Thursday, October 23, 2008

မတော်တဆ

မတော်တဆ ... တစ်ခါတစ်ရံ ဘာမဟုတ်တဲ့ အသေးအဖွားကိစ္စလေးနဲ့ ကြီးကြီးမားမားတွေ ထိခိုက်နစ်နာ ကုန်ကြတယ်။ ဘယ်လိုပြောရမလဲ... ကိုယ်ကညံ့လို့လဲမဟုတ် ဂရုမစိုက်လို့မလဲမဟုတ်။ ဖြစ်ချင်လို့ကို ဖြစ်သွားတယ်လို့ပဲပြောရမလား။ မနေ့က ကွန်ပျူတာအသင်းကဆရာသမားတစ်ယောက်အိမ်ကို လူနာသတင်းမေးသွားခဲ့တယ်။ ကိုယ်တို့ သူအိမ်ရောက်တဲ့အချိန်ပဲသူ တာမွေထိပ်က ရွှေဗဟိုဆေးခန်းကပြန်ဆင်းလာတာ။ 
.
ဖြစ်ပုံက အဲဒီနေ့ရဲ့ အရင်တစ်နေ့က ဆရာက သူ့သူငယ်ချင်းတစ်ယောက်အိမ်ကို သွားပြီးအပြန်မှာ လှေကားက ဆင်းပြီး ကြမ်းပြင်မှာ ရေညှိလိုလိုချောနေတာကို နင်းမိပြီး ဖင်ထိုက်လျက်လဲကျသွားတာ။ ဘယ်ဖက်လက်နဲ့ ကြမ်းပြင်ကို ထောက်မိ သွားတော့ လက်ကောက်အဆစ်ကပြုတ်ထွက် အရိုးစလေးတွေလဲကြေသွားသတဲ့။ ဖြစ်မှဖြစ်ရလေ။ Operation နှစ်နာရီလောက် လုပ်လိုက်ရတယ်။ Steel အစိတ်ပိုင်းလေးတစ်ခု မူလီစုပ်ပြီး ထည့်ထားတာ သူ့ဓါတ်မှန်ကြည့်ရတဲ့အရသိရတယ်။ ခွဲစိပ်ပြီးခါစမို့လားမသိဘူး လက်ချောင်းတွေက ရောင်ယမ်းနေသေးတယ်။ လူကတော့ နေသာတဲ့ပုံပါပဲ။ အနည်းဆုံး သုံးပတ် တစ်လလောက် ဘယ်လက်ကို စလွယ်သိုင်းလေးနဲ့ နေရဦးမှာပေါ့။ 
.
ကျွန်တော်လဲ ပြီးခဲ့တဲ့နှစ် ဒီအချိန်လောက်က ဘတ်စ်ကားပေါ်ကအဆင်း ခြေခေါက်ပြီးလဲကျသွားခဲ့တဲ့ ဒဏ်က အခုထိကို မပျောက်ဖူး။ လမ်းများများလျှောက်တာတို့ မြန်မြန်လျှောက်တာတို့ ဘတ်စ်ကားလှေခါးအမြင့်က ဆင်းရင် မျက်ခနဲဖြစ်သွားတာတို့က ကျန်ခဲ့တယ်။ ဘယ်တော့မှ မပျောက်တော့ဘူးထင်တယ်။ အဲဒီ မတော်တဆ ဆိုတာကြီးက တကယ်ကို့ကြောက်ဖို့ကောင်းတယ်။

3 comments:

Anonymous said...

အင်း.....စိတ်မကောင်းစရာဘဲ.....
ဖြစ်တတ်ပါတယ်လေ.......အဲဒီ မတော်တဆ ဆိုတာကြီးက

ဗေဒါရီ said...

မတော်တဆကို မတော်တဆ မဟုတ်ဘဲ တမင်တကာ လာဖတ်သွားပါတယ်။

Moe Cho Thinn said...

ဒါကြောင့်မို့ လူကြီးတွေက ပြောတာနေမှာ။ သွားသတိ လာသတိ တဲ့။ မနှစ်က ဒဏ်ရာကို ဂရုစိုက်အုံးနော်။