Wednesday, October 8, 2008

မိတ်ဆွေ

တိမ်ဖြူတို့သည် ကောင်းကင်တွင် ရွက်တိုက်လျက် မိုးသံလေသံ စဲခဲ့ပြီ။ မိုးရိပ် လေရိပ် စင်ခဲ့ပြီ။ ခြေခင်းလက်ခင်း သာခဲ့ပြီ။ ငှက်လေးတို့သည် လဟာပြင်တွင် မြူးတူးစွာ လှုပ်ခတ်၏။ စိတ်လိုလက်ရ တေးသီချင်းများ ဆို၏။ ငှက်ကလေးတို့သည် ဗိသုကာ အလုပ်မှ ခွင့်ရက်ရှည်ယူခဲ့ပြီးလျှင် နားနားနေနေ ပတ်ဝန်းကျင်ကို ကြည့်၏။ ကိုယ်ညောင်း လက်ဆန့် ပျံသန်း၏။ ရပ်တိုင်းရွာတိုင်း၌ ဆိုင်းတခြိမ့်ခြိမ့်၊ အငြိမ့်ပွဲ ဇာတ်ပွဲ ရုပ်သေးပွဲတို့တွင်လည်း လူတိုးမပေါက် ဝက်ဝက်ကွဲ စည်ကား၏။ ပွဲလမ်းသဘင်တို့ဖြင့် စိုပြည်လှပေ၏။ ရယ်သံ မောသံတို့သည် နိုင်ငံတစ်ခုလုံးအား ဖုံးလွှမ်းလျက်ရှိ၏။ 
.
စိတ်နှလုံး၌ တည်းအပ်သော နှောင်ကြိုးတို့သည် ပြေခဲ့လေပြီ။ လေပြေသည် မိုးဒဏ်ကြောင့် ငြိမ်သက် ဝပ်စင်းနေကြရကုန်သော သစ်ပင်တို့အား သတင်းပေး၏။ လှုံ့ဆော်၏။ ထို့ကြောင့် သစ်ပင်တို့သည် ဦးခေါင်း ခြေလက်တို့ကို ဝှေ့ယမ်း၍ နှုတ်ဆက်စကားဆိုကြကုန်၏။ မိုးရာသီကို နောင်နှစ်မှ ဆုံကြဦးစို့ဟု နှုတ်ဆက်ကြဟန် သစ်ကိုင်းများ ယိမ်းကြ၏။ ကျေးဇူးစကား ပြောကြားကြပြီ။ သည်တကွေ့တွင် မိုးနှင့် တွေ့ခဲ့ပြီ။ သည်ယနေ့တွင် မိုးနှင့် လမ်းခွဲတော့မည်။ ခေတ္တ လမ်းကြုံတုန်း မိတ်ဆွေ ဖြစ်လိုက်ရခြင်း ဖြစ်သည်။ မိတ်ဆွေဖြစ်ပြီးနောက် အဘယ်မှာ မေ့နိုင်တော့အံ့။ 

  ပိတောက်မှ သရဖီသို့ (တင်မိုး)

No comments: