ဘာသာပြန်ခြင်း -
လွယ်မရောင်နဲ့ခက်တဲ့ပညာရပ်တစ်ခုပါ။ ကျွန်တော့်အနေနဲ့ စာရေးဆရာ၊ ဘာသာပြန်ဆရာ မဟုတ်သည့်တိုင် နေ့စဉ်လုပ်ငန်းခွင်တွေမှာ အနည်းနဲ့ အများဆိုသလိုဘာသာပြန်ဆိုမှုကို ဆောင်ရွက်နေရ ပါတယ်။ တစ်ခါတစ်ခါ ဂွတီးဂွကျနဲ့ စိတ်ကျေနပ်လောက်တဲ့ ရှင်းလင်းတဲ့ စာပိုဒ် စကားလုံးတွေ ရွေးရ ခက်နေတာမျိုး စဉ်းစားလို့မထွက်တာမျိုုး ကြုံဖူးမှာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဆရာအံ့မောင် ဘာသာပြန်ထားတဲ့ အင်ဒါးဆင်းပုံဝထ္ထုတွေကို ပြန်ဖတ်စဉ်က ဘာသာပြန်ကောင်းကောင်း ဆိုတာ ဒီလိုပါလားလို့ စဉ်းစားမိတယ်။ တချိန်တုန်းက ဆရာကြီးမြသန်းတင့် ပြန်ဆိုထားတဲ့လေရူးသုန်သုန်ကို မူရင်းစာအုပ်နဲ့တိုက်ပြီး တစ်လိုင်းချင်း တစ်လိုင်းချင်း ယှဉ်ဖတ်ကြည့်၊ အင်္ဂလိပ်စာကြောင်းကို အရင်ဖတ်ပြီး ငါဆိုရင်ဘယ်လိုပြန်မလဲ စဉ်းစားလိုက် ဆရာကြီး ပြန်ဆိုထားတာကို ကြည့်လိုက်နဲ့ ပညာယူခဲ့ဖူးတယ်။
သို့သော်လည်း ခပ်ညံ့ညံ့ ဘာသာပြန် အဆင့်ကနေ ကျွန်တော် တက်မလာသေးပါ။ ဒီနေ့ ဆရာမြသန်းတင့်ရဲ့ လမင်းကို ထရံပေါက်မှကြည့်ခြင်း စာအုပ်လေးပြန်လှန်ရင်း ဘာသာပြန်ဆိုခြင်းနဲ့ ဆိုင်တဲ့စာပိုဒ်တစ်ချို့ကို ဘလော့မှာကူးတင်လိုက်ပါတယ်။ မဖတ်ဖူးသေးသော သူငယ်ချင်းများ အထိုက်အလျောက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
ဘာသာပြန်သမားကောင်း တစ်ယောက်၏ အရည်အချင်းများသည် အဘယ်နည်း?
စာပေလောကတွင် ထိုပြဿနာလောက် အငြင်းအခုန်ဖြစ်သော ပြဿနာရှိမည်မထင်ပါ။ ... ထိုပြဿနာနှင့် ပတ်သက်၍ လက်တွေ့လည်းကျ၍ တိုတိုနှင့်လိုရင်းရောက်သော နည်းတစ်နည်းကို ၁၉၆၂ခုနစ် မတ်လထုတ် ပညာရေးနှင့် လူမှုရေးလောကဂျာနယ် တွင်တွေ့ရပါသည်။ ထိုဆောင်းပါးမှာ ဘာသာပြန်ဆရာတို့၏ ပညတ်တော် ၁ဝပါး ဟုခေါင်းစဉ်တပ်ထားပြီး အမည်မသိ ဂျာမန်အမျိုးသား ဆေင်းပါးရှင်တစ်ဦးက ရေးသား ထားခြင်းဖြစ်ပါသည်။ ထိုဆောင်းပါး၏ စာကိုယ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ စာရေးဆရာ၏ အယူအဆအတိုင်း အတွေးအခေါ်တိုင်းကို တိကျမှန်ကန်စွာ ပြန်ဆိုခြင်းသည် အရေးကြီးဆုံး ဥပဒေသ ဖြစ်သည်။ မူရင်းစာကို နောက်ထပ် ဖြည့်စွက်ခြင်း၊ ချန်လှပ်ပစ်ခဲ့ခြင်း တို့သည် ဘာသာပြန်ဆိုသည့် ရည်ရွယ်ချက်ကို ပျက်စီးစေသည်။ ပေါ့လျော့မှုသည် တမင်ကြံစည်ပြုလုပ်ခြင်းထက် အပြစ်ကြီးသည်။
၂။ သင်သည် သင့်ဘာသာပြန်ကို မူရင်းစာကိုယ်ပုံသဏ္ဍာန်မျိုး၊ မူရင်းစာကိုယ်၏ နရီမျိုး၊ မူရင်းစာကိုယ်၏ အသံမျိုး၊ မူရင်းစာကိုယ်၏ စီးဆင်းမှုမျိုး ပေးနိုင်ရန် ကြိုစားအားထုတ်ရမည်။ မိမိ၏ ရေးဟန်၊ အဖွဲ့အနွဲ့များကို ဘေးဖယ်ထုတ်ထားရမည်။ မူရင်းစာရေးဆရာနှင့် စာဖတ်ပရိသတ်ကြားတွင် သစ္စာရှိသော ဆက်သွယ်သူဖြစ်ရမည်။
၃။ သင်သည် မူရင်းစာကိုယ်၏ ၀ါကျ တည်ဆောက်ပုံမျိုးကို ကျိုးနွံစွာ လိုက်နာခြင်း မပြုရ။ မိမိ၏ ပုံသဏ္ဍာန် မိမိ၏ဘာသာစကားနျင့် လိုက်လျောညီထွေ ဖြစ်အောင် ထိုဝါကျများကို ဖြတ်တောက်ပစ်ရမည်။ ပြန်၍ ဖွဲ့စည်းယူရမည်။ သို့ရာတွင် ၀ါကျတည်ဆောက်ပုံ သဘောကို ကောင်းစွာ ဂရုစိုက်ရမည်။
၄။ မူရင်းစာရေးဆရာ၏ စာထဲတွင် အဓိပ္ပါယ်မရှိသည့် အရေးအသားများ ပါသည့်တိုင် မူရင်းစာရေးဆရာ၏ စာကို ပြင်ဆင်ခြင်း မပြုရ။ အမှားသည် သူ့တာဝန်သာဖြစ်သည်။
၅။ သင်၏ ဘာသာပြန်ဆိုချက်ကို အသံထွက်၍ ဖတ်ရမည်။ သင်၏ မျက်လုံးသည် ဝေဖန်သူ မဖြစ်ပါစေနှင့် သင်၏ နားသာလျှင် ဝေဖန်သူဖြစ်ပါစေ။
၆။ သက်ဆိုင်ရာ အဓိပ္ပါယ်များကို ရေလည်စွာနားလည်စေရန်အတွက် မူရင်းစာရေးဆရာ၏ ဘာသာစကားကို ပိုင်နိုင်စွာ နားလည်ပြီးဖြစ်ရမည်။
၇။ ခက်ခဲကြီးကျယ်သော နိုင်ငံခြားစာပိုဒ်များကို တစ်လုံးပြီး တစ်လုံး၊ လုံးချင်း ပြန်ဆိုခြင်းမပြုရ။ ဘာသာစကားတိုင်းတွင် ထောင်ချောက်များ၊ ပိုက်ကွန်များ၊ လေသေနတ်များ ရှိတတ်သည်။
၈။ မိမိ၏ မိခင်ဘာသာစကားကို အမြဲတစ်စေ လေ့လာနေရမည်။ နိုင်ငံခြား ဘာသာစကား ဆိုသည်မှာ အတော်အတန် လေ့လာလိုက်စားရုံဖြင့် ဘာသာပြန်သမားကောင်းတစ်ယောက် ဖြစ်လာနိုင်သည်။ မိခင် ဘာသာစကားမှာ မည်သည့်အခါမျှ လေ့လာ၍ မကုန်ဆုံးနိုင်။
၉။ ‘ဘာသာပြန်၍မရ’ ဆိုသည့် စကားလုံးကို သင့်ဝေါဟာရမှ အပြီးအတိုင် ထုတ်ပယ်ပစ်ရမည်။
၁၀။ သင်၏ ဘာသာပြန်သည် သင်၏ ပင်ကိုယ်ရေးဖြစ်သည်ဟု အားလုံးကထင်မှတ်အောင် အပတ်တကုတ် ကြိုးစားအားထုတ်ရမည်။ ဘာသာပြန် တစ်ပုဒ်သည် ဘာသာပြန်ထားခြင်းမဟုတ်ဟု ထင်ရမှသာလျှင် ဘာသာပြန်ကောင်းတစ်ပုဒ် ဖြစ်လာနိုင်သည်။ ဘာသာပြန်ကောင်းတစ်ယောက် ဖြစ်ရန်မှာ အဘိဓာန်စာအုပ် တစ်အုပ် ရှိရုံဖြင့် မလုံလောက်။ ဘာသာပြန်တစ်ခုတွင်လည်း ခံစားချက်နှင့် အတွေးအခေါ်တို့ လိုအပ်သည်။
မြသန်းတင့် - ချိုးဖျက်၍ မရသော သမိုင်းမှတ်တိုင်များ - ၁၉၉၄၊ ဖေဖော်ဝါရီ၊ မဟေသီ
(လမင်းကို ထရံပေါက်မှကြည့်ခြင်း)
No comments:
Post a Comment