Friday, September 12, 2008

မိန်းမ သွားတောင်းမယ်ဆိုရင်

သမီးသွားတောင်းတယ်၊ တောင်းရမ်းတယ်၊ မြန်းတယ် စသည်ဖြင့်အမျိုးမျိုးခေါ်ကြတာပေါ့။ ပြောချင်တာက သတို့သားလောင်းဖက်က မိဘစုံရာနဲ့ သတို့သမီးလောင်းရဲ့ အိမ်ကို သွားရောက်တောင်းရမ်းကြတာပေါ့။ သတို့သမီးဖက်နဲ့သိတဲ့ လူကြီးတစ်ဦးတော့ အနည်းဆုံး ခေါ်သွားရတာပေါ့။ သူကပဲ ဒိုင်ခံ မိတ်ဆက် စကားလမ်းကြောင်း ပြီး ဒိုင်ခံပြောလေ့ရှိတာပေါ့။ ဘာတွေဘယ်လိုပြောပေးရတယ်တော့မသိဘူး။ ကိုယ့်တုန်းကတော့ အဖေနဲ့အမေကိုခေါ်ပြီး သူတို့အိမ်ကို မုန့်ဟင်းခါးစား အလည်သွားတဲ့ ပုံစံမျိုးနဲ့ပဲပြီးသွားတာ။ စားကြသောက်ကြရင်း အလာဘ သလာဘပြောကြပေါ့။ 
.
နှစ်ဖက်မိဘတွေက အားလုံး အစိုးရဝန်ထမ်း လုပ်ခဲ့တာဆိုတာ့ ဘယ်တုန်းက ဘယ်ကဲသို့ဘာညာနဲ့ လေပေးတဲ့သွားကြလေရဲ့။ ကိုယ်တို့ကိစ္စအတွက်ကတော့ မင်းတို့ဘာသာ အဆင်ပြေသလိုလုပ်ကြပါတဲ့။ ဒါနဲ့ပဲ ပြီးသွားတယ်။ ကောင်းရော။ ဒါပေမဲ့ တစ်ချို့ ရပ်ရွာတွေမှာက မိန်းမတောင်းရမ်းတဲ့နေရာမှာ ထူးထူးဆန်းဆန်း ဓလေ့တွေ ရှိတယ်ဗျ။ တစ်ခါတုန်းက စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် ဖောင်းပြင်ဒေသမှာ တာဝန်ကျတဲ့ ကျောင်းဆရာကြီးကို ရွာက လူငယ်တစ်ယောက်နဲ့ သူ့မိဘတွေက ဆရာကြီးခင်ဗျား ...တစ်ဖက်ရွာမှာ မိန်းမလိုက်တောင်းပေးပါတဲ့။ 
.
ဆရာကြီးကလည်း .. အေး လိုက်တောင်းပေးမယ်လို့ သဘောတူလိုက်တယ်။  နောက်နေ့ ဆရာကြီးက ဝတ်ကောင်းစားလှ ဝတ်လို့ပေါ့။ လူငယ်ရယ် သူ့မိဘတွေနဲ့ တစ်ဖက်ရွာကို ကုန်းကြောင်း ချီတက်သွားကြတာပေါ့။ သတို့သမီးလောင်း အိမ်နားရောက်တော့ လူငယ်က ဆရာကြီကို ကပ်ပြီးမှာသတဲ့။ ဆရာကြီးခင်ဗျား ကျွန်တော်က ပြေးလို့ပြောရင် ပြေးပါဆရာကြီး...တဲ့။ ဆရာကြီးက ဘာကိုပြေးရမှာတုန်းပေါ့ ဇဝေဇဝါနဲ့။ သူတို့သမီးအိမ်ရဲ့ ခြံရှေ့ရောက်တော့ ...လူငယ်ကအော်ပြောသတဲ့ .. ကျွန်တော်တစ်ဖက်ရွာက မောင်ဘယ်သူပါ.... ဦး.ဘယ်သူ ဒေါ်ဘယ်သူတို့ရဲ့ သမီး မအဲခွေးကို မိသားဖသားပီပီလာတောင်းပါတယ် ခင်ဗျားတဲ့..... အဲဒီလို အော်ပြောလိုက်တာနဲ့ သတို့သမီးအိ်မ်ပေါ်ကလူတွေက ဘယ်ကကောင်တုန်းကွ...ဆိုပြီး ဒေါသဖြစ်တဲ့ မျက်နှာထားတွေနဲ့ ပြေးဆင်းလာကြသတဲ့။ 
.
ရန်လိုပြီး ရိုက်မယ်နှက်မယ်ဆိုတဲ့တဲ့ပုံစံတွေနဲ့။ လူငယ်က ဆရာကြီးကို ပြေးတော့ဆရာကြီး ပြေးပါ ပြေးပါလို့ အော်သတဲ့။ ပြီးတော့ သူရယ် မိဘနှစ်ယောက်ရယ် သုတ်ခြေသင်ပြီး ပြေးပါလေရောတဲ့။ တစ်ဖက်က လူအုပ်ကြီးကလည်း ရိုက်မယ်နှက်မယ်ဆိုတဲ့ ပုံစံနဲ့ဆိုတော့ ဆရာကြီးလဲ တအားလန့်သွားပြီး လူငယ်နဲ့ သူ့မိဘတွေနောက်ကို နောက်ကျတဲ့ခြေတောက် သစ္စာဖောက်ဆိုပြီး အတင်းပြေးရတော့တာပေါ့။ ရွာအစွန်လောက်ရောက်တော့ လူတွေကဆက်မလိုက်တော့ဘူး။ ဒါနဲ့သူတို့လည်း ပြေးရာကရပ်လို့ အမောဖြေကြတာပေါ့။ ဆရာကြီးက ...မင်းကွာ... ရုပ်ပျက်ဆင်းပျက်နဲ့ ကြိုတင်ပြီး မပြောဆိုထားဘူးလား. .... ဆိုတော့ သည်းခံပေးပါဆရာကြီး.. အောင်မြင်တဲ့အထိလုပ်ပေးပါ.. ဒီဒေသရဲ့ထုံးစံပါတဲ့။ 
.
ဆရာကြီးလဲ အူကြောင်ကြောင်နဲ့ပေါ့။ ဒါနဲ့ သတို့သမီးလောင်းအိမ်ကို တစ်ခေါက်ထပ်သွားကြပြန်ရော။ ခုနကလိုပဲ လူတွေ ထွက်လိုက်ကြလို့ ပြေးရပြန်ရော။ ဆရာကြီးလဲ ဝတ်ကောင်းစားလှတွေဝတ်ပြီး ချွေးတလုံးလုံးနဲ့ပေါ့။ သုံးခေါက်ပြေးပြီးသွားလို့ လေးခေါက်မြောက်အခေါက်ကြမှမှ အိမ်ပေါ်ကလူကြီးတွေက ... အေး ... မင်းက ငါတို့သမီးကို ကျွဲလိုနွားလို လုပ်ကျွေးမှာလား..တဲ့မေးရော။ လူငယ်ကလည်း လုပ်ကျွေးပါမယ်ခင်ဗျာပေါ့ ... ဒီလို အနည်းငယ် ပြောဆိုပြီးမှ ခြံတံခါးဖွင့်ပေးပြီး အိမ်ပေါ်တက်ရသတဲ့။ .
 
သမီးရှင်ဖက်ကို ဘယ်လောက်လေးစားတယ် တန်ဖိုးထားတယ် အနွံအတာခံတယ်ဆိုတာ ပြတဲ့သဘောတဲ့။ ဖြစ်ရလေ။ (တော်သေးလို့ ကိုယ့်တုန်းကသာ အဲဒီလိုလုပ်ရမယ်ဆိုရင် ခုနစ်ထပ်တိုက်ပေါ် သုံးလေးခါ အတက်အဆင်းလုပ်ရရင် မိန်းမမရပဲနဲ့ အသက်ထွက်သွား နိုင်တယ် :D ) ပြောကြဆိုကြနဲ့ ကိစ္စတွေပြီးလို့ ကိုယ့်ရွာဖက်ပြန်ကြတော့ အတော့်ကို မောပန်းပြီး ချွေးတွေရွှဲနေတဲ့ ဆရာကြီးက စိတ်ဆိုးမာန်ဆိုးနဲ့ပြောလိုက်တာက ....မင်းကွာ ခွေးသွားတောင်းတာတောင် ဒီလောက်ပြေးနေရရင် လူသာတောင်းရင်တော့ ခက်ရချေရဲ့ ... (သတို့သမီးနံမည်က မအဲခွေးကိုး) :D .
 
