Sunday, August 31, 2008
အမည် ထွန်းလင်းထွန်း
Friday, August 29, 2008
Thursday, August 28, 2008
Nikon D90 comes out
နေ့လည်က MS Sharepoint server installer ယူဖို့ မောင်လှရုံးရောက်လာရင်း သတင်းပေးသွားတယ်။ D90 ထွက်နေပြီတဲ့။ ကင်မရာလေး တစ်လုံးလောက်ဝယ်မယ်လို့ စိတ်ကူးနေတာကြာလှပေါ့။ လိုချင်တာကလဲ Nikon DSLR Series ထဲက တစ်ခုခုပေါ့။ ဝယ်မယ်ကြံလိုက် ဖွတ်ဂလိ ဒင်္ဂါးလေးတွေကို တွက်ဆလိုက်နဲ့ ဝယ်တဲ့ဆီကို မရောက်သေးပါဘူး။
အခုလဲ Nikon site ဝင်ပြီး D90 ပုံလေးတွေ Brochure တွေ download လုပ်ယူတာပေါ့။ :) 12.3 Migapixcel ဗျ။ ထူးခြားလာတာတစ်ခုက D-Movie Mode—Cinematic 24fps HD with sound ဆိုတဲ့ feature တစ်ခုပါလာတယ်။ Video ပါရိုက်လို့ရတယ်ပေါ့။ DSLR တွေမှာ အဲဒီ feature ပါလာတာ D90 က ပထမဆုံးပဲ။ Body only ကို USD 1000 ဗျ။ ကိုယ်မဝယ်နိုင်သေးလဲ သူငယ်ချင်းတစ်ယောက်ယောက်ကို ဝယ်ဖို့ မြှောက်ပေးလိုက်ဦးမယ်။
Wednesday, August 27, 2008
သားသား 26 Aug 08
မနေ့ညနေ သူအိပ်ယာက ထကာစ အချိန်လေးမှာ ရိုက်ထားတာ မှောင်နေတာရယ် လက်မငြိမ်တာရယ် သူလှုပ်နေလို့ ခပ်မြန်မြန်ရိုက်လိုက်ရတာရယ် Hand phone နဲ့ ရိုက်တာရယ်တို့ကြောင့် ပုံ quality တော့ သိပ်မကောင်းဘူး။ သားလေးကို ပုံကောင်းကောင်း လှလှလေးတွေ ရိုက်ပေးဖို့ မန္တလေးက ရုပ်ဆိုးဆိုး ဓါတ်ပုံဆရာတွေကို ခေါ်ရိုက်ခိုင်းရမယ် :P
Tuesday, August 26, 2008
sexy Leryn Franco နင့်ကြောင့်ကိုး
မနေ့ကနဲ့ ဒီနေ့မှာ hit rate သိသိသာသာ တက်သွားတဲ့ အကြောင်းအရင်းကို တွေ့ပါပြီ။ Leryn Franco ဆိုတဲ့ Paraguay က javelin thrower အားကစားမယ်လေးကြောင့်ပါ။ အိုလံပစ်ပြိုင်ပွဲတစ်လျောက်မှာ ရုပ်ရည်ကြောင့် hot and sexy girl ဆိုပြီး နံမည်ကြီးနေတာပါ။ ကျွန်တော်က အားကစားနဲ့ပတ်သက်တဲ့ ကောင်မလေးပုံ လှလှလေးတွေ တွေ့ရင် (ဒေါ်ခင်ဦးမေ ရဲ့စကားနဲ့ဆိုရင်) တိုတတ်တယ်။
တစ်နေ့က ဒီ Leryn Franco ရဲ့ ပုံလေးတစ်ပုံတင်ထား မိပါတယ် search engine တွေကနေ Leryn Francoq ဆိုတဲ့ key word နဲ့ ရောက်လာ ကြတာကိုး ... hit ၆၀၀ လောက်ရှိတယ်။ ဖြစ်မှဖြစ်ရလေ။ ဘာကြောင့် hit တက်လာလဲစဉ်းစားနေတာ ညီမငယ် Dawn ရဲ့ အကြံပေးမှုနဲ့ search engine ကလာတဲ့ key word တွေလိုက်ကြည့်မှ အဖြေတွေ့သွားတယ်။ ပုံမှန် hitကလည်း ဒီနှစ်ရက်မှာ တစ်ရက်ကို ၂ဝဝကျော်လောက် ဖြစ်သွားတော့ hit တွေတက်သွားတာပေါ့။ Nativemyamar က သူငယ်ချင်းတွေနဲ့ အခြား ပြည်ပက မိတ်ဆွေတွေ သားလေးရဲ့ ဓါတ်ပုံ ဝင်ကြည့်ကြတာဖြစ်မယ်။ ဒါနဲ့ internet ပေါ် လျှောက်ကြည့် ရင်း သဘောကျတဲ့ Leryn Franco ရဲ့ လှတပတ ပုံလေးနှစ်ပုံ ထပ်တိုလာတယ်။ :D
တိမ်လွှာနဂါး သူရဲကောင်းများ
သိုင်းကားဇာတ်လမ်းတွဲတစ်ခုရဲ့နံမည်ပါ။ Familiy TV5 ကနေ မြန်မာစာတမ်းထိုးနဲ့ သူတို့ရဲ့ 5Series လိုင်းမှာပြခဲ့တာပါ။ အခုနောက်တစ်ခေါက်ပြန်ပြနေတယ်။ မြဝတီ TV ကနေလည်း ပြဖူးတယ်။ FamilyTV5 မှာ ပြခဲ့တာကို ကူးပြီးရောင်းတဲ့ DVD ၆ချပ်တွဲလည်းရှိသေးတယ်။ ခိုးကူးပြီး ပြန်ရောင်းတာဆိုတော့ Quality သိပ်မကောင်းဘူး။ ဒီဇာတ်ကားက ထင်းလုံပပု (ဘာအဓိပ္ပါယ်လဲတော့မသိဘူး) ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင် ရိုက်ထားတာပါ။
ဖတ်ဖူးခဲ့သမျှသိုင်းစာစဉ်တွေမှာ ကြိုက်တာတွေထဲကမှ ဒီတစ်တွဲကို အကြိုက်ဆုံးပဲ။ သာမန် သိုင်းဝတ္ထုတွေလို မိဘတွေ အသတ်ခံရ မင်းသားက ဆရာကြီးနဲ့တွေ့၊ ဒါမှမဟုတ် ချောက်ထဲကြပြီး နှစ်တစ်ထောင်အသီးစားလို့ သိုင်းကျမ်းကြီးကိုတွေ့ မိုးပျံအောင်တော်သွား .....လက်စားချေ .. ဆိုတဲ့ ပုံစံခွက်က အများကြီးကွဲထွက်နေတယ်။
ဇာတ်ကောင်တွေ အများကြီးပါဝင်ပြီး တစ်ဦးစီကိုလည်း အားသာချက် အားနည်းချက် ကိုယ်စီနဲ့ အချစ် အမုန်း အလွမ်း အဆွေး မာန ဒေါသ တို့ ရောယှက်လို့ စိတ်ဝင်စားဖွယ် ပြိုင်ဆိုင်မှုပေးပြီး ဇာတ်အိမ်ဆင်ထားတယ်။ သိုင်းလောကထဲ မမျှော်လင့်ပဲ ရောက်လာခဲ့တဲ့ တာလိပြည်က မင်းသာလေး တန့်ဥ၊ သူတောင်းစားဂိုဏ်းကို ဆက်ခံခွင့်ရခဲ့ပေမဲ့ နောက်ပိုင်းမှာ ခေတန်လူမျိုးဖြစ်နေလို့ ပြဿနာပေါင်းစုံကြုံရတဲ့ ချောင်ဖုန်း၊ ဘိုးဘေးတွေရဲ့ ပြိုကွဲခဲ့တဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့အတွက် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီး ဘဝမှာ အရာအတော်များများကို စတေးခဲ့တဲ့ မုယုံ၊ သိုင်းမတတ်ပေမဲ့ သိုင်းပညာအားလုံးကို စာတွေ့တတ်နေတဲ့ မိန်းကလေး ဝမ်းယို့လန်၊ ဘုမသိဘမသိနဲ့ လျှို့ဝှက် ဂိုဏ်းချုပ်ဖြစ်လာလို့ ဘုရင့်သမီးတော်တစ်ဦးနဲ့ အကြောင်းပါခဲ့တဲ့ ရှောင်လင်ကိုရင်လေး၊ ဘဝမှာ အဆိုးတကာ့အဆိုးတွေသာ ကြုံရကာ အဆိပ်ပြီးတဲ့ အစွမ်းတွေရခဲ့ပေမဲ့ အာကျိဆိုတဲ့ မိန်းကလေးကြောင့် အကောင်းအဆိုးမမြင်နိုင်ခဲ့တဲ့ သံခေါင်းစွပ် ယုသန်းကြီး၊ ကောက်ကျစ်ပြီး လူတွေကို သုံးချတတ်တဲ့ ကောင်မလေး အာကျိ .....မြာပွေခဲ့တဲ့ တာလိနိုင်ငံရဲ့ဦးရီးတော် (တန့်ဥရဲ့ အဖေ)၊ လူမိုက်ကြီးလေးယောက် ...... စသည် စသည် ဖြင့် ဇာတ်ကောင်တွေ အများကြီးပဲ။
ဇာတ်လမ်း ဇာတ်ကွက်ကလည်း ဖတ်ရင်း လက်ကမချချင်အောင်ပဲ။ စာအုပ်အဟောင်းဆိုင်တွေရောက်တိုင်း ဒီသိုင်းစာစဉ်တွဲကို ဝယ်ချင်လို့ လိုက်ကြည့်နေတာ တစ်ခါမှ မတွေ့သေးဘူး။ အခု Family TV က ပြန်ပြတော့ မှီသလောက်လေး ပြန်လိုက်ကြည့်နေတယ်။ Copy ကောင်းတဲ့ DVDအတွဲ ဝယ်လို့ ရရင် ဘယ်လောက်ကောင်းမလဲ ...
what's wrong with my blog?
ကျွန်တော့်ရဲ့ ဘလော့ကို မနေ့ကနဲ့ ဒီနေ့မှာ hit rate တွေ အဆ မတန် တက်လာတာကို တွေ့ရပါတယ်။ အရင်က ပုံမှန် အများဆုံးမှ 100 ကျော်လောက်ပါပဲ။ ဒါပေမဲ့ ဒီ နှစ်ရက်မှာ ရှစ်ရာကျော်ဖြစ်ပြီး shinstat counter ကလည်း traffic များလို့တဲ့ ဆက် count မလုပ်ပေးတော့ဘူး။ ဒီနေ့အတွက် 863 မှာရပ်သွားပြီ။ tinycounter ကလည်း ခဏပျောက်သွားပါတယ်။ မနက် ရုံးရောက်ပြီး blog ကိုဖွင့်လိုက်တော့ free-onlineuse က 25 online လို့ပြနေတယ်။ oh my god! ဘာတွေများဖြစ်ကုန်လဲ။
အခု ဒီ post ကိုရေးနေတုန်းမှာလဲ 11 online ရှိပါသတဲ့။ ဒါနဲ့ သုံးလက်စ tiny counter ကများမှားနေလားလို့ Site meter ကိုတင်ထားတော့လည်း hit တွေ ဆက်တက် နေတာကို တွေ့ပါတယ်။ Shinstat ရဲ့ history တွေအရ search engine တွေက visit တွေလာပါသတဲ့။ သူတို့ ဘာလာလုပ်တာလဲ? ကျွန်တော့် ဘလော့လေးကို attack လုပ်ချင်ကြလို့လား??? ဆရာသော်တာဆွေပြောသလို ဘိုဘိုးအောင် ဗိုလ်ချုပ်စျေးကိုလာပြီး ဘရာစီယာနှစ်ထယ် ဝယ်သွားတယ် ဆိုတာမျိုးလို အံ့ဘွယ်ဘနန်းသတင်းထူးပါတဲ့ ပို့စ်မျိုးလဲ မရေးမိပါဘူး။ ပြီးတော့ ကျွန်တော်က မချိုသင်းတို့ မနိုင်းနိုင်းစနေတို့လိုလဲ စာရေးကောင်းသူမဟုတ်။ ရောက်တတ်ရာရာလေးတွေကို လျှောက်ရေးနေတဲ့သူလေ :D ဘယ်လိုကြောင့်များဖြစ်နိုင်ပါသလဲ .... နားလည်တတ်ကျွမ်း အတွေ့အကြုံရှိသူများ comment ပေးတော်မူကြပါခင်ဗျား
Monday, August 25, 2008
ကျော်ခိုင်၊ tennis နဲ့ တစ်ခါကပင်းယ
ကျော်ခိုင်က ခပ်ငယ်ငယ် မိတ္ထီလာမှာ နေကတည်းက tennis ကစားလာခဲ့တာ။ ကွန်ပျူတာ တက္ကသိုလ်တက်ဖို့ ရန်ကုန်ရောက်လာတော့ ရန်ကုန်တက္ကသိုလ်ပင်မ အဓိပတိလမ်းပေါ်က ပင်းယဆောင်မှာ နေရတယ်။ ပထမနှစ်ကုန်ခါနီးလောက်ကစပြီး ကျွန်တော်တို့တစ်သိုက် အတော်လေးကို ရင်းနှီး နေကြပြီ။ ကျွန်တော်ဆိုရင် အဆောင်မှာသွားသွားနေတာ စာသင်နှစ် တစ်ခုလုံးနီးပါးပဲ။ အဆောင်မှူးကတောင် သူ့အဆောင် ကျောင်းသားမှတ်နေတာ။
ဒုတိယနှစ်လောက်မှာထင်တယ်။ ကျောင်းပိတ်ရက်တစ်ရက်မှာ အဆောင်မှာအိပ်ကြရင်း မနက် အိပ်ယာထကြတော့ မောင်ကျော်ခိုင်တစ်ယောက် Sport Shirt တွေ ဘောင်းဘီတွေနဲ့ ဘိနပ်ကလည်း အသင့်စီးပြီး လက်ထဲမှာလည်း tennis racquet ကြီးကိုင်လို့။ tennis ရိုက်ချင်လွန်းတဲ့ ပိုးတွေတရွရွ ဖြစ်နေပုံ ရတယ်။ မစားရက်မသောက်ရက်ပိုက်ဆံလေးတွေနဲ့ ဝယ်ထားတဲ့ ဘောလုံးဘူးအသစ်ကြီးကလည်းအသင့်။ ကျွန်တော်နဲ့ မျိုးမင်းကို အတင်းမဲဆွယ်ပါရော။ သူ့ကို အဖော်လုပ်ပြီး tennis လိုက်ရိုက်ပေးဖို့။ တက္ကသိုလ်ကွင်း ကလည်း မနီးမဝေးဆိုတော့ အိုကေပေါ့။
ကျွန်တော်တို့နှစ်ယောက်က အဝတ်အစားသူ့လောက် စမတ် ဘယ်ကျနိုင်မလဲ။ ရှိတဲ့ အင်္ကျီီဘောင်းဘီလေးနဲ့။ ဘိနပ်ဆိုလဲ ညနေဖက် ခြင်းခတ်တဲ့ ဘိနပ်လေးကိုယ်စီ စီးလို့ပေါ့။ ဒါနဲ့ သုံးယောက်သား တင်းနစ်ကွင်းကို ချီတက်သွားကြပါလေရော။ လိုက်တာသွားတာ ကျွန်တော်ရော မျိုးမင်းပါ တင်းနစ်နဲ့ပတ်သက်လို့ တင်းနစ်ဘောလုံးကို ငယ်ငယ်က နို့ဆီခွက်ထောင်ပြီး ပစ်တမ်း ကစားတာက လွဲလို့ လုံးဝကို အဆက်အစပ် မရှိကြဘူးလေ။ ဒါနဲ့ အပိုပါတဲ့ Raquet ကို မျိုးမင်း ပေးပြီး သူက Serving စလုပ်ပါလေရော။ မျိုးမင်းကလည်း တင်းနစ်သာ မရိုက်တတ်တာ။ ပိုက်ကျော်ခြင်းသမားပဲ။ ဖျတ်လတ်တာပေါ့။ ပိုက်ကိုကျော်ပြီး သူ့ဖက်ရောက်လာတဲ့ဘောလုံးကို အားရပါးရ Raquet နဲ့ ရိုက်လိုက်တာ ဘုန်း...ဆိုတဲ့အသံကြားပြီး ဘောလုံးက လမ်းမကိုကျော်လို့ ဘောလုံး ကွင်းဖက် အမြင့်ကြီးမြောက်တက်လို့ ...
အင်း ဘောလုံးအသစ်လေး ပျောက်လေသတည်းပေါ့။ နောက်တစ်လုံး .... ကံအားလျော်စွာ Raquet နဲ့လွဲလို့ နောက်ဖက်နားမှာကျ ...နောက်တစ်လုံး .... မျိုးမင်းပြန်ရိုက်လိုက်တာ သစ်ပင်ကိုင်းပေါ်တင်သွား ...။ ထွန်းခိုင်ရာ မင်းတစ်လှည့်စမ်းကြည့်ပါဦးကွာဆိုလို့ တစ်လှည့် ဝင်ရိုက်ကြည့် တော့လည်း ထိုနည်းလည်းကောင်းပဲ။ သိပ်တော့ ဟန်မကျသေးဘူး။
ဒါနဲ့ မောင်ကျော်ခိုင်လည်း အကြံတစ်မျိုး ပြောင်းပြီး အုတ်နံရံကြီးနား ကျွန်တော်တို့နှစ်ယောက်ကို ခေါ်သွားလို့ ..နံရံကို တစ်ချက်ရိုက် ပြန်အလာမှာ ကွင်းမှာတစ်ချက်တောက် ပြန်ရိုက်.... ဆိုပြီးလုပ်ခိုင်းပြန်ရော။ ဘယ်လာရလိမ့်မတုန်း။ ဒီမနက်မှ Raquet ကိုင်ဖူးတာကို။ နံရံကို ကျော်ထွက်သွားလိုက် .... သူကပြေးကောက်ပေးလိုက်။ အတော်နေမြင့်လာတော့ သူလဲ ချွေးတစ်လုံးလုံးနဲ့ သင်ရလွန်းလို့ အာတွေခြောက် ... ကျွန်တော်တို့နှစ်ယောက်ကလည်း စိတ်တွေညစ် ..... ဇာတ်လမ်းကို ချုပ်လိုက်ရင် ဘောလုံးအသစ်လေး သုံးလုံးလောက်ပျောက်ပြီး အတော်နေမြင့်လာချိန်မှာ ပင်းယဆောင်သို့ အောင်မြင်စွာ တပ်ဆုပ်ကြလေသတည်းပေါ့ .... တစ်ချိန်တုန်းကပေါ့ :D
စက္ကူလှေ
ဆိတ်ဖလူးပန်းတွေကို လှေတွေထဲမှာ ကျွန်တော်ထည့်လိုက်တယ်။ ညကျရင် အဲဒီအာရုဏ်ချိန်ပန်းတွေဟာ တနေရာရာမှာ ချောချောမောမော တင်ကောင်းပါရဲ့။
စက္ကူလှေကလေးကို မျှောရင်း မိုးပေါ်ကို မော်ကြည့်လိုက်တော့ မိုးတိမ်ကလေးတွေ လွင့်နေတာကို ကျွန်တော် မြင်ရတယ်။ သူတို့ဟာ ကျွန်တော့်လှေတွေနဲ့ ပန်းပြိုင်မလို့ ထွက်လာကြသလား မသိဘူး။
ညကျတော့ နဖူးပေါ်လက်တင်ပြီး ကျွန်တော်တွေးတယ်။ "သန်းခေါင်ကြယ်တွေ အောက်မှာ လှေကလေးတွေ ရွက်လွှင့်နေမှာပဲ" လို့။ လှေတွေထဲမှာတော့ အိပ်မွေ့ နတ်သမီးကလေးတွေဟာ အိပ်မက် တောင်းကြီးတွေ တင်ပြီး ရွက်တလွှင့်လွှင့်နဲပေါ့။
တဂိုး (ပြန်ဆိုသူ-မင်းသုဝဏ်)
စပယ္ဦး
ပထမဆုံး ခူးခဲ့သော စပယ်ဦးတို့ကို
သတိရနေပါသေးသည်။
ကျွန်တော်သည်
နေခြည်ကိုလည်း ချစ်ခဲ့ဖူးပါပြီ။
ကောင်းကင်ကိုလည်း ခင်ခဲ့ဖူးပါပြီ။
မြေကြီးကိုလည်း မက်ခဲ့ဖူးပါပြီ။
သန်းခေါင်ချိန်စီးဆင်းသော
မြစ်ရေသံ လွမ်းချင်းကိုလည်း
ကြာခဲ့ဖူးပါပြီ။
မိုးကုန်စ နေ၀င်ချိန်
တိမ်တောက်သည်ကိုလည်း
မြင်ခဲ့ဖူးပါပြီ။
သို့သော်လည်း ကလေးဘ၀တုန်းက
ပထမဆုံး ခူးခဲ့သော စပယ်ဦးတို့ကိုကား
သတိရဆဲပင်ဖြစ်ပါ၏။
ကျွန်တော့်ဘ၀တွင်
အမျိုးမျိုး ပျော်ခဲ့ဖူးပါပြီ။
ပွဲတော်ညများတွင်
ပွဲသွားများနှင့်ရော၍
ရယ်မောခဲ့ဖူးပါပြီ။
မိုးစွေသော နံနက်ခင်းတို့တွင်
ညည်းချင်းကို ဆိုခဲ့ဖူးပါပြီ။
ချစ်သူလက်ဖြင့် သီကုံးသော
ခရေကုံးတို့ကို ဆွဲဆင်ခဲ့ဖူးပါပြီ။
သို့သော် ကလေးဘ၀တုန်းက
ပထမဆုံး ခူးခဲ့သော စပယ်ဦးတို့ကိုကား
သတိရဆဲဖြစ်ပါ၏။
Sunday, August 24, 2008
Fulham 1-0 Arsenal
Denilson ကလည်း ဟိုယောင်ယောင် ဒီယောာင်ယောင် နဲ့ တစ်ဖက်က အလယ်တန်းတွေရဲ့ ခြေစွမ်းထက်ရင် ယှဉ်ပြီး လိုက်မကစားနိုင်တော့ဘူး။ သူ့ဆီက ဘောလုံးအရမ်း အပျက် များတယ်။ Eboue ရော Denilson ပါတိုက်စစ် ဖက်ကို လိုက်ပါဖို့ ပဲ စိတ်အားသန်နေတယ်။ အလယ်တန်းက တော့ တကယ့်ကို ကလေးကလားဖြစ်နေတယ်။ ( Denilson က ကလေး၊ Eboue က ကုလားပေါ့ :D )
အလယ်တန်းမှာ Ramsay ကို စမ်းပြီး သုံးကြည့်သင့်တယ် ထင်တာပဲ။ WilShere ကို ဘယ်တောင်ပံမှာကစားခိုင်းပြီး Nasri ကို ကွင်းလယ်ဖန်တီးရှင်နေရာကို သုံးကြည့်သင့်တယ်။
Alexsender Song ကတော့ နောက်တန်းဗဟို နေရာမှာ ကောင်းကောင်းကစားနိုင်ကြောင်း သက်သေပြသွားတယ်။ ညာဖက်မှာ Segnaက ကောင်းပေမဲ့ Walcott ကတော်တော် ခြေပျက်နေတယ်။ သူ့ဖက်က သိသာလောက်အောင် မထိုးဖောက်နိုင်ဘူး။ သူ့ကို ထုတ်ပြီး Bendtner ဝင်လာတော့ လဲ သိပ်ထူးမခြားနားပဲ။
ဘယ်ခြမ်းက Clichy နဲ့ Nasri တို့ overlapping လုပ်ပြီး တိုက်စစ်ဆင်တာ ကောင်းပေမဲ့ တစ်ဖက်ဂိုး ဧရိယာနား ရောက်ရင် အလယ်တန်းတွေရဲ့ ပံ့ပိုးမှု အားနည်းလို့ ပျက်ပျက်သွားရတယ်။ Van Persi လည်း အခွင့်အရေးတွေကို အတော်များများ ဖြုန်းတီး ပစ်ခဲ့တယ်။ Adebayer နဲ့ တွဲဖက်ညီမဲ့ တိုက်စစ်မှုးကောင်းတစ်ယောက်လိုနေတယ်။ ဒီနေ့က Van Parsi ရော Bendtner ပါ သူ့ကို ကောင်းကောင်း ထောက့်ပံမပေးနိုင်ခဲ့ဘူး။
Denilson နဲ့ Walcott တို့ရဲ့ခြေစွမ်းက လူစားလဲ ခဏသုံးအဆင့်လောက်ပဲရှိသေးတယ်။ ပထမ ၁၁ယောက်အနေနဲ့ ပွဲထွက်ကစားဖို့ အဆင့်မရှိဘူး။ပေးလိုက်ရတဲ့ ဂိုးကလည်း ထောင့်ကန်ဘောက တစ်ဆင့် ကိုယ့်နောက်တန်းနဲ့ အလယ်တန်းလူ (Denilson) ဘေးကနေ အလွတ်ကြီးသွင်းသွားတာ။ ခြုံပြီးပြောရရင် အသင်းရဲ့ Synergy efferct မရဘူး။ အပေးအယူအချိတ်အဆက်အားနည်းပြီး တစ်ချက်ထိ အမြန်ကစား ဆိုတဲ့ အာဆင်နယ်ရဲ့ ရသ လုံးဝ ပျောက်နေခဲ့တာ။ ဒီပုံအတိုင်း ခရီးဆက်ရင်တော့ အာကြီး သိပ်မလွယ်လှဘူး။

Thursday, August 21, 2008
Wednesday, August 20, 2008
ယတြာချေကြဦးမလား
အဲဒီနေ့ မနက်စောစောမှာ ကောင်မလေးက ပဲခူးစျေးမှာ ပန်းသွားဝယ်ပါသတဲ့။ ပန်းသည်က အဆစ် ပေးလိုက်တော့ စံပယ်က ဆယ်ကုံး နှင်းဆီက ဆယ်ပွင့်ရလာ တယ်တဲ့။ ရွှေမော်ဓေါ ဘုရားကို စက်ဘီးနဲ့အသွား လမ်းမှာ စိတ်ကူးပေါက်တာနဲ့ အမှတ်(၃)ကျောင်း ရှေ့နားက Democracy ကျောက်တိုင်နား အရောက်မှာ ပိုနေတဲ့ စံပယ်သုံးကုံးနဲ့ နှင်းဆီတစ်ပွင့်ကို ဝင်ချခဲ့ပါသတဲ့။ Democracy ကျောက်တိုင်ဆိုတာ အဲဒီနားမှာ ကျောင်းသားတွေသေခဲ့လို့ တရားမဝင်လုပ်ထားတဲ့ သတ်မှတ်ထားတဲ့ အထိန်းအမှတ် ကျောက်တိုင်လေး ဆိုပါတော့။ ရန်ကုန်မှာ တံတားဖြူ မှတ်တိုင်ကို တံတားနီလို့ပြောင်းခေါ်တာမျိုး လို နေမှာပေါ့။
အဲ ... ဇာတ်လမ်းကို ဆက်ရရင် အဲဒီကောင်မလေးဟာ ယတြာချေဖို့ ရွှေမော်ဓေါဘုရားကိုတောင် မရောက်လိုက် ရှာပါဘူး။ Democracy ကျောင်တိုင်မှာ ပိုတဲ့ပန်းလေးတွင် ဝင်ချပြီး ခရီးဆက်မလို့ ဟန်ပြင်တုန်းမှာတင် အဖမ်းခံလိုက်ရပါသတဲ။ ခွိခွိ ယတြာသွားချေမဲ့ ကျွန်တော့် မိတ်ဆွေအပေါင်းအသင်း အမကြီး ညီမလေးများ သတိလေးထားကြပေါ့ .... :D
Argentina 3 - 0 Brazil Olympic semi-final
ပွဲစကတည်းက အာဂျင်တီးနားက ခြေသာပါတယ်။ ရေကွယ်မီး ဦဆောင်တဲ့ ကွင်းလယ်နဲ့ မက်ဆီ ပါတဲ့ တိုက်စစ်ကို ဘရာဇီးတို့ အလူးအလဲကစားခဲ့ရတာပါ။ ရိုနယ်ဒင်ဟို တစ်ယောက်လဲ သတိပြုမိလောက်တဲ့ ခြေစွမ်းမျိုး မပြနိုင်ခဲ့ပါဘူး။ မန်နေဂျာ ဇစ်ကိုအတွက်လဲ မျက်နှာပန်းမလှတဲ့ ပွဲတစ်ခုပေါ့။
MRTV4 ရဲ့ကျေးဇူးနဲ့ တိုက်ရိုက်ကြည့်လိုက်ရပါတယ်။ ကျွန်တော်ကတော့ Argentian Crazy ဆိုတော့ အတော့်ကို ဝမ်းသာနေပါတယ်။ Nigera နဲ့ကစားရမဲ့ Final ပွဲကလည်း အကျိတ်အနယ် ကြည့်ကောင်းမဲ့ ပွဲတစ်ပွဲ ဖြစ်လာဦးမှာပါ။


Monday, August 18, 2008
သားသား 13 Aug 08
ဒီတစ်ရက်နှစ်ရက်မှာ မိတ်ပေါက်တာလား အပူလား တော့မသိ အနီရောင် အကွက်ကွက်တွေ အများကြီး ဖြစ်နေလို့ baby lotion လေးပဲလိမ်းပေးထားတယ်။ ကလေးအထူးကုပေးလိုက်တဲ့ Grovit အားဆေး တိုက်လို့ အပူကန်တာများလားလို့ ကလေးအမေက ယူဆနေတယ်။ ဒါနဲ့ မနေ့ကစပြီး အားဆေးတိုက်တာ ခဏရပ်ထား လိုက်တယ်။
အစားသောက်အတွက်တော့မပူရဘူး။ အရမ်းကို အစားပုတ်တဲ့ကောင်လေး။ မအေနို့ကို အကြာကြီး ဆွဲပြီး စို့သလို နို့ဗူးဆိုလဲ 60ml ကို သုံးခါလောက် ကူရတယ်။ ဒီနေ့ပဲ Citymart ဖက်ကြုံလို့ သူ့နို့မှုန့် တစ်ဗူး ထပ်ပြီး ၀ယ်လာတယ်။ Mamex Gold ဗူးကြီး ကို နှစ်သောင်းရှစ်ထောင် ငါးရာပေးရတယ်။ တစ်လလောက်တော့ သောက်ရမယ် ထင်တာပဲ။


Saturday, August 16, 2008
Arsenal 1- 0 West Bromwich
Clichy, Denilson တို့ရဲ့ ဖန်တီးမှုကနေ Nasri က ပွဲစပြီး လေးမိနစ်မှာတင် အဖွင့်ဂိုးစသွင်းပါတယ်။ တန်းတက်အသင်းလေးနဲ့ ကစားရပေမဲ့ Arsenal ရဲ့ကစားကွက်ကို စိတ်တိုင်းမကျပါဘူး။ Walcott ဒီနေ့ ခြေမပေါ်ဘူး။ အလယ်တန်းက Fabregas မပါတော့ တိုက်စစ်ဖန်တီးမှုနဲ့ ဘောလုံး ဖြန့်ဝေမှုတွေ အားနည်းသလိုပဲ။ Adebayor ကွင်းလယ်လောက်အထိ ဘောလုံးဆင်းယူရပါတယ်။ ကွင်းလယ် အဖျက်ကစားအား အရမ်းနည်းပါတယ်။ အသင်းငယ်လေးမို့ တော်သေးတယ်။ ဒါတောင် Gallas နဲ့ DJourou နားလည်မှုတစ်ချက်လွဲပြီး ဂိုးပေးရမလို ဖြစ်သွားပါသေးတယ်။
ဒုတိယပိုင်းမှာ Walcott ကို ထုတ်ပြီး Toure ကို ထည့်သွင်းပါတယ်။ အဲဒီအချိန်မှာ Eboue က ကစားနေကျ ညာတောင်ပံကို ထွက်ကစားပြီး Toure က ကွင်းလယ်ဗဟိုကနေ ကစားပေးပါတယ်။ ဒီ အခင်းအကျင်းလဲ မဆိုးဘူးပဲ။ Bendtener ကို Van Persi ကို ထည့်ပြီး တိုက်စစ်အားကို မြှင့်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ တစ်ဖက်အသင်းက ကွင်းတစ်ဝက်လောက် ပိတ်ဆို့ကစားလို့ ဂိုးထပ်မရခဲ့ပါဘူး။ ဂိုးသွင်းခွင့်တွေ သုံးလေးကြိမ် လောက်ထပ်ရပါသေးတယ်။
နောက်တန်း ဗဟိုမှာ DJourou ကို သုံးတာ သဘောမတွေ့ပါဘူး။ Senderos ကိုလည်း သိပ်အားမရဘူး။ သူတို့ နှစ်ယောက်နဲ့စာရင် Olympic ပွဲသွားကစားနေတဲ့ Song က ပိုကောင်းသလိုပဲ။ Fabrigas မကစားနိုင်ချိန်မှာ လူငယ်လေး Wilshere ကို ဘယ်တောင်ပံ ကစားခိုင်းပြီး Nasri ကို ကွင်းလယ်ဗဟိုမှာ ကစားကွက်ဖန်တီးသူအဖြစ် ကစားခိုင်းရင် ဘယ်လိုနေမလဲမသိဘူး။ Denilson ကလည်း အသင်းကို မောင်းနှင်ကစားရလောက်အောင် ခြေစွမ်းမထက်ဘူး။ ဒီနေ့မှာ Ramsay ကို မသုံးသေးပါဘူး။
ဘာပဲ ဖြစ်ဖြစ် ပွဲဦးထွက်နိုင်ပြီး 3မှတ်ရလိုက်ပါသေးတယ်။

သားသား (၁၀)ရကျသား
သောကြာနေ့မှာ အာရှတော်ဝင်မှာ ကလေး အထူးကုကို သွားပြပါတယ်။ ချက် ကြွေရင် တစ်ခေါက် လာပြဆိုလို့ပါ။ ကိုယ်လဲနည်းနည်း ပူချင်နေတယ်လေ။ ဆရာဝန်မက ဆေးတွေ ပေးလိုက်တယ်။ တော်တော်လေး သက်သာ လာပါပြီ။ အံ့သြစရာက မွေးတုန်းက ခုနစ်ပေါင် ရှစ်အောင်စရှိတာ ဆေးခန်းပြတဲ့နေ့က ခုနစ်ပေါင်ပဲ ရှိိတော့တယ်။ ကလေးအမေက ပြူးတူး ပျာတာ နဲ့ပေါ့။
ဆရာဝန်မက ဒီလိုပဲ ကိုယ်ရည် စစ်သွားပါတယ် တဲ့ နောက် ပေါင်ချိန်ပြန်တက် လာပါလိမ့်မယ်တဲ့။ ဒီမနက်ပဲ MICT Park ထဲရောက်လို့ လူကြုံနဲ့ စင်္ကာပူက ဦးဦးဒေါ်ဒေါ်များက သားသား အတွက် ပေးလိုက်တဲ့ အဝတ်အစားလေးတွေ ရတယ်။ လှလိုက်တာ။ နည်းနည်းလေးတော့ ကြီးနေသေးတော့ ဝတ်ပေးဖို့ စောင့်ရဦးမယ်။ ကလေးတော့မသိဘူး လူကြီးတောင် အတော်လေး သဘောကျသွားတယ်။ :D (ပုံလေးတွေက phone handset နဲ့ပဲ ရိုက်ထားတာ ဆိုတော့ သိပ်တော့ မကောင်းဘူး။)
၀ါခေါင်ကန်တော့ပွဲ (ရန်ကင်းအိမ်)


နှစ်စဉ် ၀ါခေါင်လကို ရောက်ရင် ကျွန်တော်တို့ မိတ်သင်္ဂဟတစ်စုတို့ရဲ့အိမ်တွေမှာ ဒီလို ၀ါခေါင်ကန်တော့ပွဲလေး လုပ်တာ ကျွန်တော့်တစ်သက်နီးပါးလောက်ရှိပါပြီ။ ဂိုဏ်း ဂဏတွေ နတ်တင်တာမျိုးတွေမဟုတ်ပါဘူး။ (၁၀)ဌာန ပုဂ္ဂိုလ်တွေကို ပန်း၊ ရေချမ်း၊ဆီမီး၊ဆွမ်းတို့နဲ့ ကပ်လှူတယ်။
(ဂ)ဌာန ပုဂ္ဂိုလ်တွေကို ပန်း၊ ရေချမ်း၊ဆီမီး၊ဆွမ်း .. သူတို့ကိုယ်တိုင် ဘုရားကို ကပ်လှူဖို့ ပင့်ဖိတ်ပြီး လှူပေးတယ်။ ပန်းဆိုတာ အရဟံအောင်လံစိုက်ထားတဲ့ အောင်သပြေပန်းတွေပါ။ ပြီးတော့ (၈)ဌာန ပုဂ္ဂိုလ်တွေကို ရေချမ်း၊ဆွမ်း ကော်ဖီအချိုရည် စသည်ဖြင့် လှူပေးတယ်။
၀ါခေါင်လဆန်း ၁၂ရက်ညနေဖက်မှာ (၈)ဌာန ပုဂ္ဂိုလ်တွေကို လက်ဖက်ပွဲ သောက်တော်ရေနဲ့ ပင့်ပါတယ်။ လဆန်း ၁၃။ ၁၄ နဲ့ လပြည့် သုံးရက်တိုင်တိုင် အာရုံဆွမ်းကပ်ပါတယ်။ သားသတ်လွတ်ပါ။ ထောပတ်ထမင်း၊ အုန်းထမင်း၊ သစ်သီး ဒန်ပေါက်.. စတာတွေလှူနိုင်ပြီး သစ်သီးများလဲထည့်နိုင်ပါတယ်။
မိသားစုဝင်အားလုံး သားသတ်လွတ်စားရပါတယ်။ အရဟံကိုပွားများကြရပါတယ်။ မေတ္တာပို့ရပါတယ်။ အိမ်ထောင်ဦးစီးများ လပြည့်နေ့မှာ ဥပုတ်စောင့်ရပါတယ်။ ဆောင်ရွက်ပုံအသေးစိတ်ကို အားတဲ့အချိန်ရေးပြီး မှတ်တမ်းအဖြစ် တင်ထားပါဦးမယ်။
Thursday, August 14, 2008
(၈)ဌာန
ခုနက ပြောခဲ့တဲ့ (၁၀)ဌာနက ၉ နဲ့ ၁၀ ကို နောက်တစ်ဆင့် အသေးစိတ်လိုက်တဲ့သဘောပါ။ ဆယ်ဌာနလိုတော့ နေ့စဉ်အိမ်မှာအမြဲလှူတန်းဆက်ကပ်ဖို့ထက် ခါကြီးရက်ကြီး၊ မွေးနေ့၊ မင်္ဂလာရက်၊ အိမ်တက် စတဲ့အချိန်တွေမှာ ပင့်ဖိတ်လှူတန်းတာများပါတယ်။
လှူတန်းပုံနှစ်မျိုးရှိပါတယ်။
- ယင်းပုဂ္ဂိုလ်များ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ကိုယ်တိုင်ကိုယ်ကျ ကပ်လှူနိုင်ရင် လှူတန်း ပေးခြင်း။ (သူတို့ စားသုံးရန် လှူတန်းခြင်းမျိုးမဟုတ်။ သူတို့က ဘုရားကို လှူရန် ပေးလှူခြင်းဖြစ်ပါတယ်။)
- ယင်းပုဂ္ဂိုလ်များကို တိုက်ရိုက် ဧည့်ခံလှူတန်းခြင်း
ရှစ်ဌာနပုဂ္ဂိုလ်များ
(၁) အလုံးစုံသော ရဟန်းဝိဇ္ဇာထိုရ် ဆရာတော်အပေါင်း (ဥပမာ ဘားမဲ့၊ ယက္ကန်းစင်တောင်၊ ရှင်မထီး ...)
(၂) အလုံးစုံသော နတ်ဝိဇ္ဇာထိုရ် ဆရာတော်အပေါင်း
(၃) အလုံးစုံသော လူဝိဇ္ဇာထိုရ် ဆရာတော်အပေါင်း (ဥမာ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်....)
(၄) ၀ိဇ္ဇာဇော်ဂျီ ဆရာတော်အပေါင်း
(၅) ဘိုးတော်သကြားမင်းနှင့် သာသနာစောင့် နတ်မင်းအပေါင်း
(၆) သူရဿရီမယ်တော်ကြီးနှင့် ဒေဝီမယ်တော်အပေါင်း
(၇) ရုက္ခစိုး၊ ဘုမ္မာစိုး၊ အာကာသစိုး နတ်မင်းအပေါင်း
(၈) စင်္ကြာဝဠာ အနန္တရှိ ဗုဒ္ဓဘာသာဝင် နတ်မင်းအပေါင်း
(၁၀)ဌာန
(၁) မြတ်စွာဘုရား
(၂) အလုံးစုံသော ပစ္စေက ဗုဒ္ဓါအပေါင်း
(၃) ရဟန္တာ မထေရ်မြတ်အပေါင်း
(၄) အရှင်သာရိပုတ္တရာ (လက်ယာတော်ရံ ပညာအရာ အကြီးမြတ်ဆုံး)
(၅) အရှင်မဟာမောဂ္ဂလန် (လက်ဝဲတော်ရံ တန်ခိုးအရာ အကြီးမြတ်ဆုံး)
(၆) အရှင် ဗာကုလ (ကျန်းမာရေးအရာအတွင် အမြတ်ဆုံး)
(၇) အရှင်သီဝလီ (လာလ်လာဘ ပေါများရာတွင် အမြတ်ဆုံး)
(၈) အရှင်ဥပ္ပဂုတ္တ (ဘေးရန်အန္တရယ်အပေါင်းကို နှိမ်နှင်းပယ်ရှားပေးနိုင်ခြင်း)
(၉) အလုံးစုံသော ၀ိဇ္ဇာဇော်ဂျီ ဆရာတော်အပေါင်း - အတွက် မြတ်စွာဘုရားအား ကပ်လှူပေးခြင်း
(၁၀) စင်္ကြာဝဠာ အနန္တရှိ ဗုဒ္ဓဘာသာဝင်နတ်မင်းအပေါင်း -အတွက် မြတ်စွာဘုရားအား ကပ်လှူပေးခြင်း
သောက်ရေဆို ဆယ်ခွက်၊ ဆွမ်းဆယ်ပန်းကန်၊ ပန်းဆယ်ပွင့်၊ မျက်နှာသုတ်ပုဝါဆယ်ထည်၊ ဖယောင်းတိုင် ဆယ်တိုင်၊ အမွှေးတိုင် ဆယ်တိုင် စသည်ဖြင့် လှူတန်းနိုင်ပါတယ်။ ကျွန်တော်တို့ အိမ်က ဘုရားစင်မှာဆို သောက်တော်ရေခွက် (၁၀)ခွက်ရှိပါတယ်။ ခုနက ပြောတဲ့ (၁၀)ဌာနကို လှူထားတာပါ။ ဘုရား၊ ပစ္စေကဗုဒ္ဓါ နဲ့ ရဟန္တာကြီးတွေကို အိမ်မှာ အမြဲပင့်ထားပြီး လိုအပ်သမျှ လှူတန်းတယ် ဆိုတဲ့ သဘောမျိုးပါ။
အိမ်မှာ အမေဆိုရင် မနက်အစောကြီး မျက်နှာသစ်တော်ရေနဲ့ မျက်နှာသုတ်ပဝါလေးတွေ ကပ်ပါတယ်။ ပြီးမှ ဆွမ်းနဲ့ သောက်တော်ရေကပ်ပါတယ်။ ညဖက် မှာ သောက်တော်ရေကပ်ပါတယ်။ လပြည့်လိုနေ့တွေဆို အအေးကပ်ပါတယ်။ ဘုရားစင်မှာထားဖို့ အစီအစဉ်ကတော့ - ၁၊ ၉၊ ၁၀၊ ၂ ..... ၃ ၄ ၅ ၆ ၇ ၈ ၉ ဆိုပြီး နှစ်တန်း တန်းထားနိုင်ပါတယ်။ ပထမအတန်းက ကိုယ်က ဘုရားလှူတာရယ်၊ ဆရာတော်တွေ နတ်တွေအတွက် ဘုရားလှူပေးတာရယ်၊ ပစ္စေကဗုဒ္ဓါအပေါင်းရယ် ပါ.။ ဒုတိယအတန်းကတော့ ရဟန္တာတွေပေါ့။
အထက်ပါအစီအစဉ်အတိုင်း သောက်တော်ရေခွက်များကို တစ်တန်းတည်းလဲထားနိုင်ပါတယ်။ အကြောင်းကြောင်း အခက်အခဲတွေကြောင့် ဆယ်ခွက်မလုပ်နိုင်ရင်လဲ ၁။ ၉။ ၁၀။ ၃ ဆိုပြီး ငါးခုပဲလည်း လှူတန်းနိုင်ပါတယ်။ ၃ ကိုလှူတန်းချိန်မှာ ရဟန္တာအားလုံးကို စိတ်ထဲက မှန်းပြီးလှူပေါ့။
ထပ်ချုံ့ ချင်ရင်တော့ ၁။ ၂။ ၃ ပေါ့ .... ဘုရား၊ ပစ္စေကဗုဒ္ဓါ နဲ့ ရဟန္တာတွေကို လှူတယ်ပေါ့။ လှူတာက တရားပေါ့။ ဒါဆို ဘုရား၊တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါး ပြည့်စုံသွားတာပေါ့။ ပြီးတော့မှ ၀ိဇ္ဖာဆရာတော်တွေ နတ်တွေကို ကိုယ့်အလှူ အတွက် အမျှအတန်းပေးဝေပေါ့။ တစ်ချို့အိမ်တွေမှာ ရေသုံးခွက်တော့ လှူထားပါရဲ့ ဘုရား၊ တရား၊ သံဃာတဲ့ ... တရားဆိုတာက ဘယ်လို ရေသောက် မယ်ဆိုတာ တွေးလို့မရဘူး :D
Tuesday, August 12, 2008
သားသား အိမ်ရောက်ပြီ
သားသား ပစ္စည်းတွေ လက်ဆောင်တွေကို မနည်းဘူး။ နောက်ရက်တွေကြရင် night nurse ဆရာမလေးကို တစ်ပါတ်လောက် ဆက်ပြီး ခေါ်ထားတယ်။ အိမ်မှာ အထာ မကျခင် သားသား သက်တောင့်သက်သာနဲ့ နေသာထိုင်သာ ရှိအောင်ပေါ့။ လိုတဲ့ အသုံးအဆောင်လေးတွေ ထွက်ဝယ်ရဦးမယ်။ သားကို သောကြာနေ့မှ ကလေးဆေးရုံခေါ်သွားပြီး BCG ထိုးရင်း ကလေးအထူးကုနဲ့ ထပ်ပြရမယ်။
ကလေးအမေကတော့ ချုပ်ရိုးပလတ်စတာခွာပြီး လာမဲ့ တနင်္ဂနွေမှာ OG ကို သွားထပ်ပြရမယ်။ လောလောဆယ်တော့ အိမ်မှာ ယောက်ခမ လာနေပေးမယ်။ တောက်တိုမယ်ရ ခိုင်းဖို့ ကောင်မလေး တစ်ယောက်လဲ ခေါ်ထားတယ်လေ။ ဖြေးဖြေးတော့ သားလေး အိမ်မှာ အသားကျသွားမှာပါ။
Monday, August 11, 2008
သူ့အထုပ်နဲ့သူလာ
ဆွေမျိုး မိတ်သင်္ဂဟတွေ ပေးကြတဲ့ လက်ဆောင် တွေကလည်း ပုံလို့ အင်္ကျီ အဝတ်အစားတွေ၊ စောင်၊ အိပ်ယာ၊ခေါင်းအုံး၊ ပေါင်ဒါဘူးတွေ၊ ဆပ်ပြာ နို့ဗူး .. စုံလို့စုံလို့ပါပဲ။ ဆိုင်ဖွင့်လို့တောင် ရနေပြီ။ ရောက်လာဦးမဲ့ လက်ဆောင်တွေလည်း ရှိသေးတယ်။ အိမ်မှာလည်း သူ့အတွက် ဝယ်ထားတဲ့ ပုခက်တို့ အဝတ်အစားတွေကလည်း ရှိသေးတယ်။ ရုပ်ရည်လေးကလည်း ချစ်စရာလေး။ စောင့်ပေးကြတဲ့ Nurse လေးတွေကတောင် ချစ်ကြတယ်။
ဘဝမှာ အဖွင့်ကောင်းတဲ့ ဒီကလေးကို အလိုလိုက်လွန်ပြီး Spoil ဖြစ်မသွားအောင်တော့ သတိထားပြီး သွန်သင်ရဦးမယ်။ ပစားပေးလွန်းလျှင်လဲမကောင်း။ ဘယ်ဟာက ကောင်းသည် မကောင်းသည် ၊ မပြောသင့် မလုပ်သင့် ဆိုတာကို message မရတော့။ သူလုပ်သမျှ လူကြီးများက အားပေးနေတယ် မှတ်သွားတတ်သည်။
အခုတင် မျက်စိရှေ့မှာ ဒါမျိုးမြင်နေရတာ။ အဘိုးအဖွား မိဘတွေကတော့ ကိုယ့်ရင်သွေးဆိုတဲ့ မျက်စိနဲ့ ကြည့်တော့ အပြစ်မမြင်ကြ။ ဒါပေမဲ့ အပြင်လူ တစ်ယောက်အမြင်မှာတော့ သွန်သင်ဆုံးမ သင့်တဲ့ အနေအထားကို ရောက်နေတာမျိုးတွေ။ စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးတွေ။ ကိုယ့်စိတ်နဲ့ဆို နှစ်ခါသုံးခါလောက် ရိုက်ပြီးပြီ။ ဒါတောင် မနေနိုင်လို့ ငေါက်မိသေးတယ်။ နောက်မှ ... အော် ငါက ငါညီမက မွေးထားတာလဲမဟုတ်။ ကိုယ်က သူ့မိဘမှမဟုတ်တာဆိုပြီး စိတ်ထိန်းရတယ်။ ကိုယ့်သားကိုတော့ သူများက အဲဒီလို စိတ်အနှောက်အယှက် ဖြစ်လောက်သည် အထိ စောက်မှန်းကမ်းမှန်း မသိတာမျိုး မဖြစ်စေရ။
ဒေါင့်မကျိုးတဲ့ သောက်တလွဲကောင်လေး ဖြစ်မလာစေရ။ ဒါက ကလေးရဲ့အပြစ်မဟုတ် ... ဆုံးမသင့်တဲ့ အခြေအနေမျိုးမှာ ဆုံးမသင့်တဲ့ပုံစံနဲ့ မဆုံးမ ခဲ့ခြင်းကြောင့်သာ။ လူတိုင်းတော့ ကိုယ့်ရင်သွေး ကိုယ်ချစ်ကြသည်သာ။ ဒါပေမဲ့ ကိုယ်က ဆုံးမဖို့ တာဝန်မကျေခဲ့လို့ လူမပီသတဲ့ လူတစ်ယောက် လူလောကထဲ ရောက်သွားရင် အပြစ်ဘယ်လောက်များ ကြီးလိုက်မလဲ ...
ကလေးကို ငွေကြေးတွေ စည်းစိမ်တွေ ပုံပေးတာထက်စာရင် စိတ်ဓါတ်ကောင်းအောင် ဆင်ခြင်တုံ တရားရှိအောင် ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ လောကဓံတရားတွေကို ကြံ့ကြံ့ခံနိုင်အောင် လောကကြီးမှာ လူပီပီသသ နေတတ်အောင် အများကြီး လုပ်ပေးချင်ပါသေးတယ်။ (ကိုယ်ငယ်ငယ်က ကိုယ့်မိဘ ဘယ်လို သွန်သင်ခဲ့တာတွေ ရေးပါဦးမယ်။) အင်း... ဖြေးဖြေးချင်းပေါ့ ... အခုမှ ရက်သားပဲရှိသေးတာ။
မီးချောင်းတွေအောက်မှာ

တောက်လျောက်ကို အော်ငို တော့တာပဲ။ ကလေးအမေကလဲ သူ့သားလေး ငိုနေတော့ မျက်ရည်လေး တစမ်းစမ်းနဲ့ပေါ့။ ဒါတောင် နို့ဝအောင် တိုက်ပြီးမှ မီးချောင်းအောက် ကိုထည့်တာ။ဒီကောင်လေးက အတော့်ကို အစားကြီးသည်။ အထိုက်အလျောက် ထွက်နေတဲ့ အမေနို့ကို စို့တဲ့အပြင် နို့မှုန့်ဗူး ဖျော်တိုက် တာလဲ တစ်ခါသောက်ရင် 30cc ကုန်တယ်။
၂နာရီကို တစ်ခါလောက် ဆာလို့ အော်တယ်။ ဆာတိုင်း အမေနို့စို့ပြီးရင် နို့မှုန့်နဲ့ဖျော်ထားတာ မတိုက်မချင်း ဝက်ဝက်ကွဲအောင် အော်ငိုပါလေရော။ ဒါတောင် နို့ဗူးနဲ့ မတိုက်သေးဘူး။ ဇွန်းသေးသေးနဲ့ ခပ်တိုက်တာ။ မနေ့ညကလည်း မီးချောင်းတွေအောက်မှာ အော်ငိုလိုက် မောရင်အိပ်သွားလိုက် နို့သောက်လိုက်နဲ့။ လူကြီးတွေ လဲ မအိပ်ရ။ ဒီနေ့ညနေ ၄နာရီအထိ ထားရမှာ။ မနေ့ညက OG အန်တီလာကြည့်တော့ အမေကတော့ ဒီညနေ ချုပ်ရိုးဖြေပြီးရင် ဆင်းလို့ရပြီတဲ့။ ဒါပေမဲ့ ဒီညနေ ကလေးဆရာဝန်က ဘာပြောဦးမလဲဆိုတာ စောင့်ကြည့် ရဦးမှာပေါ့။

Friday, August 8, 2008
Thursday, August 7, 2008
သားသားလေးမွေးပြီ

အစောပိုင်းက ရိုးရိုးမွေးဖို့ ဆေးရုံတက် လိုက်တာ။ ဒါပေမဲ့ အဲဒီ ညပိုင်းမှာ OGက စမ်းသပ် လိုက်တော့ ချက်ကြိုးက ကလေးရဲ့ အရှေ့က ပိတ်နေတယ် ဆိုးလား ... (သိပ် နားမလည်ဘူး) ခွဲမွေး လိုက်ပါတဲ့။
ဒါနဲ့ နောက်တစ်နေ့ မနက် (၅)နာရီမှာခွဲဖို့ စီစဉ်လိုက်တယ်။ တကယ်မွေးလာတော့ ၅နာရီ ၃ရမိနစ်မှပါ။ ကလေးက ရပေါင် ၈အောင်စရှိပါတယ်။ မွေးလာတုန်းက မျက်နှာမှာ မျက်နှာဖုံးစွပ်လေးနဲ့တဲ့။ မွေးလာပြီးတော့ သူနာပြု ဆရာမလေးက ခွဲခန်းအဝကို လာပြတော့ အနှီးလေးနဲ့ထုတ်ပြီး စောင်လေးပတ်လို့။
မျက်လုံလေးနှစ်ဖက်က မှိတ်ရက်သားလေးမှ မျက်ရည်စလေးတွေနဲ့။ မွေးပြီးတော့ ငိုထားပုံရတယ်။ အမေရော ကလေးပါ ကျန်းကျန်းမာမာပါပဲ။ မနေ့ကခွဲခန်းထွက်ခါစကတော့ မိန်းမက downနေတာ ညနေပိုင်းလောက်ကစပြီး တစ်စ တစ်စ သက်သာလာပါတယ်။ မနေ့ကစပြီးတော့ မိခင်နို့တိုက်ဖို့ ကြိုးစား ပေးတယ်။ နို့သိပ်မထွက်သေးပေမဲ့ နို့ဦးရည် လေး သောက်ရအောင်ပေါ့။ ဒီမနက် ကစပြီး သားလေးက အမေ့နို့ စို့တတ်သွားပြီ။ နို့ရည်လည်း ပိုထွက်လာပြီ။ ဒီမနက်ကတည်းက အမေ့ဘေး သိပ်ထား ရတယ်။ သူ့ကို ထားတဲ့ ခြင်းလေး ထဲမှာ ထားရင် ခဏနေရင် အော်အော်နေလို့။ :D



Tuesday, August 5, 2008
Wilshere got No. 19 Shirt
Monday, August 4, 2008
လက်နက်ကောင်း
တိမ်စစ်သည်တို့ကို စုရုံး၍ မရသော မိုးနတ်သားသည် ခြိမ်းခြောက် ဟိန်းဟောက်သံကိုသာ ပေးနေရတော့၏။ လေနတ်မောင်၏ ရယ်မောသံကား မခံချိ မခံသာ ဖြစ်စရာပင်။ ကောင်းကင်တစ်ခုလုံးတွင် လေနတ်မောင်၏ ခြေရာလက်ရာ မြူမှုန် ဗရပ္ပသာ တွေ့ရ၏။
မိုးနတ်သားသည် ဤ မြူမှုန်ညစ်ပြာတို့ကို စင်စစ် ဆေးကြောချင်လှ၏။ သို့ရာတွင် သူ့တပ်သားတို့ကား ဖရိုဖရဲ ပြိုကွဲလလျက် ရှိခြေပြီ။ ရံဖန်ရံခါ ဟိုတစ်စ သည်တစ်စ တိမ်ဖြူလွလွတို့ကို ဆင့်ခေါ်ခဲ့ပါ၏။ လူ့လောကကို အေးမြစေလိုသော စေတနာ မွေး၍ မိုးသေး မိုးဖွဲ မိုးကျဲကျဲကို ရွာချနိုင်ပါ၏။ သို့သော် လေနတ်မောင်က ခြေထိုးလိုက်သည်နှင့် တစ်ပြိုင်နက် ကစဉ့်ကလျား ပြေးလွှားကုန်ကြတော့၏။
သွေးလေချောက်ချား တပ်ပျက်ကုန်ကြတော့၏။ မိုးနတ်သားသည် မခံမရပ်နိုင် ဖြစ်၏။ လေနတ်မောင် အဖျက်ဒဏ်ကို မည်သို့ ကြံ့ကြံ့ခံရမည်ကို စနစ်တကျ စီမံ၏။ တိမ်စစ်သည်တို့အား မည်သို့ နားချရမည်ကို စဉ်းစား၏။ လောကတစ်ခွင် လေနတ်မောင် အဖျက်သမားသာ အစိုးမိုးခံရလျှင် သစ်ပင်ပန်းမန် လူတိရိစ္ဆာန်တို့ ခိုုကိုးရာ မဲ့ချေတော့အံဟူသော မိုးနတ်သား၏ စေတနာသည် တိုက်ပွဲအောင်မည့် အကောင်းဆုံးလက်နက် ဖြစ်ပေ လိမ့်မည်။
ပိတောက်မှသရဖီသို့ (တင်မိုး)
အလှပြူတင်းပေါက်
ကဗျာဆရာလေးသည်ပင် ထိုအလှကို ရိုးတိုးရိတ်တိတ်မျှသာ ကဗျာ သီကုံးနိုင်ခဲ့၏။ စာဆိုဉာဏ်တွင် ထိုအလှကို အမိမဖမ်းနိုင်ရှာပေ။ ချစ်သူသည် သူပိုင်ဆိုင်သော အလှပစ္စည်းကို ကြွားဝါလို၍ ပန်းပန်ခြင်း မဟုတ်။ သူ့၌ အရိုင်းစိတ်ကို ကြည်၍ အယဉ်စိတ်ကို မွေးလေ့ရှိကြောင်း ပြခြင်းပင် ဖြစ်သည်။
သူ၏ စိတ်တွင်းအလှကို မြင်စိမ့်သောငှာ တစ်ခဏမျှ ဖွင့်လှစ်ပြလိုက်သော အလှပြူတင်းပေါက် ဖြစ်ပေသည်။ ယင်းအလှသည် တိုက်ရိုက် အသုံးဝင်ကောင်းမှ ဝင်ပေမည်။ အို ... တိုက်ရိုက် အသုံးမဝင်ပါပေ။ သို့ရာတွင် လောက၏ အသုံးအဆောင် မှန်ပေသည်။ သူ မပါလျှင် အလင်္ကာဂုဏ် မမြောက်နိုင်ပေ။
ရှုပါဘိ။ ပန်းကလေး၏ အလှသည် ချစ်သူ၏အလှကို လိုက်ဖက်အောင် ပြုပေး၏။ လှပသော အမူအရာသည် ပန်းကြောင့် ထင်ရှားလာ၏။ မျက်စိ၏ အဆင်မပြေမှုကို ဖျောက်၏။ အတင့်အတယ် ဖြစ်၏။ လောက၏ ပြေပြစ် တင့်တယ်သော အဆင်အယင်ကို ပြလိုက်နိုင်၏။ ထိုအခါ လောက၏ ချစ်စဖွယ်ဂုဏ်သည် နှလုံးသား၌ ကြေးမုံ ထင်လာလိမ့်မည် ဖြစ်သတည်း။
