အဖိုးဆိုတာ ကျွန်တော့်အတွက် မှတ်ဉာဏ်အာရုံထဲမှာ ၀ိုးတိုးဝါးတားရယ်။ ငယ်ငယ်တုန်းက လှည်းတန်း ပန်းခြံလမ်း ကောင်စီရုံးဘေးကအိမ်မှာနေစဉ်က အဖိုးအဖွားတို့က အောက်ထပ်မှာ နေပြီး ကျွန်တော်တို့က အပေါ်ထပ်မှာနေတာကိုတော့ သတိရတယ်။ အဖိုး (အဖေရဲ့အဖေ)က အငြိမ်းစား မူလတန်းပြကျောင်းဆရာ။ အဲဒီတော့ သူ့မြေးဦး ကျွန်တော့်ကို ကကြီးခခွေး အ အထိရေးတတ်အောင် သင်ပေးသွားခဲ့တယ်။
.
အဲဒီတုန်းက သူသိပ်မကျန်းမာတော့။ လည်ချောင်း ကင်ဆာကြောင့် ဆေးရုံမတက်ရခင်အထိ ကျွန်တော့်ကို စာတွေသင်သွားကြောင်း အဖေက ပြန်ပြောပြဖူးတယ်။ ကိုယ်တိုင်လည်း အဖိုးစာသင်ပေးတာကို ၀ိုးတဝါး မှတ်မိနေတယ်။ အဖိုးဆုံးတော့ အဖေ့တပ်ကရဲဘော်တွေ အိမ်ရှေ့မှာ မိုးကာစနဲ့ တဲကြီးလိုလာထိုးကြတာ၊ အိမ်ကို လူတွေအများကြီးလာကြတာ၊ ကားစီးပြီးသွားကြတော့ ပန်းတွေကြားမှာ စန့်စန့်ကြီးအိပ်နေတဲ့ အဖိုးကို ၀ိုင်းအုံကြည့်နေကြတာ… တစ်ပိုင်းတစ်စ ရေးတေးတေးတွေလောက်ပဲ မှတ်မိတော့သည်။ အဖိုးနဲ့ ဒီထက်ရင်းရင်းနှီးနှီး အချိန်ကြာကြာနေဖို့ အကြောင်းမဖန်ခဲ့ဘူးပေါ့။
.
ကျွန်တော့်ကလေးဘဝအကြောင်းတွေ ပြန်စဉ်းစားမိရင် အဖေအကြောင်းတွေ အများကြီးပါတယ်။ မနေ့ညနေက သားသား မောင်ထွန်းလင်းထွန်း အပြင်ထွက်ချင်တယ်ဆိုပြီး တံခါးကို လက်ညှိုးထိုးနေတာနဲ့ အောင်ဆန်းကွင်းနားက City Mart ကို လိုက်ပို့ရင်း ဟိုးအရင်တုန်းတွေက ညဖက်တွေဆို အဖေက လှည်းတန်းထိပ်က ဆိုင်တန်းလေးတွေဆီကို လမ်းလျှောက်ပို့ပေးရင်း ရေခဲမုန့်ကျွေးတာတွေ ပြန်စဉ်းစားမိတယ်။ အဲဒီတုန်းက ရေခဲမုန့်က တစ်ခု တစ်မတ်ပဲရှိသေးတယ်။
.
ရုံးပိတ်ရက်တွေဆိုရင်လဲ လှည်းတန်းဘူတာကနေ သံလမ်းအတိုင်းလမ်းလျှောက်ပြီး ဆင်မလိုက်သဘောင်္ကျင်းနားက ကန်စွန်းခင်းတွေနား ကစားဖို့ လိုက်ပို့ပေးတတ်တယ်။ အဲဒီမှာ ရွံ့တွေဗွက်တွေနဲ့ ပေတူးနေအောင် ဆော့ပြီးမှ အိမ်ပြန်ကြတာ။ အခုမှ ပြန်တွေးကြည့်ရင် အဖေ့ရဲ့ training တွေက အတော်ကောင်းခဲ့တာ ပြန်တွေ့ရတယ်။ ကလေးကို ကိုယ့်အားကိုယ်ကိုး ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်ဖြစ်ကိုယ်ခံ ဆိုတာမျိုးကို တော်တော်ငယ်ငယ်ကတည်းက မသိမသာ သင်ပေးထားတာ။
.
၂တန်း မတက်ရခင်နွေရာသီမှာလည်း အမေ့မောင်ဝမ်းကွဲက ကချင်ပြည်နယ် ကာမိုင်းမှာ မင်္ဂလာသွားဆောင်ဖို့ရှိတာကို ကျွန်တော့်ကို တစ်ယောက်တည်း သူတို့နဲ့ထည့်ပေးလိုက်တယ်။ ငယ်တော့ သိပ်မမှတ်မိပေမဲ့ မန္တလေး မြစ်ကြီးနား မိုးကောင်း ကာမိုင်း တို့ ရောက်ဖူးခဲ့တယ်။ ၂တန်းကျောင်းသားတုန်းက စိန့်ဖလိုးဘေးနားက မူလတန်းကျောင်းလေးမှာနေရတာ။ တစ်ရက်မှာ အပြန်ကျောင်းကားရောက်မလာတာနဲ့ ကျန်တဲ့သူတွေကစောင့်နေကြပေမဲ့ ကျွန်တော်ကိုယ့်ဘာသာ မဟာမြိုင်မှတ်တိုင်လောက်ကနေ လမ်းတန်းကုန်းဆင်းအထိ လမ်းလျှောက်ပြန်သွားတယ်။ ကလေးပျောက်လို့ ဆိုပြီး အုတ်အော်သောင်းနင်းဖြစ်ကုန်ရော.. :D
.
အဲဒီအချိန်လောက်မှာပဲ အမေက လွိုင်ကော်ပြောင်းရတယ်။ ညီမတွေနဲ့ အရင်သွားနှင့်တော့ ရန်ကုန်အိမ်မှာ အဖေနဲ့ ကျွန်တော်ပဲကျန်တယ်။ ကျောင်းသွားရင် အဖေက အိမ်သော့လေးကိ ဘောင်းဘီအိတ်ထဲချိတ်လေးနဲ့ ထည့်ပေးထားတယ်။ ကျောင်းကပြန်ရောက်လို့ သော့ခတ်ထားရင် ကိုယ်ဘာသာဖွင့်ဝင်ပေါ့။ ညဖက် duty ကြရင်လည်း ကျွန်တော့်ဘာသာအိပ်ပေါ့။ ထမင်းစားဖို့က စားပွဲပေါ်မှာကြည့် ဟင်းမရှိရင် ပိုက်ဆံ ဆယ်တန်လေး ထားပေးခဲ့တယ်။ ကိုယ့်ဘာသာ လှည်းတန်းထိပ်နားက ရွှေမြိုင်ဆိုတဲ့ ဆိုင်လေးမှာ စတုမတူ ပုလင်းလွတ်လေးနဲ့ သွားထွက်ဝယ်ပေါ့။
.
အခုခေတ်လို တီဗွီလဲမရှိသေးပါဘူး။ စားသောက်ပြီးရင် ကျွန်တော့်ရဲ့အပန်းဖြေကစားနည်းက အိမ်ကြမ်းပြင်တွေ ပြည်အောင် မြေဖြူနဲ့ လေယာဉ်ပုံတွေဆွဲတာပဲ။ ကျောင်းပိတ်ရက်ဆိုရင် အဖေက သူ့ရုံးကို ခေါ်သွားတတ်တယ်။ (မင်္ဂလာဒုံ ၅၀၂) အဖေက လက်နက်အရာရှိဆိုတော့ ရုံးလိုက်သွားရင် သေနတ်စင်တွေကြား ကစားရတာပေါ့။ တစ်ခါတစ်လေ လေယာဉ်ရုံကို လိုက်ပို့တယ်။ လေယာဉ်တွေပေါ် တစ်စီးပြီး တစ်စီးတက်ကြည့် ဆော့ပေါ့။ တော်တော်ပျော်စရာကောင်းတယ်။ နေ့လည်နေ့ခင်းဆိုရင် လက်နက်တိုက်အရှေ့က အရိပ်ကောင်းတဲ့ ဗံဒါပင်ကြီး အောက်မှာထိုင်ပြီး တူသေးသေးတစ်ချောင်းနဲ့ ဗံဒါစေ့ထုစားတာ ပြန်စဉ်းစားမိတော့ အခုတောင် စားချင်စိတ်ပေါ်လာသေး။
.
စနေနေ့တွေဆိုရင် လှည်းတန်းဘူတာကနေ မြို့ပတ်ရထားစီးပြီး မြို့ထဲမှာ ရုပ်ရှင်လိုက်ပြလေ့ရှိသေးတယ်။ ရထားခက ပြားသုံးဆယ်။ ဘုရားလမ်းဘူးတာမှာဆင်း … စကော့စျေးကို ဖြတ်ထွက်ပြီးရင် ရုပ်ရှင်ရုံတွေဖက် လမ်းလျှောက်သွားတာပေါ့။ အများအားဖြင့် ပပဝင်းနဲ့ ဂုဏ်ရုံမှာ ကြည့်လေ့ရှိတယ်။ ရုပ်ရှင်ပြီးရင် လဟာပြင် စျေးထဲမှာ ဆီချက်ဝယ်ကျွေးတယ်။
.
အဖေ မိထ္ထီလာရှမ်းတဲလေတပ်ကို ပြောင်းရတော့လည်း ကျွန်တော်တစ်နှစ်လောက် လိုက်နေဖြစ်သေးတယ်။ အရာရှိရိပ်သာ လူပျိုဆောင်အခန်းမှာပဲ။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်စဉ်းစားရင် ဟိုရောက်ဒီရောက်နဲ့ ဆုံးမှာကို မဟုတ်ဘူး။ ကိုယ့်ရဲ့သားတော်မောင်လေးကိုလည်း အဖေက ကျွန်တော့်ကို ပြုစုပျိုးထောင် ပေးသလောက် ကောင်းကောင်လုပ်ပေးနိုင်ပါ့မလားလို့တောင်တွေးမိတယ်။ ဒါနဲ့ အဖေ့ရဲ့ training အထိုက်အလျောက် ရအောင်ဆိုပြီး မောင်ထွန်းလင်းထွန်းကို အဖေတို့အိမ်ဖက် တစ်ပတ် နှစ်ခေါက်လောက် သွားသွား ပို့ပေးနေတယ်။ အဖေတို့အမေတို့လည်း သူတို့မြေးဦးလေးဆိုတော့ ကလေးသွားပို့ရင်ပျော်တာပေါ့။
.
သားလေးရပြီးမှ Life is Beautiful ရုပ်ရှင်ကားကို ဟိုးတလေလေးက Family TV5က ပြန်ပြလို့ ကြည့်မိတယ်။ မျက်ရည်ကျပြီး စူးစူးနစ်နစ်ခံစားရတယ်။ အရင်ကြည့်တုန်းက ဝမ်းနည်းခံစားရပေမဲ့ မတူဘူး။ ဘေးမှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ သားလေးကိုလှည့်ကြည့်ရင်း ရုပ်ရှင်ကားထဲက ကလေးအဖေလောက် မစွမ်းဆောင်နိုင်ရင်တောင် အဖေ အတတ်နိုင်ဆုံး သားကလေးကို စောင့်ရှောက်ပျိုးထောင်ပေးသွားမယ်လို့ … စိတ်ထဲကပြောနေမိတယ်။