ထိုနေ့ကား မိုးတစိမ့်စိမ့်။ ယာထွန်သူသည် မြေပဲခင်းကို မှုန်းရန် တောသို့လာ၏။ ကလေးငယ်သည် မိုးတစိမ့်စိမ့်တွင် ကျောင်းသွားပျင်း၍ မိခင်၏ နို့အုံကြားဝယ် ဦးခေါင်းဖြင့် ဝှေ့လျက်ရှိ၏။ စာကလေးများသည် အတောင်ပံရေစိုသဖြင့် မပျံသန်းလိုသော်လည်း ငါ့ဝမ်းပူဆာ မနေသာ၍ ပျံသန်းရရှာ၏။ မြက်ရိုင်းတို့လည်း မိုးတစိမ့်စိမ့်တွင် ကိုယ်ကို ယိမ်းကြလေ၏။ နွားကျောင်းသားသည် ဇရပ်အိုတွင် မိုးခိုလျက် မိုးရေထဲတွင် နွားများကို ကျောင်းလျက်ရှိသည်။
ပဲပြုတ်သည်မသည် လင်ယောက်ျား၏ လုံချည်နွမ်းကို ခြုံ၍ စျေးရောင်းထွက်လေသည်။ ကျောင်းဆရာသည် ထီးတစ်လက်ကို ဆောင်း၍ ကျောင်းချိန်အမီ သွားလေသည်။ မိုးလည်းမတိတ်။ တိမ်တို့သည်လည်း အပြေးအလွှား။ မိုးသားတို့သည် အလုအယက် တက်လာကြ၏။ မှိုင်းညို့ညို့ အရောင်သာလျှင် ဤလောကကို မင်းမူ၏။ သဘာဝသည် အဆက်အစပ်မရှိ။ အလိုအလျောက် စိတ်ထင်ရာစိုင်း၏။ လူတို့၏လုပ်ငန်းကို သူတို့အရေးမစိုက်။ မိမိစွမ်းအင်ကိုသာ ငဲ့ကြ၏။ လွတ်လပ်ပေ၏။
သတ္တဝါတို့မှာမူ မိုးချိန်၊ လေချိန်၊ နှင်းကျချိန်၊ နေပူချိန် စသော သဘာဝ၏ အရိပ်အကဲကို အမြဲခတ်လျက် မိမိလုပ်ငန်းဆောင်တာကို အချိန်ရာသီညှိ၍ လုပ်ဆောင်ကြရပေသည်။ ဉာဏ်ရှိပါပေသည်။ သို့သော် ... ထိုနေ့ကား မိုးတစိမ့်စိမ့်ပင်။
No comments:
Post a Comment