ပိတောက်မှသရဖီသို့ (တင်မိုး)
Arsenal 1 - 0 Real Madird

Winger အနေနဲ့ Fabregas ကို ဘာလို့မသုံးလဲတော့ မသိဘူး။ Diaby နဲ့ Denilson တို့ရဲ့အလယ်တန်းကို သိပ်အားမရဘူး။ Denilson အစား Aron Ramsay ကို သုံးရင်တောင် ပိုကောင်းမယ် ထင်တယ်။ Flamini ထွက်သွားကတည်းက ကွင်းလယ် အဖျက်နေရာက တော်တော် အားနည်းသွားခဲ့တာ။ Wilshere လေးတစ်ယောက် ဒီပွဲမှာ ဒုတိယပိုင်း တစ်ဝက်လောက်မှ လူစားဝင်ကစားခဲ့ရပေမဲ့ ခြေစွမ်းပြ ကစားသွားတယ်။ Fabregas တို့လို တိုးတက်လာမဲ့ ကစားသမာလေးပဲဗျ။
Emirate Cup ပြိုင်ပွဲ နှစ်ပွဲမှာ Arsenal ကစားသွားတာကို ကြည့်ပြီးတဲ့နောက် သေချာသွားတာက အသင်းမှာ Adebayer ရှိကို ရှိနေရဦးမယ်။ သို့မဟုတ် သူ့လောက် ထက်မြက်တဲ့ တိုက်စစ်မှူးတစ်ယောက်လိုမယ်။ Van Parsie, Bentenar တို့က တစ်ခါတစ်လေ ခြေစွမ်းပျောက်နေတတ်တယ်။ Carlos Vela ကလည်း အသင်းငယ် တွေနဲ့ ခြေစမ်းတုန်းက ဂိုးတွေသွင်းနိုင်ခဲ့ပေမဲ့ အသင်းကြီးတွေရဲ့နောက်တန်းတွေကို သိပ်မတိုးနိုင်ဘူး။
Sunday, August 3, 2008
Emirate Cup Arsenal 0 - 1 Juventus

အလယ်တန်း ဘယ်အစွန်မှာ Jack Wilshere ဆိုတဲ့ကောင်လေး ပွဲထွက်တယ်။ ညာအစွန်မှာ Eboue နဲ့ ကွင်းလယ်က ဘရာဇီးသားလေး Denilson နဲ့ Ramsay ကို ၀င်ကစားတယ်။ ရှေ့တန်းတိုက်စစ်အနေနဲ့ လူသစ်Carlos Vela ကို Bendtner နဲ့တွဲပေးထားတယ်။
လူငယ်တွေအများစုပါဝင်နေပေမဲ့ အချိတ်အဆက်မိမိနဲ့ Juventus ကို သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ် Finishing ပိုင်းမှာ အားနည်းနေလို့ ဂိုးမရခဲ့ဘူး။ လူငယ်တွေ အရည်အသွေးကောင်းပေမဲ့ အတွေ့အကြုံလိုနေသေးတယ်။ Juventus က Trezeguet ရဲ့လူကျွံဘောအနေအထားက သွင်းယူသွားတဲ့ ဂိုးနဲ့ ပထမပိုင်းမှာဦးဆောင်နေတယ်။
ဒုတိယပိုင်းအစမှာ Vela အစား Adebayer Hoyte အစား Gallas နဲ့ Ramsay အစား Diaby ၀င်ကစားတယ်။ Adebayer ကြီးကစားနေတာ စိတ်မပါလက်မပါနဲ့ ခြေမပေါ်ဘူး။ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ အပေးအယူ တွဲလုံးလေးတွေ တော်တော်ကောင်းတယ်။ ရှေ့တန်းတိုက်စစ်မှုးတွေ Juventus ရဲ့နောက်တန်းကို သိပ်မခြိမ်းခြောက် နိုင်ခဲ့ဘူး။ ဂိုးသမား Buffon တောင် သိပ်မဖမ်းလိုက်ရဘူး။ ဒုတိယပိုင်း တစ်ဝက်ကျော် လောက်မှာ Segana, Nasri, Walcott တို့ဝင်ကစားသေးတယ်။ ဒါပေမဲ့ ချေပဂိုးတောင် ပြန်မသွင်းနိုင်ပါဘူး။
ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ Fabregas, Van Persi, Almunia တို့ကို ထုတ်မသုံးခဲ့ဖူး။ အရန်ဂိုးသမား Fabianski အထူးလက်စွမ်းပြကစားသွားတယ်။ တစ်ပွဲလုံးမှာ ကျွန်တော်အကြိုက်ဆုံးကတော့ left wing က ကစားသွားခဲ့တဲ့ မျက်နှာသစ်ကလေး Jack Wilshere ပါပဲ။ ၀ါရင့်ကစားသမားတစ်ဦးအလား အသင်းနဲ့ အံဝင်ဂွင်ကျ ကစားသွားနိုင်ခဲ့တယ်။ (ဒုတိယပိုင်း တစ်ဝက်ကျော်မှာ သူ့ကိုထုတ်ပြီး Narsri ၀င်ကစားတာ) ဒီနေ့မှာ တလွဲတချော်တွေလုပ်တတ်တဲ့ Senderos လဲ သပ်သပ်ရပ်ရပ်နဲ့ အကောင်းဆုံးကစားသွားခဲ့တယ်။ Denilson ရဲ့ ကစားပုံကိုတော့ သိပ်အားမရသေးဘူး။

Van Persi, Walcott, Bentner နဲ့ Carlos Vela တို့ ဘယ်လောက်အားကိုးရမယ်တော့မသိဘူး ရှေ့တန်းတိုက်စစ်မှုး ကောင်းတစ်ယောက်လောက် လိုဦးမယ်ထင်တယ်။ Adebayer ကလည်း အသင်းပြောင်းခွင့်မရ၊ လခလည်း မတိုးတော့ ကပ်သီးကပ်ဖဲ့များလုပ်နေလားမသိဘူး လုံးဝကို ခြေမပေါ်ဘူး။
ဒီည Real နဲ့ကစားမဲ့ပွဲမှာ Winger အနေနဲ့ ဘယ်လို ပွဲထွက်လာဦးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ ...
Saturday, August 2, 2008
ဝါခေါင်လ
နူးညွတ်ဖွယ်သာ၊
ခုသန်ဝါကား ခတ္တာဖြူဖွေး၊
မစဲသေးလျက် ရောထွေးယှက်ကာ၊
ဘယ်ခြင်းရာကြောင့် ယင်းမာရွှေပန်း၊
ပွင့်စုံလန်းသည် နေနန်းသိန်နှင့် ကန်မှာသော်။
လက်ဝဲသုန္ဒရ
Friday, August 1, 2008
Staying at No.1 Position
Wimbledon 3rd round ကထွက်ခဲ့ရတဲ့ Ana တစ်ယောက် အခုပွဲမှာလည်း ထွက်လိုက်ရပြန်ပါပြီ။ ညာဖက်လက်မ နာနေလို့ raquetကို ကောင်းကောင်းမကိုင်နိုင်လို့ မကစားနိုင်ခဲ့ဖူးလို့ ဆိုပါတယ်။
Ana နဲ့ Jankovic က Sony WTA ranking မှာ အမှတ် ၈ဝလောက်ပဲကွာပါတယ်။
လောလောဆယ်မှာ Ana တစ်ယောက် ပြင်သစ် အိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လက်ရည်မျိုး ပျောက်ဆုံးနေပါတယ်။ အနားယူသွားတဲ့ Justine Henin ရဲ့တည်ငြိမ်တဲ့လက်စွမ်းရယ် အောင်မြင်မှုကို ထိန်းသိမ်း နိုင်မှုရယ်ကို Ana ရော Sharapova ပါ မမှီသေးပါဘူး။
တစ်ဖက်မှာလည်း အမျိုးသား No.1 Federer တစ်ယောက် ရှုံးပွဲတွေဆက်လို့ နံပါတ်တစ်နေရာကို Nadal က ခြိမ်းခြောက်နေပါပြီ။ Federer အနေနဲ့က ၂၀၀၄ကတည်းက ကမ္ဘာ့နံပါတ်တစ်ဖြစ်ခဲ့တာပါ။ Nadal က ၂၀၀၅ခုနှစ်မှာ နံပါတ် ၂ စဖြစ်ပါတယ်။ တစ်ဖက်ကကြည့်ရင်လဲ Federer တစ်ယောက် နံပါတ်တစ်နေရာကို ထိန်းသိမ်းထားတာ ကြာခဲ့ပါပြီ။ တောင်တစ်တောင်ထက် နောက်တစ်တောင်ပိုမြင့်တယ်။ ရှေ့ကလှိုင်းလုံးကို နောက်လှိုင်းလုံးက လွှမ်းသွားတယ်။ ဘယ်အရာမှ မတည်မြဲဘူး .....
Nothing lasts forever ပါပဲ။