Thursday, June 19, 2008

မြို့ရိုးပေါ်ကရှုခင်း

ဆောင်းဦးပေါက်ပြီ။ ကျုပ်တို့လဲ ရဲတိုက် မြို့ရိုးပေါ်မှာ ရပ်ပြီး ဆေင်းရေလက်ကြားထဲမှာ ရွက်လွှင့် သွားနေကြတဲ့သဘောင်္တွေကို ကြည်နေကြတယ်။ ညနေရီဝင်းလဲလဲမှာ ကြည်ကြည်လင်လင် မြင်နေရတဲ့ တစ်ဘက်က ဆွီဒင်ပြည်ကမ်းခြေကိုလည်း လှမ်းကြည့်နေကြတယ်။ မြို့ရိုးကြီးကတော့ မတ်စောက်နေတာပါပဲ။ အနီးအနားတဝိုက်မှာ ပင်ကြီးပင်ခိုင်တွေပေါ်က ညောင်ရွက် ရွှေဝါတွေဟာ လေလာရာ လွင့်ကျနေကြတယ်။ ကျုပ်တို့ အောက်မှာတော့ ညို့ညို့မှိုင်းမှိုင်း အဆောက်အအုံတွေကို တွေရတယ်။ သစ်တပ်စည်းရိုးတွေကာလို့။ ဒီဝင်းကြီးတွေထဲမှာ အစောင့် စစ်သာတွေ ခေါက်တုံ့ခေါက်ပြန် လျှောက်နေကြတယ်။

အဲဒီနေရာက တော်တော် မှောင်နေပြီ။ ဒါပေမဲ့ ဟိုသံတိုင်တွေ ကာထားတဲ့ နေရာလောက်တော့ မမှောင်သေးဘူး။ အဲဒီနေရာက အဆိုးဆုံး ထောင်သားတွေ ထားတဲ့နေရာလေ။ ဘာမှမရှိတဲ့ အခန်းထဲကို ညနေရီ နေရာင်ထိုးနေတယ်။ နေမင်းကတော့ လူကောင်းကိုပဲဖြစ်ဖြစ် လူဆိုး ကိုပဲဖြစ်ဖြစ် သာတူညီမျှ အလင်းရောင်ပေးတာပါပဲ။ စိတ်ထဲမှာ ခံပြင်း ဒေါသထွက်နေတဲ့ အကျဉ်းသားက နေမင်းရောင်ခြည် ကိုပဲ မုန်းမုန်းတည်းတည်း ကြည့်လိုက်တယ်။ ငှက်ကလေးတစ်ကောင်က သံတိုင်တွေနားကို လာပြီး သီချင်းဆိုတယ်။ ငှက်ကလေးဟာလည်း လူကောင်းကိုပဲဖြစ်ဖြစ် လူဆိုးကိုပဲဖြစ်ဖြစ် သာတူညီမျှ တေးသံ ပေးတာပါပဲ။ ငှက်ကလေးဟာ တစ်ခဏ တီတီတာတာဆိုနေရှာပြီးတော့ အတောင်ကလေးတွေ တဖျတ်ဖျတ်ခတ်၊ သူ့ရင်ဘတ်က အမွှေးကလေး တစ်မွှေးကို ကောက်ရှင်းပြီး၊ အမွှေးအတောင် သေသပ်အောင် လုပ်နေတယ်။

သံခြေချင်းခတ်ထားတဲ့ အကျဉ်းသားဟာ ငှက်ကလေးကို ကြည့်ပြီး အိုဆိုးကြမ်းတမ်းတဲ့ သူ့မျက်နှာပေါ်မှာ အတန်ငယ် နူးညံ့တဲ့ အသွင်ကလေး ပေါ်လာတယ်။ သူ့ရင်ထဲမှာ သူကိုယ်တိုင် ကောင်းကောင်း မရှင်းတတ်တဲ့ အတွေးတစ်မျိုး စိမ့်ဝင်လာတယ်။ ဒီအတွေးက သံတိုင်ကြားက ထိုးလာတဲ့ နေရောင်နဲ့လဲ တွဲယှက်နေတာပဲ။ ခါနွေဆန်းစ ပြူတင်းပေါက်ပြင်ဖက်မှာ အပြိုင်းအရိုင်းပွင့်နေကြတဲ့ ခရမ်းရောင် မြင်းခွာပန်းလေးတွေရဲ့ သင်းရန့ံနဲ့လဲ တွဲယှက်နေတာပဲ။ အိမ်ပြန်တဲ့ အမဲလိုက်သမားရဲ့ ကျွဲချိုမှုတ်သံကို ကြည်ကြည်လင်လင် ချိုချိုနွဲ့နွဲ့ ကြားရပြန်တယ်။

ငှက်ကလေးဟာလဲ သံတိုင်းကြားမှာ နားနေရာက ပျံသွားပြီ။ နေရောင်လဲ ကွယ်သွားပြီ။ အကျဉ်းခန်းလေးထဲမှာ အမှောင်စိုးမိုးသွားပြန်တော့တယ်။ လူဆိုးရဲ့ အသည်းနှလုံးမှာလဲ မှောင်နဲ့မည်းမည်း ဖြစ်သွားပြန်တော့တယ်။ ဘာဖြစ်ဖြစ်လေ ဒီအခန်းကလေးထဲကို နေမင်းရောင်ခြည် ရောက်ခဲ့ဖူးပြီ။ ငှက်ကလေးရဲ့တေးသံလဲ တစ်ခဏဖြစ်ဖြစ် ဒီမှာ သာခဲ့ဖူးပြီ။ ကြည်လင်ချိုနွဲ့တဲ့ ကျွဲချိုမှုတ်သံရယ်၊ အမြန်ပျောက်ကွယ်မသွားပါနဲ့ဦး။ ညနေခင်းကလဲ သင်းပျံ့ပျံ့၊ ပင်လယ်ပြင်ကလဲ ညင်းညံ့ည့ံ၊ ပြီးတော့ ကြေးမုံပြင်လို ဝင်းသန့်သန့်ပါကလား။

A picture from the Ramparts by Hans Christian Andersen အံမောင် - အရုပ်မပါတဲ့အရုပ်စာအုပ် ( မြို့ရိုးပေါ်ကရှုခင်း)

No comments: