မိုးကုန်ပြီ။ မိုးကောင်းကင်သည် သူ့မျက်နှာတွင် ပေကျံနေသော တိမ်စတိမ်နများကို သန့်ခဲ့ပြီ။ ကောင်းကင်သည် ပြာလဲ့လဲ့။ နေသည် ရဲရဲပေါ်ခဲ့သည်။ ယခင်က မိုးတိမ်များကို ဦးစားပေးခဲ့ရသည်။ ဝင်းပပ ရောင်ခြည်တို့ကို ခဏ ရုပ်သိမ်းခဲ့ရသည်။ အားရှိသော နေမင်း၏ မျက်နှာသည် တိမ်တို့၏ နောက်တွင် ပုန်းနေခဲ့သည်။ သူ့အခါမှာ သူစိုးမိုးပါစေ။ မိုးအခါမှာ မိုးရွာချင်ပေမည်။ 'အလည့်' သို့မဟုတ် 'အခါ' သည် ရှိစကောင်း၏။
.
အရာရာတိုင်း၏ တန်ဖိုးသည်အလှည့်ကို မှီ၍ သို့မဟုတ် 'အခါ' ကိုမှီ၍ တည်တတ်ပေ၏။ ယင်းသို့ အခါသင့် အလှည့်ကြုံလျှင် သူတို့၌ အစွမ်းဟူသည် ရှိကြပေသည်ပင်။ နေမင်းသည် သူသာလျှင် အားကြီးသူဟု မအောက်မေ့။ သူ့အလှည့်သာလျှင် ထာဝစဉ် ရှိရမည်ဟု မတောင်းဆို။ သူ့အခါသာလျှင် အမြဲတည်ရမည်ဟု မထောင်မလွှား၊ မိမိ၏ နေရာကို အလိုက်သိစွာ ဆုတ်ခွာပေးခဲ့ပေ၏။ မိုးညိုပါစေ၊ မှိုုင်းပါစေ၊ ဆိုင်းပါစေ၊ ရွာပါစေ။ ယခုကား မိုးအလှည့်ကုန်ပြီ။ မိုးအခါဆုံးပြီ။ နေမင်းရောင်ခြည် ဖြာဦးအံ့။ နေခြည် မြူးဦးအံ့။ ဤသို့တွေးလျက် တောင်ထိပ်ပေါ်မှ နေမင်းထလိုက်စဉ် နေမင်း၏ ရှေ့၌ နှင်းမှုန်များ ရောက်လာကြကုန်၏။ သြော် ... ဆောင်းအလှည့်ပေတကား။
.
ပိတောက်မှသရဖီသို့ (တင်မိုး)
No comments:
Post a Comment