မိန်းမလိုက်တောင်းပေးမယ်ဆိုရယ် ဘယ်ဒေသလဲဆိုတာအရင်မေးဦးနော် .... မဟုတ်ရင် ဆရာကြီးကို ဘုမသိဘမသိနဲ့ ပြေးနေရဦးမယ် ဟားဟား ... လက်ထပ်တော့မဲ့ ကောင်မလေးတွေ...ကိုယ့်ချစ်သူက တကယ်ချစ်လား တန်ဖိုးထားလား.. သိချင်ရင် အဲဒီလိုလေး တောင်းရမ်းခိုင်းလိုက်ပေါ့ ..... :P
 

5 comments:

TKLinn said...

ပြောပြလိုက်ပါမယ် တစ်ယောက်သောသူကြိးကို

Anonymous said...

ဟား ဟား ပြေးနိုင်လား မေးကြည့်အုံးမှ အကိုရေ အခွင့်သင့်ရင်ပေါ့။
သူတို့ဓလေ့ကလည်း ကြံကြံဖန်ဖန်နော်..:P

JulyDream said...

တရုတ်မှာကတော့ သတို့သားက သတိုးသမီးကို ဂုံးပိုးပြီး ပြေးရတယ်ခင်ဗျ။

အဲဒီ့ဓလေ့က ဟိုးရှေးခေတ် ထိုင်ဝမ်ကျွန်းကနေ အစပြုလာတာပါ။ သတို့သားက သတို့သမီးကို သတို့သမီးအိမ်မှာ ကောင်းချီးပေးနေတဲ့ မိဘတွေရှေ့မှာ ဂုံးပိုးထမ်းရပါတယ်။ ဂုံးပိုးထားတဲ့ သတို့သမီးကို သတို့သား အိမ်အရောက် ထမ်းပြေးရပါတယ်။ သတို့သား အိမ်ရောက်တဲ့အခါမှာလည်း မိဘတွေ မိတ်ဆွေတွေကို အရင် သွားရောက် မနှုတ်ဆက်ရပါဘူး။ မင်္ဂလာပွဲ ကျင်းပမယ့် နေရာကို နှစ်ခေါက် ပတ်ပြေးရပြန်ပါတယ်။ နောက်ဆုံး သတိုးသမီးအခန်းဖြစ်တဲ့ မင်္ဂလာအိပ်ခန်း အထဲထိကို ဂုံးပိုးပြီး ထမ်းပြေးရပါတယ်။ အိမ်ဝေးရင်တော့ သတို့သား လျှာထွက်ပြီ။ သတို့သမီးသာ ၀တုတ်ကြီး ဖြစ်ရင်လည်း သတို့သား ခါးကျိုးမှာ။ တော်သေးပါရဲ့ဗျာ အခုခေတ်မှာ အဲဒီလို ဓလေ့တွေကို သိပ်မလုပ်တော့လို့။

http://july-dream.blogspot.com/2007/10/chinese-marriage-customs-3.html

Cho Wunna said...

ရီလိုက်ရတာနော်။ ဒါမျိုး ဓလေ့ရှိတာ တခါမှ မကြားဖူးဘူး။ ဆရာကြီးကို သနားလိုက်တာ..။

s0wha1 said...

အားရပါးရကို ရယ်မိတယ်။ ပေါက်ပေါက်ရှာရှာပဲ... =)) ကျေားဆရာကြီးလည်း သနားပါတယ်။