လမ်းကလေးပေါ်၌ ယင်းမာပွင့်ကလေးများ ကြွေလျက်ရှိ၏။ မိုးစဲလျှင် ယင်းမာနံ့ တပျံံ.ပျံ. သင်းကြလိမ့်မည်။ ပန်လိုသူ ရှိသည်ဖြစ်စေ၊ ပန်လိုသူ မရှိသည်ဖြစ်စေ၊ ယင်းမာပန်းကလေးတို့သည် သူတို့၏ ရနံ့ကို စွန့်ကြမည် မဟုတ်။ ပန်းကလေးတို့သည် ရာသီအလှည့်ကျ ပွင့်ကြရန် မိမိတို့ တာဝန် မလစ်ဟင်း၊ ကိုယ်၏ အစွမ်းအစ မှန်သမျှတို့ကို ထုတ်၍ အလှည့်ကို စောင့်မျှော်ကြရှာသည်။
မိမိတို့ အခါတွင် မြိုင်မြိုင် ပွင့်လိုက်ကြ၏။ နောက်ရာသီတွင် ပွင့်ကြမည့် ပန်းအတွက် ကြွေပေးလိုက်ကြ၏။ ငါသာလျှင် မင်းမူမည်ဟု စိုးစဉ်းမျှ မတွေး။ စိုးစဉ်းမျှမတွက်။ သူတစ်ပါး၏ အစွမ်းဂုဏ်ကို ပြန်ရန် နေရာပေးကြလေ၏။ မိုးစဲချိန်တွင် လူတို့သည် ပန်းများကို ကောက်၍ နမ်းသူလည်း နမ်းကြ၏။ အမှတ်တမဲ့ နင်းချေသွားကြသူတို့လည်း အပုံပင်။
သို့ရာတွင် သူတို့၌ နာကြည်းစိတ်၊ လောကကို မလိုစိတ်၊ နှာခေါင်းရှုံ.လိုစိတ် မရှိ။ အေးဆေးစွာပင် ခွင့်လွှတ် ကြည်ဖြူ နိုင်ကြ၏။ ယင်းမာပန်းကလေးတို့သည် ဤလောကထံမှ တစ်စုံတစ်ခု ရယူလိုခြင်း မရှိ။ သူတို့သည် သူတို့ပိုင် ရနံ့များကို ပေးကမ်းရန် အလို့ငှာသာလျှင် ရောက်လာကြ၏။ အဘယ်ကြောင့်ဆိုသော် မိခင် သစ်ပင်ကြီးသည် သားသမီးငယ်များကို မည်သည့်အရာကိုမျှ မတောင့်တရန် သွန်သင်လိုက်ပြီး ဖြစ်သောကြောင့်ပေတည်း။
ပိတောက်မှ သရဖီသို့ (တင်မိုး)
No comments:
Post a Comment