စံပယ်ကုံးလက်ဆောင်ကို မည်သူ့အား ပေးရမည်မသိဘဲ ယောင်ချာချာ ဖြစ်လျက်ရှိစဉ် ကဗျာဆရာ့ထံမှ စံပယ်ကုံးကို သူတောင်းစားမကလေးတစ်ဦးက တောင်းယူလိုက်လေသည်။ သူလည်း စံပယ်ကို ပန်ချင်ရှာပေမည် ဟူသော ကရုဏာသွေးနှင့် မဆိုင်းမတွပင် ပေးလိုက်မိသည်။
ထို့နောက်ကား ဤစံပယ်ကုံးလက်ဆောင်ကို ကဗျာဆရာသည် မေ့မေ့ပျောက်ပျောက် နေခဲ့လေသည်။ နှစ်အတန်ကြာခဲ့ပြီ။ ကဗျာဆရာသည်ပင် အိမ်ထောင်ရက်သားကျ၍ စိတ်ကူးယဉ်ကဗျာများ မသီကုံးနိုင်တော့ပြီ။ အသက်မွေးမှုအတွက် တဖားဖားလုပ်ကိုင်နေရပြီ။
မိုးညိုသောနေ့တစ်နေ့တွင် လူငယ်တစ်ဦးသည် ကဗျာဆရာ၏ အလုပ်ခွင်သို့ ဝင်ရောက်လာခဲ့သည်။ ကဗျာဆရာအား အားကိုးအားထားနှင့် ဤသို့တောင်းပန်လေသည်။ "မှော်ဆရာကြီးငဲ့ မှော်ဆရာကြီး ပေးလိုက်သော စံပယ်ကုံးလက်ဆောင်ကြောင့် ကျွန်တော့် ရည်းစားသည်မှာ ရူးသွပ်ခဲ့ပါပြီ။ စံပယ်ကုံးလေးကို နေ့တကြည့်ကြည့် ညတကြည့်ကြည့်နှင့် မစားမသောက် မအိပ်မစက်နိုင်အောင် ဖြစ်ခဲ့ပါပြီ။ ပြုစားသမျှ အစွဲချွတ်ပေးပါရန် တဆိတ်တောင်းပန်ပါရစေ ဆရာကြီးငဲ့"
ပိတောက်မှသရဖီသို့ (တင်မိုး)
No comments:
Post a Comment