Thursday, October 2, 2008

ABCလား အရက်ပြင်းလား @ Baron beer နိဒါန်း

ABC, Tiger နဲ့ Myanmar ဘီယာတွေထုတ်လုပ်တဲ့ Myanmar Brewery Limited (MBL)က marketing strategy တစ်ခု စတင်လိုက်ပါပြီ။ ပြည်တွင်းက အရက်ပြင်းသောက်သုံးသူများရဲ့ စျေးကွက်ဝေစုကို သူ့ရဲ့ alchohol percent မြင့် ဘီယာတွေနဲ့အစားထိုးဖို့ပါ။ 
.
Preemptive Strike လုပ်လိုက်ပုံက သူတို့ရဲ့ ABC စည်ဘီယာ တပ်ပေးထားတဲ့ဆိုင်တွေမှာ ABC စည်ဘီယာကို ဆက်ထားချင်တယ်ဆိုရင် ပြည်တွင်းဖြစ်၊ နိုင်ငံခြားဖြစ် အရက်ပြင်းများ ရောင်းချခြင်းကို ရပ်ပေးရပါတယ်။ ဆိုင်တွေကို စာပို့ပြီး September လကုန်နောက်ဆုံးထားလို့ အကြောင်းပြန် စေခဲ့တာဖြစ်ပါတယ်။ ABC စည်တပ်ထားတဲ့ ဆိုင်အားလုံး လိုလိုမှာလဲ အရက်ပြင်းရောင်းချတာကြောင့် ဆိုင်ရှင်များ ဘယ်ဟာကို ရွေးချယ်ရမယ်ဆိုတာ အတော်စဉ်းစားခဲ့ကြရပါတယ်။ 
.
ABC စည်ဘီယာပဲ ယူတော့မယ်ဆိုရင် သူ့ဆိုင်ကို လာသောက်နေကြ အရက်ပြင်းသောက်တဲ့သူတွေ၊ Myanmar ဘီယာတစ်ခွက်ကို Grand Royal တစ်ပက် ရောသောက်တဲ့သူတွေကို စွန့်လွှတ်ရမှာပါ။ တကယ်လို့ ABCကို ဖြုတ်မယ်ဆိုရင်လဲ ABC ရောင်းအားကြောင့်ရတဲ့ ဝင်ငွေ လျှော့ကျသွားမှာပါ။ ကျွန်တော့်အမြင်ကတော့ MBL အနေနဲ့ ပြည်တွင်းဖြစ် အရက်စျေးကွက်မှာ ထိပ်တန်းနေရာယူထားတဲ့ Grand Royal ရဲ့ စျေးကွက်ဝေစုကို ရယူဖို့ကြိုးစားတာပါ။ အရက်ပြင်းကိုအဓိကရောင်းရတဲ့ တစ်ချို့ဆိုင်တွေက ABC စည်ဘီယာကို ဖြုတ်ကြမှာပါ။ 
.
ABC ရောင်းအား များပြီး အရက်သောက်တဲ့သူတွေ အလာနည်းတဲ့ ဆိုင်မျိုးဆိုရင်တော့ ABC စည်ဘီယာကို ဆက်ထားပြီး အရက်ပြင်းရောင်းတာကို ရပ်ပါလိမ့်မယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က စည်ဘီယာဆိုင် နှစ်ခုရှိပါတယ်။ ဒါနဲ့ သူ့အမြင်နဲ့ သူ့ဆိုင်တွေအတွက် ဘယ်လိုဆုံးဖြတ်တယ်ဆိုတာ မေးကြည့်မိတယ်။ သူ့ဆိုင် နှစ်ဆိုင်လုံးမှာ ABC စည်ဘီယာတပ်ထားတယ်လေ။ သူကတော့ လောလောဆယ် အရက်ပြင်းအရောင်းကို ဖြုတ်ပြီး ABC ကို ယူလိုက်တယ်တဲ့။ ဘာကြောင့်လဲလို့မေးတော့ ပထမတစ်ချက်အနေနဲ့ သူ့ဆိုင်တွေမှာ အရက်ပြင်းသောက်တဲ့ အရက်ဝိုင်းတွေ တအားများနေတာကို လျှော့ချင်လို့တဲ့။ အရက်ပြင်းသောက် ကန်စွန်းရွက်ကြော်၊ မြေပဲလှော်လောက်ပဲမှာစားတဲ့ အပြင်းစားကြိုက် customer တွေကနေ ဘီယာသောက်တဲ့ customer မျိုးတွေ ပိုလာစေချင်လို့တဲ့။ 
.
ဆိုင်ရဲ့ Image နဲ့ style ကိုပြောင်းလဲလိုက်ချင်တာပါ။ ဒါပေမဲ့ ပြဿနာတစ်ခုက ပုံမှန်လာနေကြ ဖောက်သည်တွေထဲက သူတို့အရက်ပုလင်းသယ်လာရင်ရော ပေးသောက်မှာလား တစ်ခြားဆိုင်သွားခိုင်းမှာလား...ဆိုတာပါပဲ။ သူပြောပြမှသိရတဲ့နောက်တစ်ချက်က.. MBL က Baron ဆိုတဲ့ ABC ထက်ပိုပြင်းတဲ့ 8.8% ပါဝင်တဲ့ စည်ဘီယာတစ်မျိုးကို ထပ်ထုတ်လုပ်လိုက်ပြီး ဒီလဆန်းကစလို့ ရန်ကုန်မြို့အတွင်းက ဆိုင် ၁၆ဆိုင်မှာ စတင်မိတ်ဆက်ရောင်းချနေပါပြီတဲ့။ ဆိုင်ပိုင်ရှင်တွေကို ဖိတ်ပြီး Baron မိတ်ဆက်ပွဲလုပ်တုန်းက သူကမြည်းကြည့်ခဲ့ရတဲ့အရ လူအတော်များများသောက်ကြတဲ့ မြန်မာဘီယာတစ်ခွက်ကို တစ်ပက်ရောတဲ့ အရသာမျိုးလောက်ရပါတယ်တဲ့။ သူက ဘီယာသီးသန့်ဆိုတော့ ပြင်းပေမဲ့သောက်ရတဲ့အချိန်မှာ ပိုပြီး ညက်ညောပါတယ်တဲ့။ 
.
MBL က တစ်ခွက် 600, 700 လောက်နဲ့ရောင်းမယ်လို့သတင်းထွက်နေပါတယ်။ မြန်မာ ဘီယာတစ်ခွက်ကို ၆ဝဝကျပ်၊ တစ်ပက်ကို အနည်းဆုံး ၂၅၀ ၃၀၀ ရှိနေတော့ သူ့စျေးကတော့ မဆိုးဘူးလို့ ဆိုရပါမယ်။ ဗိုလ်တထောင်ဘုရားနားက Sport Bar, တရုတ်တန်း ၁၉လမ်းက ကျော်၊ ဂျင်မခန်နာနားက ရွှေလက်ရာ၊ ကန်တော်ကြီးစောင်းက Power Light တို့ပါဝင်တယ်လို့သိရပါတယ်။ သွားသောက်ကြည့်မလို့ဟာ မနေ့ကတော့မသွားဖြစ်ဘူး ဒီညနေမှာအားရင် အဲဒီတစ်ဆိုင်ဆိုင်သွားပြီး စမ်းသောက်ကြည့်ဦးမယ်။ ကျွန်တော့်သူငယ်ချင်း အရက်ပြင်းကို ဖြုတ်လိုက်ပြီး ABC စည်ဘီယာ ရွေးလိုက်တာ အခုအသစ်ထွက်လာမဲ့ Baron နဲ့လည်းအများကြီးပတ်သက်ပါတယ်။ အကယ်၍ သူက ABC စည်ဘီယာကို ဖြုတ်လိုက်ရင် MBL က ဘီယာအသစ်ကို သူ့ဆိုင်တွေမှာ ချမပေးတော့မှာ လည်းစိုးရိမ်ပါတယ်။ 
.
MBLက အခုလို marketing strategy အသစ်ကို စတင်လာတော့ ဘီယာဆိုင်ပိုင်ရှင်များက ဘယ်လို ဆုံးဖြတ်ကြမယ်.. ပြည်တွင်းအရက်စျေးကွက်ဝေစုအများစုရထားတဲ့ IBTC တို့ PMG တို့ကရော ဘယ်လို တုန့်ပြန်လာမယ်ဆိုတာ စိတ်ဝင်စားစရာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့လဲ ဘီယာအသစ်ကို စမ်းပြီး သောက်ကြည့်ဖို့ အတော့်ကို စိတ်ဝင်စားနေပါတယ် :) Photo: ဒါက 29-Sep (တနင်္လာနေ့)က စိန်လျှံမှာ နေ့လည်စာ သွားစားရင်း ကြော်ငြာသင်ပုန်းမှာ ကပ်ထားတာတွေ့လို့ ဓါတ်ပုံရိုက်ယူလာတာပါ။ သူလဲ အဲဒီအချိန်မှာ ABC စည်ဘီယာကို ဖြုတ်ရမလား၊ အရက်ပြင်းအရောင်းတွေကို ရပ်ရမလားနဲ့ ခေါင်းခြောက်နေပုံရတယ်
.။

2 comments:

khin oo may said...

နားလည်အောင်ကြိုးစားပြီး ဖတ်သွားတယ်။ ဒီဘာသာရပ် ကို သိတ် မကျွမ်းကျင် ဘူး။။

Anonymous said...

Pls say "hi" for me to "Ko Kyi Thar(Sein Hlyan)".
strike