macro နဲ့ လုပ်ပေးလိုက်တယ်။ နေ့လည်ခင်းက သွားလိုက်တာ ညနေမိုးချုပ် သွားတယ်။ ဘာရယ်မဟုတ်ပါဘူး ကိုယ်ကလည်း စိတ်ဝင်စားတာရယ် ဆရာကခိုင်းလိုက်တာရယ်ကြောင့် သေသေချာချာလေး လုပ်ပေးလိုက်တယ်။
ဒါနဲ့ ညနေ ပြန်ခါနီးတော နောက်တစ်ရက်လောက် လာပေးပါဦးလို့ request လုပ်တယ် ဒါနဲ့ နောက်နေ့ တစ်ခေါက်ထပ်သွားပြီး ကျန်တာလေးတွေ ထပ်လုပ်ပေးလိုက်တယ်။
ညနေပြန်ခါနီးကျတော့ ဦးသန်းဌေးက အလုပ့်ခန့်ချင်ပါတယ်တဲ့ .. ဆရာ့ကိုလဲ ပြောထားပြီးပါပြီတဲ့ လုပ်နိုင်မလားတဲ့ ... အကြောင်းပြန်ပါ့မယ်ဆိုပြီး ပြန်လာခဲ့တယ်။ နောက်ရက် ဆရာနဲ့ တွေ့တော့ သူက လုပ်ငန်းအတွေ့အကြုံရအောင် လုပ်ဖို့ တိုက်တွန်းတာနဲ့ လုပ်ဖြစ်သွားတယ်။ စစချင်း လစာ ၁၅ဝဝကျပ် ပေးပါတယ်။ (နည်းတယ် မထင်ပါနဲ့ Van ကားတစ်စီး ခုနစ်သိန်း၊ ဂျင်းဘောင်းဘီတစ်ထည် ရဝဝကျပ်၊ ဘီယာတစ်ဗူး ၇၅ကျပ်၊ Lucky Strike ဆေးလိပ် ၄ဝကျပ်ပဲ ရှိသေးတယ်။) သိပ်မကြာဖူး ၂၅၀၀ တိုးပေးပါတယ်။ အဲဒီအချိန်က နေတာက လမ်း၄ဝအောက်ဘလောက်ဆိုတော့ အဆင်ပြေတာပေါ့။
ရုံးသွားရင် လမ်းလျှောက်သွားရုံပဲ။ နေ့လည်ဆိုလည်း ထမင်းကျွေးတယ်။ ဗိုလ်ချုပ်စျေးက ဖိနပ်ဆိုင်မှာ စျေးရောင်းပြီး နောက်ပိုင်း ပထမဆုံး လခစာအလုပ်ပါပဲ။ ရုံးချိန်ကတော့ ပုံမှန်အတိုင်း မနက် ၉နာရီကနေ ညနေ၅နာရီအထိပေါ့။ ကိုယ့်တာဝန်က ကွန်ပျူနဲ့ သစ်စာရင်းတွေလုပ်တာရယ် စာစီစာရိုက်ရယ်ပေါ့။ ဒါပေမဲ့ စာရေးလုပ်နေရင်းနဲ့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အလုပ်လုပ်ပုံတွေကို လေ့လာပါဆိုတဲ့ အဖေ့ရဲ့ လမ်းညွှန်မှုနဲ့ တစ်ခြားအလုပ်တော်တော်များများကိုလဲ လုပ်ခဲ့ဖူးတယ်။
နယ်ကရောက်လာတဲ့ သစ်လုံးတွေကို ဆင်မလိုက်ဝင်းထဲမှာ ထားတဲ့အချိန် နံပါတ်ခဲခြစ်တာ.. နိုင်ငံခြားပို့ဖို့ သဘောင်္ပေါ် သစ်တင်တဲ့နေ့တွေဆို ဆိပ်ကမ်း သဘောင်္ဘေးမှာ ညလုံးပေါက်စောင့်ရင်း ဝင်လာတဲ့ ကားတစ်စီက Covoy Note ကို သစ်လုံးနဲ့ တိုက်စစ် လက်မှတ်ထိုးပေးတာမျိုးတွေ၊ ဘဏ်သွားပြီး LC ယူတာ telex သွားပို့တာ စသည်ဖြင့် တော်တော် စုံစုံလုပ်ခဲ့ဖူးတယ်။ ကျွန်တော့်ကို အလုပ် ခန့်ပြီးတာနဲ့ dot matrix printer လေးဝယ်ပေးတယ်။ စာရင်းတွေ ထုတ်လို့ရအောင်ပေါ့။ သုံးလေးလလောက်ကြာတော့ ကျွန်တော့ကို 286လေးတစ်လုံး ထပ်ဝယ်ပေးတယ်။ မြန်မာစာနဲ့ ရိုက်လို့ရတဲ့ စာတွေကိုပါရိုက်ချင်လို့။
အလုပ်ဝင်ပြီး သိပ်မကြာဖူး ကွန်ပျူတာ တက္ကသိုလ်ဝင်ခွင့်ရတယ်။ ခဏနဲ့ ပြန်ပိတ်သွားတယ်။ တကယ် ကျောင်းပြန်ဖွင့်တော့ သူတို့ကလည်း part-time လုပ်စေချင်တာနဲ့ ဆက်လုပ်တယ်။ မနက်ပိုင်းကျောင်းတက်၊ ၁၂နာရီနောက်ပိုင်း အတန်းတွေ major subject မပါရင်ဖျက်ပေါ့။ တစ်ချို့ရက်တွေ ကျောင်းဖျက်ပေါ့။ အဆင်ပြေပါတယ်။ ကိုယ်ကလည်း အလုပ်လုပ်ရတာ စိတ်ဝင်စားနေပြီကိုး ... ပထမနှစ် နောက်ဆုံး စာမေးပွဲ chemistry ဖြေရမဲ့ရက်မှာ သဘောင်္တင်ရက်နဲ့ ကြုံလို့ ည ၁ဝနာရီလောက်အထိ လုပ်ပေးရသေးတယ်။
အရမ်းကို အကျိုးရှိခဲ့တာက ဆရာဦးသန်းဌေးဆီကနေ office management ပုံစံတွေ နည်းစနစ်တွေ ရလိုက်တာပဲ။ Fileတွဲပုံ ရုံးစာရေးပုံ စာရင်းအင်းထားပုံ စတာတွေ သင်ကြားခွင့်ရလိုက်တယ်။ နှစ်ပတ်လည်စာရင်းတွေလည်း ကိုယ်ပဲရိုက်ပေးတာဆိုတော့ investment ဆိုတာဘယ်လို ... share စာရင်းတွေ ဘယ်လိုထားရတယ် ... dividend ဘယ်လိုပေးရတယ်ဆိုတာတွေ လေ့လာခွင့်ရခဲ့တယ်။ အလုပ်ကို ဘယ်လို လုပ်ရတယ် ဘယ်လိုစီမံရတယ်ဆိုတာလေးတွေ သိလာတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အချိန်မှာ အရမ်းကို အသုံးဝင်အကျိုးရှိခဲ့တာပေါ့။
အခုရေးရင်းတောင် ဆရာဦးသန်းဌေး ကို ကျေးဇူးထပ်တင်မိပါတယ်။ အဲဒီမှာ သုံးနှစ်လောက်လုပ်ဖြစ်ခဲ့တယ်။ 3rd year ရောက်တော့ စာကို ပိုလုပ်ချင်တာရယ် ကွန်ပျူတာ ဘာသာရပ်တွေကို ပိုပြီးလုပ်နို်င်ဖို့ အဲဒီကထွက်ခဲ့တယ်။ ကိုယ့်အလုပ်က ကွန်ပျူတာ စာရေးလေးဆိုပေမဲ့ Business Company တစ်ခုဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ထဲထဲဝင်ဝင်လေ့လာခွင့်ရခဲ့တယ်။ ဝင်ငွေလည်းရတာပေါ့။ ကိုယ့်ကျောင်းစရိတ်ကိုယ်ပေးနိုင်တဲ့အပြင် အိမ်ကိုပါပေးနိုင်သေးတယ်။ အဲဒီတုန်းက အဆောင်နဲ့ ကျောင်းကင်တင်းတွေမှာ သူငယ်ချင်းတွေကို မကြာခဏမုန့်ကျွေးနိုင်တာပေါ့။ ဘာပဲပြောပြော ဇီဇဝါမှာ အလုပ်လုပ်ခဲ့တာ ကျွန်တော့်ဘဝရဲ့ အစိတ်ပိုင်းလေးတစ်ခုပါပဲ။
ငယ်ငယ်တုန်းကဆိုတာ ကိုယ် တစ်တန်း နှစ်တန်း အရွယ်လောက်ကိုပြောတာ။ အဲဒီအချိန်တုန်းက လှည်းတန်း ကုန်းဆင်းနားက ကောင်စီရုံးဘေး ပန်းခြံလမ်းမှာနေကြတယ်။ အမေ လွိုင်ကော်ကို မပြောင်းရခင် လောက်ကပေါ့။ ကျောင်းပိတ်ရက် စနေ သို့မဟုတ် တနင်္ဂနွေ အဆင်ပြေတဲ့တစ်ရက်ရက်မှာ အဖေက မြို့ထဲမှာ ရုပ်ရှင်လိုက်ပြလေ့ရှိတယ်။ အိမ်ကနေ ငါးမိနစ်ကျော်ကျော်လောက် လမ်းလျှောက်လိုက်ရင် လှည်းတန်း ဘူတာကို ရောက်တယ်။ အဲဒီကနေ မြို့ပတ်ရထား စောင့်စီးကြတာပေါ့။
အဖေက အိမ်က နံရံတစ်ခုမှာ လှည်းတန်းဘူးတာက ရထားအချိန်တွေကို ရေးထားတယ်ဗျ။ မြို့ထဲဖက်ကို ဆိုဘယ်အချိန်တွေ အင်းစိန်ဖက်ကို ဆို ဘယ်အချိန်တွေ စသည်ဖြင့်ပေါ့ ... အိမ်ကထွက်တည်းက အချိန်ကိုက်ပြီး ထွက်လာတာပေါ့။ရထားတွေက တစ်ခါတစ်ရံ အနည်းငယ်နောက်ကျတာကလွဲလို့ မလာတာမရှိဘူးဗျ။ လှည်းတန်းဘူတာကနေ မြို့ထဲ ဘုရားလမ်းဘူတာအထိ စီးသွားရတယ်။ ရထားခက တစ်ယောက်ကို တစ်မတ်ပေါ့။ ဘုရားလမ်းဘူတာ ရောက်ရင် စကော့စျေးကို ဖြတ်ထွက်ပြီး ဗိုလ်ချုပ်လမ်းအတိုင်း ရုပ်ရှင်ရုံတွေဖက် သားအဖနှစ်ယောက် လမ်းလျှောက်သွားကြတာပေါ့။
အဲဒီအချိန်က Traders Hotel ကြီးနေရာမှာ ပပဝင်းရယ် ဂုဏ်ရယ် နှစ်ရုံ ကပ်လျှက်ရှိတာလေ။ အခု Central Hotel နေရာက မီးလောင်သွားတဲ့တော်ဝင်ရုပ်ရှင်ရုံ အပျက်ကြီးရှိတယ်။ ရုပ်ရှင်ကြည့်ခက အပေါ်ထပ် ၅ကျပ်၊ အောက်ထပ်ကို ၄ကျပ်။ ကျွန်တော်က ငယ်သေးတော့ လက်မှတ်ဝယ်စရာ မလိုဘူး။ လက်မှတ် တစ်စောင်ပဲ ဝယ်ပြီး အဖေ့ပေါင်ပေါ် ထိုင်ကြည့်ရတာပေါ့။ ရုံထဲမဝင်ခင် အဖေက နို့အေးချောင်းဝယ်ကျွေးလေ့ရှိတယ်။ တစ်ကျပ်။ တစ်ခါတစ်လေ ရေငတ်ရင် ရေခဲရေသည်ဆီက တစ်ခွက် တစ်မတ်နဲ့ ရေခဲရေသောက်တာပေါ့။
သံရေပုံးလေးပေါ်မှာ ရေစစ်လေးနှစ်ခုလောက်ကို သံဖရိမ်နဲ့တပ်ထားပြီး ရေခဲတုံးလေး တင်ထားတာ။ သောက်မဲ့သူလာမှ လ ရေပုံးထဲကရေကို ရေခဲတုံးပေါ်လောင်းချပြီး အောက်ကခွက်လေးခံထား နောက်နှစ်ခါ သုံးခါလောက်လောင်း ပြီး ပေးတာပေါ့။ အဲဒီတုန်းက ရေသန့်ဗူး ဆိုတာလဲ မရှိသေးပါဘူး။
တစ်ချို့ရက်တွေမှာ ရုပ်ရှင်ကြည့်ပြီးရင် လေဟာပြင်ဖက် လမ်းလျှောက်ပြီး ဆီချက်တို့ ကော်ရည်ခေါက်ဆွဲတို့၊ အခေါက်ကင် အသားကင်နဲ့ ထမင်းပေါင်းလဲ လိုက်ကျွေးလေ့ရှိတယ်။ နှစ်ယောက်စားတာ အလွန်ဆုံး တစ်တယ် ဆယ့်နှစ်ကျပ်ပေါ့။ ပြီးရင် မြို့ပတ်ရထား၊ သို့မဟုတ် နံပါတ် (၈) လိုင်းကားနဲ့ အိမ်ပြန်ကြတာပေါ့။
ကြာခဲ့ပြီပေါ့။ မနေ့ညက သားလေးကို ကြည့်နေရင်း အဲဒီအကြောင်းလေးတွေ ခေါင်းထဲပြန်ပေါ်လာလို့။ သားလေး နည်းနည်းကြီးလာရင် အဖေက ကျွန်တော့်ကို ရုပ်ရှင်လိုက်ပြခဲ့သလိုပဲ သားလေးကို လဲလိုက်ပြရမယ် လို့ တွေးနေမိတယ်။ ပျော်စရာကြီး .....
မိုးလည်း ဖြိုင်ဖြိုင်ရွာ၏။ နေလည်း ကျက်ကျက်ပူ၏။ မိုးသည်း၍ စဖိုသည် ဆင်းရဲခဲ့ရ၏။ ကျက်ကျက်ပူသောနေကြောင့် ပုဇွန်သေခဲ့၏။ ဆန့်ကျင်ဘက်နှစ်ခုသည် တစ်ပြိုင်နက် ဖြစ်၏။ အံဖွယ်ရာသီပေ။ ဆန့်ကျင်ဘက်တို့ကြောင့် လူ့ဘုံသည် လှုပ်ရှား၏။
ဆေးရောင်သည် တစ်ရောင်တည်း မရှိစကောင်း။ အပူချည်းသက်သက်၊ အအေးချည်းသက်သက် မရှိစကောင်း။ တစ်ဖက်သတ် တစ်ခုစွဲသာ ရှိအံ့။ လူ့ဘုံသည် တိတ်ဆိတ် အေးစက်သွားပေလိမ့်မည်။ အဘယ်မှာ တိတ်ဆိတ်သင့်အံ့နည်း။ လူသည်လည်း တိတ်ဆိတ်ခြင်းငှာ အဘယ်မှာ စွမ်းနိုင်ပါအံ့နည်း။ အမြဲလှုပ်ရှားမည်သာ။ လှုပ်ရှားလျှင် ဆန့်ကျင်ဘက်တို့၏ တိုက်ပွဲကြောင့် ဖြစ်ရပေမည်။
အမှောင်ကို ဆန့်ကျင်လိုက်၍သာ အလင်းပေါ်ခဲ့သည်။ ညကို ဆန့်ကျင်လိုက်၍သာ ရောင်နီပေါ်ခဲ့သည်။ လူဗီဇသည် ဆုတ်နစ်မှုကို ဆန့်ကျင်၏။ အမှောင်ကို ဆန့်ကျင်၏။ မညီမျှမှုကို ဆန့်ကျင်၏။ ဓမ္မတာပင်။ သစ်ပင်ငယ်သည် စိမ်းလန်းခဲ့ပြီ။ မှိုင်းညို.ခဲ့ပြီ။ ဖွံ့ထွားစည်ပင်ခဲ့ပြီ။ မိုးရေကို အဝသောက်ရသောကြောင့်ဟု မိုးက ဂုဏ်ဖော်၏။ နေခြည်ကို အဝသောက်ရသောကြောင့်ဟု နေက ဟိတ်ထုတ်၏။ သစ်ပင်ငယ်သည် မိုးနှင့်နေတို့၏ ပဋိပက္ခကြားတွင် ကြီးမားထွားကျိုင်းခဲ့လေသည်။
ပိတောက်မှသရဖီသို့ (တင်မိုး)
တောင်မြစ်ကမ်းယံ ကန္တာရုမှာ
ကန်ရာသီပြု ခေတ်သဘင်။
ဖန်လာပြီခု အသစ်လွင်အောင်
သရစ်ပြင် ဆင် ပြန်သမို့။
ငှက်ပြိုင်းညင်းနှင့် ကြိုင်သင်းထွေတယ်
ခိုင်ယင်းမာရွှေ ဂုဏ်ကြီးကျယ်ရော့လို့။
ဦးမောင်ကလေး
05 Sep 2008 3:18PM @ Yangon
အခုလေးတင် ငလျင်လှုပ်သွားပါတယ်။ ကုက္ကိုင်းက ကျွန်တော့်ရုံးမှာ အလုပ်ထိုင်လုပ်နေတုန်း ခပ်ပြင်းပြင်းလေး ငြိမ့်ကနဲ တစ်ချက်ဖြစ်သွားပြီး ဆက်တိုက် ၁၅စက္ကန့်လောက် လှုပ်သွားပါတယ်။ သိပ်အားအပြင်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အထပ်မြင့်ပေါ်ကလူတွေကတော့ တော်တော်လေး သိသိသာသာ ခံစားလိုက်ရပါတယ်။
အနီးအနားပတ်ဝန်းကျင်မှာတော့ အပျက်အစီးမတွေ့ရပါဘူး။ ကြောက်ပြီး တိုက်ပေါ်ကဆင်းလာတဲ့ သူအချိုု့တော့ရှိတာပေါ့။ GTalk ကနေ ရန်ကုန်တွင်းက တစ်ခြားသူတွေကို မေးကြည့်တာ တစ်ချို့ဆို လှုပ်သွားတာတောင် မသိလိုက်ဘူး။ ဆူနာမီမတိုက်ခင်က လှုပ်သွားသလောက်တော့ မပြင်းဘူးဗျ။
နာဂစ်ဆိုတာကြီး ပြီးသွားလို့ ကယ်ဆယ်ရေးတွေ လုပ်လို့မဆုံးသေးခင်မှာ နောက်ထပ် ဘေးဆိုးကြီး တစ်မျိုး တော့ ရောက်မလာပါစေနဲ့ ....
EMBA ညနေပိုင်းသင်တန်း အမှတ်စဉ်(ရ)ကို မနေ့က စတင်ဖွင့်လှစ်ပါပြီ။ မနေ့က သူတို့ရဲ့ Fresher Welcome ပေါ့။ EMBA ရဲ့ ထုံးစံအတိုင်း 7th batch ကို ကြိုဆိုဖို့ 6th Batch ကဆောင်ရွက်ရပါတယ်။ ဘာလိုလိုနဲ့ 7th batch တောင် ရောက်သွားပါရော့လား။ ကျွန်တော်တက်ခဲ့တာက 4th batchပါ။ သင်တန်းကာလ ၂နှစ်ပြီးဆုံးလို့ စာတန်းတင်တဲ့ ကိစ္စလဲ ပြီးပြီ။ နောက်လဆို ဘွဲ့တောင်ယူရတော့မယ်။
ကျွန်တော့်အနေနဲ့ ပထမဆုံး 1st Batch ကတည်းက တက်ချင်လွန်းလို့ ဝင်ခွင့်စာမေးပွဲဝင်ဖြေခဲ့တာပါ။ စဖွင့်တဲ့ အပတ်စဉ်ဆိုတော့ တက်ချင်တဲ့သူတွေအများကြီး ၀ိုင်းလျှောက်ကြတယ်။ရေးဖြေအောင်ပြီး interview မှာ ပြုတ်ကျန်ခဲ့ပါတယ်။ အဲဒီတုန်းက အသက် ၃၀ ပြည့်တယ်ဆိုရုံလေးရှိသေးတာကိုး။ မေးတာတွေ ကောင်းမွန် စွာ ဖြေနိုင်ခဲ့သော်လည်း အဆုံးသတ်မှာ ဒေါက်တာ ဒေါ်ခင်စန်းရီက you are quite young.... ဆိုပြီး interview မှာပြောပါတယ်။ အောင်စာရင်းကပ်တော့ ပြုတ်ကျန်ခဲ့ပါလေရော။ ဒါနဲ့ 2nd Batch မှာ မဖြေသေးပဲ စောင့်နေပါတယ်။ နောက်နှစ်ကျတော့လည်း မန္တလေးရုံးခွဲကိစ္စနဲ့ သင်တန်းခေါ်ချိန်မှာ မန္တလေး ရောက်နေတာနဲ့ 4th Batch ကြမှပဲ လျှောက်ဖြစ်တော့တယ်။
ကျွန်တော့်ကို EMBA တက်ချင်သူများ မကြာခဏ လာလာမေးလေ့ရှိကြတယ်။ ဘာတွေလိုသလဲ ကျောင်းတက်ရတာ ဘယ်လိုလဲ စသည် စသည်ဖြင့်ပေါ့ ... သူတို့ကို ပြောပြခဲ့တာတွေ တစ်ခြားသူများလဲ သိရှိနိုင်အောင် ဘလော့မှာပဲ ရေးထားလိုက်ပါမယ်။
ပထမအဆင့် လျှောက်လွှာတင်ခြင်း
ဒီသင်တန်းကို တက်ဖို့ လျှောက်လွှာတင်ချိန်မှာ အသက် ၃ဝပြည့်ပြီးဖြစ်ရပါမယ်။ မန်နေဂျာအဆင့် လုပ်သက် ၈နှစ် ရှိရပါမယ်။ နှစ်စဉ် ဇွန် ဇူလိုင်လောက်ဆို သတင်းစာက ကြော်ငြာနဲ့ သင်တန်းအတွက် လျှောက်ဖို့ ခေါ်ပါတယ်။ RC2 ပတ္တမြားဆောင် (ယခင်ကွန်ပျူတာတက္ကသိုလ် နဲ့ကပ်လျှက်) မှာ လျှောက်လွှာဝယ်ရမယ် ဖြည့်ပြီး တင်ရပါမယ်။ မြို့နယ် မရက ရုံးက ထောက်ခံစာကိုလဲ တင်ပေးရပါတယ်။ အဲဒီလိုယူဖို့ ရပ်ကွက်မှာ ပထမအဆင့် နေထိုင်ကြောင်းလျှောက်လွှာယူပြီး နောက်တစ်ဆင့် ရဲစခန်းမှာ ထောက်ခံစာယူရမယ် အဲဒီနှစ်ခုပြပြီး မရကမှာ ထောက်ခံစာယူရမှာပါ။
--------------------------------------------------------------------------------------------------------
ရေးဖြေစာမေးပွဲ
သတ်မှတ်ရက်မှာ ရေးဖြေစာမေးပွဲကို ဖြေရပါမယ်။ ရန်ကုန်တက္ကသိုလ်ပင်မဝင်းအတွင်းက စီးပွားရေးတက္ကသိုလ် main မှာ ဖြေရပါတယ်။ နံနက် ၉နာရီကနေ ၁၂နာရီအထိ ဆက်တိုက် English, Maths, Logic တို့ဖြစ်ပါတယ်။ တစ်နာရီဆီ ဖြေရတာပါ။ GMAT စာမေးပွဲမေးခွန်းတွေပါပဲ။ GMAT စာအုပ်တွေ ကိုကြိုတင် လေ့လာထားရင် ဖြေနိုင်ပါတယ်။
