Tuesday, August 26, 2008

တိမ်လွှာနဂါး သူရဲကောင်းများ


သိုင်းကားဇာတ်လမ်းတွဲတစ်ခုရဲ့နံမည်ပါ။ Familiy TV5 ကနေ မြန်မာစာတမ်းထိုးနဲ့ သူတို့ရဲ့ 5Series လိုင်းမှာပြခဲ့တာပါ။ အခုနောက်တစ်ခေါက်ပြန်ပြနေတယ်။ မြဝတီ TV ကနေလည်း ပြဖူးတယ်။ FamilyTV5 မှာ ပြခဲ့တာကို ကူးပြီးရောင်းတဲ့ DVD ၆ချပ်တွဲလည်းရှိသေးတယ်။ ခိုးကူးပြီး ပြန်ရောင်းတာဆိုတော့ Quality သိပ်မကောင်းဘူး။ ဒီဇာတ်ကားက ထင်းလုံပပု (ဘာအဓိပ္ပါယ်လဲတော့မသိဘူး) ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင် ရိုက်ထားတာပါ။
 
 ကျွန်တော်တို့ ငါးတန်း ခြောက်တန်းလောက်က မိုးကျော်သူ ဘာသာပြန်ထားတဲ့ စာစဉ်တွဲရှိတယ်။ အခုထိ နံမည်တွေတောင် မှတ်မိသေးတယ်။ အတိုင်းအဆမဲ့ဓါး၊ ရေလှိုင်းမာန်နဲ့ ခြေသိုင်းဟန် (၂အုပ်)၊ လူမိုက်ကြီးလေးယောက်(၂အုပ်)၊ အပူသိုင်းနဲ့ အအေးလှိုင်း (၂အုပ်တွဲအထူကြီး)၊ လွမ်းငွေ့ဝေဖြာသိုင်းကမ္ဘာ (၂အုပ်တွဲအထူကြီး) ...ဆိုပြီး စာအုပ် အနေနဲ့ က ခုနစ်အုပ်ပေါ့။

ဖတ်ဖူးခဲ့သမျှသိုင်းစာစဉ်တွေမှာ ကြိုက်တာတွေထဲကမှ ဒီတစ်တွဲကို အကြိုက်ဆုံးပဲ။ သာမန် သိုင်းဝတ္ထုတွေလို မိဘတွေ အသတ်ခံရ မင်းသားက ဆရာကြီးနဲ့တွေ့၊ ဒါမှမဟုတ် ချောက်ထဲကြပြီး နှစ်တစ်ထောင်အသီးစားလို့ သိုင်းကျမ်းကြီးကိုတွေ့ မိုးပျံအောင်တော်သွား .....လက်စားချေ .. ဆိုတဲ့ ပုံစံခွက်က အများကြီးကွဲထွက်နေတယ်။

ဇာတ်ကောင်တွေ အများကြီးပါဝင်ပြီး တစ်ဦးစီကိုလည်း အားသာချက် အားနည်းချက် ကိုယ်စီနဲ့ အချစ် အမုန်း အလွမ်း အဆွေး မာန ဒေါသ တို့ ရောယှက်လို့ စိတ်ဝင်စားဖွယ် ပြိုင်ဆိုင်မှုပေးပြီး ဇာတ်အိမ်ဆင်ထားတယ်။ သိုင်းလောကထဲ မမျှော်လင့်ပဲ ရောက်လာခဲ့တဲ့ တာလိပြည်က မင်းသာလေး တန့်ဥ၊ သူတောင်းစားဂိုဏ်းကို ဆက်ခံခွင့်ရခဲ့ပေမဲ့ နောက်ပိုင်းမှာ ခေတန်လူမျိုးဖြစ်နေလို့ ပြဿနာပေါင်းစုံကြုံရတဲ့ ချောင်ဖုန်း၊ ဘိုးဘေးတွေရဲ့ ပြိုကွဲခဲ့တဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့အတွက် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီး ဘဝမှာ အရာအတော်များများကို စတေးခဲ့တဲ့ မုယုံ၊ သိုင်းမတတ်ပေမဲ့ သိုင်းပညာအားလုံးကို စာတွေ့တတ်နေတဲ့ မိန်းကလေး ဝမ်းယို့လန်၊ ဘုမသိဘမသိနဲ့ လျှို့ဝှက် ဂိုဏ်းချုပ်ဖြစ်လာလို့ ဘုရင့်သမီးတော်တစ်ဦးနဲ့ အကြောင်းပါခဲ့တဲ့ ရှောင်လင်ကိုရင်လေး၊ ဘဝမှာ အဆိုးတကာ့အဆိုးတွေသာ ကြုံရကာ အဆိပ်ပြီးတဲ့ အစွမ်းတွေရခဲ့ပေမဲ့ အာကျိဆိုတဲ့ မိန်းကလေးကြောင့် အကောင်းအဆိုးမမြင်နိုင်ခဲ့တဲ့ သံခေါင်းစွပ် ယုသန်းကြီး၊ ကောက်ကျစ်ပြီး လူတွေကို သုံးချတတ်တဲ့ ကောင်မလေး အာကျိ .....မြာပွေခဲ့တဲ့ တာလိနိုင်ငံရဲ့ဦးရီးတော် (တန့်ဥရဲ့ အဖေ)၊ လူမိုက်ကြီးလေးယောက် ...... စသည် စသည် ဖြင့် ဇာတ်ကောင်တွေ အများကြီးပဲ။

ဇာတ်လမ်း ဇာတ်ကွက်ကလည်း ဖတ်ရင်း လက်ကမချချင်အောင်ပဲ။ စာအုပ်အဟောင်းဆိုင်တွေရောက်တိုင်း ဒီသိုင်းစာစဉ်တွဲကို ဝယ်ချင်လို့ လိုက်ကြည့်နေတာ တစ်ခါမှ မတွေ့သေးဘူး။ အခု Family TV က ပြန်ပြတော့ မှီသလောက်လေး ပြန်လိုက်ကြည့်နေတယ်။ Copy ကောင်းတဲ့ DVDအတွဲ ဝယ်လို့ ရရင် ဘယ်လောက်ကောင်းမလဲ ...

No comments: