Wednesday, September 10, 2008

ကွန်ပျူတာစာရေးလေး ကျွန်တော်

၁၉၉ဝလောက်ကပါ။ MCC မှာ Basic Computerသုံးလ၊ ပြီးတော့ Advance သုံးလသင်တန်း တက်ပြီး ကာလပေါ့။ MCC မှာပဲ အခမဲ့ Job training အဖြစ် စက်ခန်းကို စောင့်ပေး၊ စက်ခန်းထဲမှာ သုံးတာ exercise လုပ်တာတွေ ကူညီပေးရင်း ညဖက်စက်တွေအားချိန်မှာ ကွန်ပျူတာလေးသုံးခွင့်ရနေတဲ့ ကာလပေါ့။ 

 တစ်ရက်မှာ ဆရာဦးဇော်ဇော်မျိုး (Programming နဲ့ပတ်သက်လာရင် ကျွန်တော့်ရဲ့ ပထမ အဓိကဆရာပေါ့) က သူ့အသိ ကုမ္ပဏီတစ်ခုမှာ ကွန်ပျူတာတစ်လုံးရှိပြီး စာရင်းတွေ ဘယ်လိုလုပ်လို့ရတယ်ဆိုတာ သွားပြပေးဖို့ ခိုင်းပါတယ်။ နေရာကလည်း နီးနီးလေး ဗိုလ်အောင်ကျော်လမ်းအပေါ် ဘလောက်မှာပေါ့။ MCCက ၄၂လမ်းထိပ် မဟာဗန္ဓုလ လမ်းပေါ်မှာလေ။


ဇီဇဝါဆိုတဲ့ ကုမ္ပဏီပါ။ အဲဒီအချိန်က သစ်လုံးတွေ သစ်ခွဲသားတွေ Export လုပ်ပါတယ်။ လူ၁ဝယောက် လောက်နဲ့ run လုပ်နေ။ အဲဒီကို ရောက်တော့ MD ဦးသန်းဌေးက XT Computerလေး တစ်လုံး ကိုကျွန်တော့်ကို ပြတယ်။ သူ့ရဲ့ သစ်စာရင်းတွေကို ကွန်ပျူတာနဲ့ သုံးချင်ကြောင်း ဘယ်လိုသုံးရမယ် မသိကြောင်း ပြောပါတယ်။ ဒါနဲ့ သူတို့စာရင်းတွေ ယူကြည့်ပြီး သစ်လုံးဆိုရင် ဘယ်လို ခွဲသားဆိုရင် ဘယ်လို လုပ်လို့ရကြောင်း Lotus 123 နဲ့ နမူနာလုပ်ပြလိုက်တယ်။ သစ်ခွဲသားအထုတ်လိုက်မှာ ဘယ် size ဘယ်နှစ်ချောင်း ပါတယ်ဆိုတဲ့ အသေးစိတ် စာရင်းကနေ summary ကို macro နဲ့ လုပ်ပေးလိုက်တယ်။ နေ့လည်ခင်းက သွားလိုက်တာ ညနေမိုးချုပ် သွားတယ်။ ဘာရယ်မဟုတ်ပါဘူး ကိုယ်ကလည်း စိတ်ဝင်စားတာရယ် ဆရာကခိုင်းလိုက်တာရယ်ကြောင့် သေသေချာချာလေး လုပ်ပေးလိုက်တယ်။ 

 

ဒါနဲ့ ညနေ ပြန်ခါနီးတော နောက်တစ်ရက်လောက် လာပေးပါဦးလို့ request လုပ်တယ် ဒါနဲ့ နောက်နေ့ တစ်ခေါက်ထပ်သွားပြီး ကျန်တာလေးတွေ ထပ်လုပ်ပေးလိုက်တယ်။
ညနေပြန်ခါနီးကျတော့ ဦးသန်းဌေးက အလုပ့်ခန့်ချင်ပါတယ်တဲ့ .. ဆရာ့ကိုလဲ ပြောထားပြီးပါပြီတဲ့ လုပ်နိုင်မလားတဲ့ ... အကြောင်းပြန်ပါ့မယ်ဆိုပြီး ပြန်လာခဲ့တယ်။ နောက်ရက် ဆရာနဲ့ တွေ့တော့ သူက လုပ်ငန်းအတွေ့အကြုံရအောင် လုပ်ဖို့ တိုက်တွန်းတာနဲ့ လုပ်ဖြစ်သွားတယ်။ စစချင်း လစာ ၁၅ဝဝကျပ် ပေးပါတယ်။ (နည်းတယ် မထင်ပါနဲ့ Van ကားတစ်စီး ခုနစ်သိန်း၊ ဂျင်းဘောင်းဘီတစ်ထည် ရဝဝကျပ်၊ ဘီယာတစ်ဗူး ၇၅ကျပ်၊ Lucky Strike ဆေးလိပ် ၄ဝကျပ်ပဲ ရှိသေးတယ်။) သိပ်မကြာဖူး ၂၅၀၀ တိုးပေးပါတယ်။ အဲဒီအချိန်က နေတာက လမ်း၄ဝအောက်ဘလောက်ဆိုတော့ အဆင်ပြေတာပေါ့။ 

 

ရုံးသွားရင် လမ်းလျှောက်သွားရုံပဲ။ နေ့လည်ဆိုလည်း ထမင်းကျွေးတယ်။ ဗိုလ်ချုပ်စျေးက ဖိနပ်ဆိုင်မှာ စျေးရောင်းပြီး နောက်ပိုင်း ပထမဆုံး လခစာအလုပ်ပါပဲ။ ရုံးချိန်ကတော့ ပုံမှန်အတိုင်း မနက် ၉နာရီကနေ ညနေ၅နာရီအထိပေါ့။ ကိုယ့်တာဝန်က ကွန်ပျူနဲ့ သစ်စာရင်းတွေလုပ်တာရယ် စာစီစာရိုက်ရယ်ပေါ့။ ဒါပေမဲ့ စာရေးလုပ်နေရင်းနဲ့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အလုပ်လုပ်ပုံတွေကို လေ့လာပါဆိုတဲ့ အဖေ့ရဲ့ လမ်းညွှန်မှုနဲ့ တစ်ခြားအလုပ်တော်တော်များများကိုလဲ လုပ်ခဲ့ဖူးတယ်။ 

 

နယ်ကရောက်လာတဲ့ သစ်လုံးတွေကို ဆင်မလိုက်ဝင်းထဲမှာ ထားတဲ့အချိန် နံပါတ်ခဲခြစ်တာ.. နိုင်ငံခြားပို့ဖို့ သဘောင်္ပေါ် သစ်တင်တဲ့နေ့တွေဆို ဆိပ်ကမ်း သဘောင်္ဘေးမှာ ညလုံးပေါက်စောင့်ရင်း ဝင်လာတဲ့ ကားတစ်စီက Covoy Note ကို သစ်လုံးနဲ့ တိုက်စစ် လက်မှတ်ထိုးပေးတာမျိုးတွေ၊ ဘဏ်သွားပြီး LC ယူတာ telex သွားပို့တာ စသည်ဖြင့် တော်တော် စုံစုံလုပ်ခဲ့ဖူးတယ်။ ကျွန်တော့်ကို အလုပ် ခန့်ပြီးတာနဲ့ dot matrix printer လေးဝယ်ပေးတယ်။ စာရင်းတွေ ထုတ်လို့ရအောင်ပေါ့။ သုံးလေးလလောက်ကြာတော့ ကျွန်တော့ကို 286လေးတစ်လုံး ထပ်ဝယ်ပေးတယ်။ မြန်မာစာနဲ့ ရိုက်လို့ရတဲ့ စာတွေကိုပါရိုက်ချင်လို့။ 

 