---------------------------------------------------------------------------------------------------------------
Interview
ရေးဖြေအောင်တဲ့သူတွေက Referee 2ယောက်ဆီက ထောက်ခံစာနှစ်စောင် တင်ပေးရပါတယ်။ တစ်ဦးက ကိုယ့်ရဲ့ Academic ဖက်ကပါ။ ပါမောက္ခ ဌာနမှူးလောက် ဖြစ်ဖို့လိုပါတယ်။ နောက်တစ်ဦးက အလုပ်နဲ့ ပတ်သက်တဲ့ ဖက်ကပါ။ ကိုယ့်အလုပ်ရှင် MD, Director စသည်ဖြင့် တစ်ဦးဦးကို ရေးထိုးစေရမှာ ဖြစ်ပါတယ်။ (လျှောက်လွှာဝယ်ကတည်းက ပေးထာတယ်။ ဖြည့်ပြီး လက်မှတ်ထိုး တံဆိပ်တုံးထုပြီး ပြန်တင်ရုံပဲ) ပြီးတော့ နောက်တစ်ခုက ကိုယ့်ရဲ့ Bachelor Degree ရခဲ့တဲ့ ကျောင်းက နောက်ဆုံးနှစ်ရဲ့ အမှတ်စာရင်း (သို့) Grading ကို တင်ပြရပါတယ်။
Interview ကို မနက်ပိုင်းနဲ့ ညနေပိုင်း နှစ်သုတ်ခွဲပြီးလုပ်ပါတယ်။ တစ်ချိန်ထဲမှာ ဆရာကြီး ဆရာမကြီးတွေက အဖွဲ၂ခုခွဲပြီး တစ်ပြိုင်နက်ထဲ စစ်ဆေးပါတယ်။ ကိုယ်ကျတဲ့အချိန်မှာ ကျတဲ့ အဖွဲ့နဲ့ ဝင်တွေ့ပြီး ဖြေရုံပါပဲ။
Interview မှာ အောက်ပါအချက်တွေကို ကြည့်ပါတယ်
Personality and Appearance - ပျံလန်နေအောင် ဝတ်စားသွားစရာမလိုပါဘူး။ သပ်သပ်ရပ်ရပ်နဲ့ ကိုယ် နေနေကြပုံစံလေးပဲကောင်းပါတယ်။
Achievement - Academic record ကိုကြည့်ပါတယ်။ Bachelor တုန်းက grading ကောင်းခဲ့ရင် ပိုအဆင်ပြေပါတယ်။ ပြီးတော့ လုပ်ခဲ့တဲ့အလုပ်တွေနဲ့ လက်ရှိရာထူး အဖွဲ့အစည်းကို ကြည့်ပါတယ်။
Response and communication သွက်လက်ချက်ချာမှု English speaking အထိုက်အလျောက် ကောင်းမွန်မှု pro-active ဖြစ်ခြင်း positive-minded ဖြစ်ခြင်း တို့ကို ကြည့်ပါတယ်။
Commitment ဒီသင်တန်းကို အလေးထားပြီး ပြီးဆုံးသည်အထိ မှန်မှန်တက်နိုင်မဲ့အကြောင်း တက်ချင်တဲ့အကြောင်းတွေ ပြောဖို့လိုပါတယ်။ ဝင်ခွင့်ရသွားပြီး အရမ်းကျောင်းပျက်သူများကို ဆရာမကြီးများ မနှစ်မြို့ပါ။ ပထမနှစ်က interviewမှာ ပြုတ်ခဲ့ပြီး ယခုနှစ်ပြန်လျှောက်တာဆိုရင် အဲဒီအကြောင်းကို ထည့်ပြောပါ။ အဲဒီလို ဇွဲမလျှော့ပဲ ထပ်ကြိုးစားတဲ့သူတွေကို chance ပေးလေ့ရှိပါတယ်။
Expectation သင်တန်းက ဘာတွေရမယ်ထင်လဲ ဘာကြောင့်လာတက်ချင်ရတာလဲ စသည်ဖြင့်ပေါ့။
-----------------------------------------------------------------------------------------------------------------
သင်တန်းတက်ရောက်ခြင်း
သင်တန်းကာလက ၂နှစ်ဖြစ်ပါတယ်။ Quarter တစ်ခု (သုံးလ) မှာ 3 subjects သင်ကြားရပါမယ်။ သင်တန်းချိန်က ညနေ (၅)နာရီခွဲက နေ (၇)နာရီခွဲအထိပါ။ တနင်္လာ ကနေစနေအထိပါ။ စနေနေ့က နေ့လည် ၂နာရီကနေ၄နာရီ တက်ရပါတယ်။ တစ်လခွဲကြာတဲ့အချိန်မှာ Mid-Term စာမေးပွဲ စစ်ပါတယ်။ သုံးလပြည့်ရင် Final Exam ပါ။ ပြီးတာနဲ့ နောက် Quarter မှာ subject အသစ် ၃ခု ထပ်သင်ကြားပါမယ်။ ပထမနှစ်ရဲ့ တဝက်လောက်မှာ ရန်ကုန်အနီးတဝိုက် Plant Trip လေ့လာရေးခရီးစဉ်ရှိပါမယ်။ Group အလိုက် report ပြန်တင်ရပါမယ်။ တစ်ဦးချင်းအလိုက်ရော Group အနေနဲ့ပါ Assignment, Presentation, Book Review စတာတွေ လုပ်ရပါမယ်။
သင်တန်း ဒုတိယနှစ်မှာ ပြည်တွင်း (သို့) ပြည်ပ လေ့လာရေးခရီးစဉ်ရှိပါတယ်။ 1st batch က Hongkong, China သွားခဲ့ပါတယ်။ 2nd batch က ပုပ္ပါး မိထ္ထီလာ မုံရွာ စသည်ဖြင့် အထက်မြန်မာပြည်ဖက်ထွက်ပါတယ်။ 3rd batch က ဧရာဝတီတိုင်းဖက်နဲ့ ကျွန်တော်တို့ 4th batch က Hongkong, China ကိုသွားပါတယ်။ အခု 5th batch ကတော့ ဘယ်သွားဖြစ်မယ် မသိသေးဘူး။
စာသင်နှစ် ၂နှစ်ပြီးရင် Term Paper တစ်ခုတင်ရပါတယ်။ (1) Industrial - လုပ်ငန်းတစ်ခု အသစ် ဆောင်ရွက်ဖို့ အသေးစိတ် လေ့လာပြီး ရေးရတဲ့ Term paper ပါ။ တီချယ်ကြီး ဒေါ်နုနုယဉ်နဲ့ ရေးရပါမယ်။ (2) Marketing, Consumer Behavior စတဲ့ subject area အောက်မှာလည်း ရေးနိုင်ပါတယ်။ တီချယ် ဒေါ်ခင်စန်းရီနဲ့ပါ။ ဒီနှစ်ခုအပြင် Business Ethics, HR, Organizational Design and Development, Captial market စသည်ဖြင့် တစ်ဦးစ နှစ်ဦးစ ရေးကြတာတွေလည်း ရှိပါတယ်။ စာအုပ်တင်ပြီးရင် နှုတ်ဖြေ ဖြေရပါမယ်။ ကိုယ်ရေးထားတာနဲ့ ပတ်သက်လို့ မေးမြန်းကြမှာပါ။
ဒီသင်တန်းရဲ့ အနှစ်သာရက စာသင်ကြားရတာအပြင် ကိုယ့်ရဲ့ social network ကို ချဲ့ထွင်နိုင်ခြင်းပါ။ လုပ်ငန်းအသီးသီးက အသက်၃ဝအထက် မန်နေဂျာနှင့်အထက်အဆင့်လူများနဲ့ သိကျွမ်းရ အတွေ့အကြုံနဲ့ အတွေးအမြင်တွေ ဖလှယ်ရတာကိုက အရမ်းကို တန်ဖိုးရှိပါတယ်။ ဒီသင်တန်းကို တက်ခွင့်ရခဲ့တယ် ဆိုကတည်းက သူတို့မှာလည်း ထူးချွန်တဲ့ အရည်အချင်းတွေရှိလို့ပေါ့။
ဆရာမကြီးတို့အနေနဲ့ ၂နှစ်တာကာလမှာ အများကြီးမသင်ပေးနိုင်တော့ အဓိကအနေနဲ့ mindset ကို change လုပ်ပေးဖို့ ကြိုးစားပါတယ်။ Positive Thinking ဖြစ်လာအောင် Pro-Active ဖြစ်လာအောင် ... management ရဲ့ အနှစ်သာရဖြစ်တဲ့ Getting things done through the people by the people ဆိုတာလေးကို မြင်အောင် တော့ အသေအချာ သင်ကြား လိုက်ပါတယ်။ ကျန်တဲ့ ဘာသာရပ်အလိုက် အသေးစိတ်ကတော့ ကိုယ်လိုက်လုပ်မှ ကိုယ်ရမှာပါ။
၃လအတွင်းမှာ ၃ဘာသာ သင်ရတာဆိုတော့ overview နဲ့ အရေးကြီးတာလောက်ပဲ point out လုပ်ပေးမှာပါ။ ကျန်တာက ကိုယ့်ဖာသာ ဆက်ပြီး လေ့လာရမှာပါ။ သင်တန်းကာလ ၂နှစ်ပြီးရင် Term paper တစ်စောင် ရေးရပါမယ်။ တီချယ်ကြီး ဒေါ်နုနုယဉ်နဲ့ Industrial ပိုင်း ရေးလို့ရပါတယ်။ လုပ်ငန်းအသစ်တစ်ခု တည်ထောင်မည်ဆိုတဲ့ပုံစုံနဲ့ ဘက်စုံ ဒေါင့်စုံက လေ့လာပြီး report ရေးတဲ့ပုံစံပါ။ Financial အတွက် Confer ဆိုတဲ့ programလေး runပြီးdata တွေ ထည့်သွင်းပေးရပါမယ်။ Investment ကဘယ်လောက် ဝင်ငွေ အသုံစရိတ်စသည်ဖြင့် ထည့်သွင်းပြီး သုံးလေးနှစ်စာလောက် runကြည့်လို့ရပါတယ်။ နောက်တစ်ခု အနေနဲ့ Marketing subject area အောက်မှာလည်း တီချယ် ဒေါ်ခင်စန်းရီနဲ့ ရေးလို့ရပါတယ်။ အခြား Organizational Design and Development, HR, Captial market Business Ethic စသည်ဖြင့် တစ်ဦးစ နှစ်ဦးစ ရေးကြတာတွေလည်း ရှိပါတယ်။
ကုန်ကျစရိတ်အနေနဲ့ one quarter အတွက် ကျောင်းလခ 15000 နဲ့ အခြား အထွေထွေစရိတ် 5000 ပေါင်းရင် 20000 သွင်းရပါမယ်။ စာအုပ်ဖိုးအနေနဲ့ တစ်အုပ်ကို တစ်သောင်းခွဲလောက်နဲ့ 45000၊ Group fund, class fund 30000 လောက် ပေါင်းရင် သုံးလကို တစ်သိန်းလောက်ကုန်ပါမယ်။ အဲဒီမှာ ကျောင်းသွားကျောင်းပြန် ကားခ လမ်းစရိတ်မပါသေးဘူး။ ပြည်တွင်းခရီးစဉ်ရှိရင် နှစ်သိန်းလောက်နဲ့ နိုင်ငံခြားခရီးစဉ်ဆိုရင်တော့ ခုနစ်သိန်းလောက် ရှိဖို့လိုပါမယ်။
အတန်းအနေနဲ့ ရံပုံငွေရအောင် activity များပြုလုပ်နိုင်ရင် (ဥပမာ သင်္ကြန် မဏ္ဍတ်ဆောက်ခြင်း) long trip ထွက်တဲ့အခါ တစ်ဦးစီ စိုက်ရတဲ့ငွေ အထိုက်အလျောက် သက်သာနိုင်ပါမယ်။
ကျောင်းသွားကျောင်းပြန်ကတော့ တစ်လလောက်ကြရင် သင်တန်းသားခြင်း ရင်းနီးသွားကြတဲ့အခါ ကားရှိသူများက အခြားကျောင်းသားများကို နီးစပ်ရာ လာခေါ်ပေးခြင်း အပြန်မှာ အနီးဆုံးနေရာများ သို့ ခေါ်သွားပေးခြင်း ဆိုတာမျိုးတွေရှိပါတယ်။ ကျွန်တော်တက်ခဲ့တဲ့ ၂နှစ်တာမှာလည်း အချို့ရက်များမှာ ကိုယ့်ဖာသာ Taxi စီးရတာမှအပ အများအားဖြင့် သူငယ်ချင်းများက လာခေါ်ပေး အပြန် မြိုထဲဆူးလေနား အထိပို့ပေး တာမျိုးနဲ့ အဆင်ပြေခဲ့တာပါ။
EMBA ဆိုတာ ကလေးတန်းလို ကိုယ့်ပုံထဲ ဆရာ ဆရာမတွေက ရေခပ်ထဲ့ပေးမဲ့ သင်တန်း မဟုတ်ပါဘူး။ ရေရှိမဲ့နေရာတွေကို ညွှန်ပြပေးပြီး ကိုယ်တိုင် ကိုယ့်ပုံးထဲ ကြိုးစားပြီး ရေခပ်ထည့်ရမှာပါ။ တစ်ချို့တွေဆို ကလေးတန်းလိုပဲထင်ပြီး စာမေးပွဲအောင်ဖို့ စာသားတွေအလွတ်ကျက်တဲ့အဆင့်နဲ့ပဲ ပြီးဆုံးသွားခဲ့တာပေါ့။ ကိုယ့်ပုံးထဲသူများရေခပ်ပေးမယ်အထင်နဲ့ ... ၂နှစ်ကြာပြီးတော့လည်း ပုံးအလွတ်ကလေးနဲ့ ..... ဘွဲ့ဆိုတဲ့ လက်မှတ်လေးတစ်ခုတော့ ရလိုက်မှာပေါ့။
မောင်ဇူလိုင်က စီပုံးမှာလာအော်သွားတယ်။ တက်ထားပါတယ်တဲ့။ ကိုယ်ကလည်း ဇဝေဇဝါနဲ့ ဘယ်လို တက်တာပါလိမ့်ပေါ့ ... တက်တယ်ဆိုတော့ ဆင်းတာတော့ မဟုတ်ဘူးပေါ့။ ဘယ်ကို မဆင်းပဲ ဘယ်ကို တက်ရမှာတုန်း .....ကိုယ်ငယ်ငယ်က အပြင်းဖျားပြီး တက်ဖူးတယ်။ ကံကောင်းလို့မသေခဲ့တာပေါ့။ အဲဒီလိုတက်တာကြီးတော့ မကြိုက်ပါဘူး။ ဒါနဲ့ ဇူလိုင်ရဲ့ဘလော့ကို သွားပြီး အခြေအနေကိုသုံးသပ်ရတယ်။ My view point တဲ့ ... ကိုယ်သိတဲ့ View Point က ရှုခင်းလှလှလေးတွေ ကြည့်ပြီး ဘီယာသောက်တဲ့ဆိုင် ...မဟုတ်သေးပါဘူး .... ခဏလောက် အသာ အကဲခပ်လိုက်တော့မှသဘောပေါက်သွားတာက သူရေးထားတဲ့ ပုံစံမျိုး ကိုယ့်ဘလော့မှာ လိုက်ရေးရမှာကို .... အဲဒါကို တက်တယ်လို့ ခေါ်သကိုး .... ဖြစ်ရလေ ... ရေးဆိုတော့လည်း ရေးကြတာပေါ့။
------------------------------------------------------------------------------------------------------
ကိုယ့်ရဲ့နာမည် - TK @ ကိုကြီးထွန်း
ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ကြီးသူများက ဘဲလေး၊ ကောင်လေး ... ရွယ်တူများက နံမည်ခေါ်တယ် ... online မိတ်ဆွေများက ကိုလစ်တဲမွန်း၊ ငယ်သူများက ကိုကြီးထွန်းတဲ့ ...
ကိုယ်ဒီမှာနေတယ် - ရွှေတိဂုံဘုရားနားက ခပ်ကျဉ်းကျဉ်း အပေါ်ဆုံးထပ် တိုက်ခန်းလေးမှာ ....
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - လူကြီးမင်းခေါ်ဆိုလိုသော ကိုကြီးထွန်းသည် ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါရှင် ....
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက -
အရောင်ဆိုရင် - အပြာရောင်အနု variation တွေကို ကြိုက်တယ်
အဝတ်အစားဆိုရင် - စပို့ရှပ်နဲ့ ဂျင်းဘောင်းဘီ၊ ကွာတား ဘောင်းဘီတိုတွေလည်း ကြိုက်တယ် အစားအစာဆိုရင် - အဆိပ်မဖြစ်တဲ့ စားကောင်းတာမှန်သမျှ ... လူမျိုးမရွေး ဘာသာမရွေးပဲ
အသောက်ဆိုရင် - ခွေးမသောက်တဲ့အရည်တွေ အရမ်းကြိုက်တယ် (ဘီယာ၊ ဝီစကီ၊ ဂျင်၊ ဗော်လ်ကာ...)
အားကစား - ကိုယ်တိုင်ကစားတာဆိုရင် ဘောလုံး၊ ရေကူး၊ ခြင်းလုံး၊ ကြည့်တာ ဘောလုံး တင်းနစ်
ပစ္စည်းဆိုရင် - Handset, Camera, Computer... Electronic ပစ္စည်းလေးတွေကို ရူးသွပ်တယ်
သီချင်းဆိုရင် - Sweet Sweet Smile Everyday ... အဲဒီလို ခပ်အေးအေးလေးတွေကြိုက်တယ်၊ Classical piano symphony တွေလည်းကြိုက်တယ်
စာရေးစာဆရာ - မြန်မာလိုရော ဘိုလိုရော များစွာများစွာပဲ စာအုပ် - အခုနောက်ဆုံးကြိုက်နေတာက Jim Colllins ရဲ့ Good to Great
Life style – ပျော်သလိုပဲ
ကိုယ့်ရဲ့ဝါသနာ - အပျင်းထူရတာ
အလိုချင်ဆုံးလက်ဆောင် - Europe ကို စိတ်ကြိုက်လည်ဖို့ sponsor ပေးမဲ့လူ
ကိုယ့်ရဲ့ အချစ်ဆုံးသူက - မိန်းမနဲ့ သားလေးပေါ့
ကိုယ့်ရဲ့ အလေးစားဆုံးသူက - ကိုယ့် MD ကိုနေ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - များစွာ များစွာ
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - Jack Deniel
ကိုယ့်ရဲ့ အမုန်းဆုံးသူက - အာဏာ၊ လက်နက်တို့နဲ့ နိုင့်ထက်စီးနင်းလုပ်တတ်သူများ
ရင်အခုန်ဆုံးအချိန် - ဟိုတစ်ရက်က Absolute Vodka ပုလင်းကြီးကို လက်နဲ့တိုက်မိပြီးစားပွဲပေါ်က ပြုတ်ကျမလိုဖြစ်လို့ ဒိုင်ဗင်ထိုး ဖမ်းလိုက်ရတဲ့အချိန်
အကြောက်ဆုံးအချိန် - ဆိုင်မှာနင်းကန်စားသောက်ပြီး စာပွဲထိုးက bill လာပေးတဲ့အချိန်
အပျော်ဆုံးအချိန် - အချိန်တိုင်းနီးပါး ပျော်နေတာပဲ ကလေးဘဝ လွိုင်ကော်မြို့နဲ့ မိထ္ထီလာ ရှမ်းတဲ လေတပ်စခန်းမှာ နေခဲ့ရတဲ့နေရက်တွေက အတော်ပျော်စရာကောင်းခဲ့တယ်
အမှတ်တရနေ့ - အမှတ်တရတွေများလွန်းလို့ တစ်ရက်ကြရင် စာအုပ်ထုတ်မလားလို့
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု -
သောက်ချင်တာတွေသောက်လို့ရတဲ့ မကုန်နိုင်မခမ်းနိုင် Mini Bar လေးတစ်ခုပါတဲ့ စာအုပ်တွေအများကြီးရှိတဲ့၊ TV, DVD Player နဲ့ အခွေတွေအများကြီးလဲရှိတဲ့ ဘောလုံးပွဲတွေ တင်းနစ်ပွဲတွေ အကုန်ကြည့်လို့ရတဲ့ ကိုယ်ပိုင်အခန်းလေးတစ်ခု
အချစ်ဆိုတာ - ချစ်တယ်ပေါ့
အမုန်းဆိုတာ - ပူလောင်ခြင်း ခါးသီးခြင်းပေါ့
အလွမ်းဆိုတာ - မရနိုင်တာကို တမ်းတနေခြင်းပါ
သံယောဇဉ်ဆိုတာ - နှောင်ဖွဲ့ခြင်းပေါ့
ဘဝဆိုတာ -လမ်းကြောင်းတစ်ခုပေါ်မှာ ယုံယုံကြည်ကြည်နဲ့ မှန်မှန်လေးလျှောက်လှမ်းနေခြင်းပေါ့ သူငယ်ချင်းဆိုတာ - ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းလေးတစ်ခုပေါ့
ချစ်သူဆိုတာ - အိမ်ကမိန်းမကြီလေ ....
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - စည်းမဲ့ကမ်းမဲ့ ဂျစ်ပစီတစ်ယောက်
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - "Nothing lasts forever..."
အပြောချင်ဆုံးစကားတစ်ခွန်း - ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်လုပ်တာကိုယ်တာဝန်ယူ ကိုယ့်တန်ဖိုးကိုယ်သတ်မှတ် ကိုယ်ဖြစ်ကိုယ်ခံ