အလုပ်ဝင်ပြီး သိပ်မကြာဖူး ကွန်ပျူတာ တက္ကသိုလ်ဝင်ခွင့်ရတယ်။ ခဏနဲ့ ပြန်ပိတ်သွားတယ်။ တကယ် ကျောင်းပြန်ဖွင့်တော့ သူတို့ကလည်း part-time လုပ်စေချင်တာနဲ့ ဆက်လုပ်တယ်။ မနက်ပိုင်းကျောင်းတက်၊ ၁၂နာရီနောက်ပိုင်း အတန်းတွေ major subject မပါရင်ဖျက်ပေါ့။ တစ်ချို့ရက်တွေ ကျောင်းဖျက်ပေါ့။ အဆင်ပြေပါတယ်။ ကိုယ်ကလည်း အလုပ်လုပ်ရတာ စိတ်ဝင်စားနေပြီကိုး ... ပထမနှစ် နောက်ဆုံး စာမေးပွဲ chemistry ဖြေရမဲ့ရက်မှာ သဘောင်္တင်ရက်နဲ့ ကြုံလို့ ည ၁ဝနာရီလောက်အထိ လုပ်ပေးရသေးတယ်။ 

 

အရမ်းကို အကျိုးရှိခဲ့တာက ဆရာဦးသန်းဌေးဆီကနေ office management ပုံစံတွေ နည်းစနစ်တွေ ရလိုက်တာပဲ။ Fileတွဲပုံ ရုံးစာရေးပုံ စာရင်းအင်းထားပုံ စတာတွေ သင်ကြားခွင့်ရလိုက်တယ်။ နှစ်ပတ်လည်စာရင်းတွေလည်း ကိုယ်ပဲရိုက်ပေးတာဆိုတော့ investment ဆိုတာဘယ်လို ... share စာရင်းတွေ ဘယ်လိုထားရတယ် ... dividend ဘယ်လိုပေးရတယ်ဆိုတာတွေ လေ့လာခွင့်ရခဲ့တယ်။ အလုပ်ကို ဘယ်လို လုပ်ရတယ် ဘယ်လိုစီမံရတယ်ဆိုတာလေးတွေ သိလာတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အချိန်မှာ အရမ်းကို အသုံးဝင်အကျိုးရှိခဲ့တာပေါ့။ 

 အခုရေးရင်းတောင် ဆရာဦးသန်းဌေး ကို ကျေးဇူးထပ်တင်မိပါတယ်။ အဲဒီမှာ သုံးနှစ်လောက်လုပ်ဖြစ်ခဲ့တယ်။ 3rd year ရောက်တော့ စာကို ပိုလုပ်ချင်တာရယ် ကွန်ပျူတာ ဘာသာရပ်တွေကို ပိုပြီးလုပ်နို်င်ဖို့ အဲဒီကထွက်ခဲ့တယ်။ ကိုယ့်အလုပ်က ကွန်ပျူတာ စာရေးလေးဆိုပေမဲ့ Business Company တစ်ခုဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ထဲထဲဝင်ဝင်လေ့လာခွင့်ရခဲ့တယ်။ ဝင်ငွေလည်းရတာပေါ့။ ကိုယ့်ကျောင်းစရိတ်ကိုယ်ပေးနိုင်တဲ့အပြင် အိမ်ကိုပါပေးနိုင်သေးတယ်။ အဲဒီတုန်းက အဆောင်နဲ့ ကျောင်းကင်တင်းတွေမှာ သူငယ်ချင်းတွေကို မကြာခဏမုန့်ကျွေးနိုင်တာပေါ့။ ဘာပဲပြောပြော ဇီဇဝါမှာ အလုပ်လုပ်ခဲ့တာ ကျွန်တော့်ဘဝရဲ့ အစိတ်ပိုင်းလေးတစ်ခုပါပဲ။

2 comments:

JulyDream said...

ဆရာ ဦးဇော်ဇော်မျိုးက ကျွန်တော်ရဲ့ C, C++ Programming ဆရာပါပဲ ခင်ဗျ။

မေ said...

ကျွန်မလဲ ကိုလကလေးလို ကွန်ပျူတာစာရေး ဘ၀နဲ့ စခဲ့ပါတယ်။ ကျောင်းတက်ရင်း အလုပ်လုပ်တာလဲ တူတယ်။ ကိုလကလေး excel batch က ကျွန်မထက် ရှေ့စောမယ်ထင်တယ်။