ခတ္တာပွင့်ကလေးကို မည်သူပန်သနည်း။ ညနေရီတွင် ချစ်သူသည် ခတ္တာပွင့်ကလေးကို ပန်ဆင်လာခဲ့၏။ ပန်းပန်ထားသော ချစ်သူ၏အလှကို မည်သည့် အတိုင်းအတာနှင့်မျှ အကဲမဖြတ်နိုင်ချေ။ အလင်္ကာဆရာ တို့သည်ပင် အလှကို ၀ိဂြိုဟ်မပြုနိုင်ကြ။
ကဗျာဆရာလေးသည်ပင် ထိုအလှကို ရိုးတိုးရိတ်တိတ်မျှသာ ကဗျာ သီကုံးနိုင်ခဲ့၏။ စာဆိုဉာဏ်တွင် ထိုအလှကို အမိမဖမ်းနိုင်ရှာပေ။ ချစ်သူသည် သူပိုင်ဆိုင်သော အလှပစ္စည်းကို ကြွားဝါလို၍ ပန်းပန်ခြင်း မဟုတ်။ သူ့၌ အရိုင်းစိတ်ကို ကြည်၍ အယဉ်စိတ်ကို မွေးလေ့ရှိကြောင်း ပြခြင်းပင် ဖြစ်သည်။
သူ၏ စိတ်တွင်းအလှကို မြင်စိမ့်သောငှာ တစ်ခဏမျှ ဖွင့်လှစ်ပြလိုက်သော အလှပြူတင်းပေါက် ဖြစ်ပေသည်။ ယင်းအလှသည် တိုက်ရိုက် အသုံးဝင်ကောင်းမှ ဝင်ပေမည်။ အို ... တိုက်ရိုက် အသုံးမဝင်ပါပေ။ သို့ရာတွင် လောက၏ အသုံးအဆောင် မှန်ပေသည်။ သူ မပါလျှင် အလင်္ကာဂုဏ် မမြောက်နိုင်ပေ။
ရှုပါဘိ။ ပန်းကလေး၏ အလှသည် ချစ်သူ၏အလှကို လိုက်ဖက်အောင် ပြုပေး၏။ လှပသော အမူအရာသည် ပန်းကြောင့် ထင်ရှားလာ၏။ မျက်စိ၏ အဆင်မပြေမှုကို ဖျောက်၏။ အတင့်အတယ် ဖြစ်၏။ လောက၏ ပြေပြစ် တင့်တယ်သော အဆင်အယင်ကို ပြလိုက်နိုင်၏။ ထိုအခါ လောက၏ ချစ်စဖွယ်ဂုဏ်သည် နှလုံးသား၌ ကြေးမုံ ထင်လာလိမ့်မည် ဖြစ်သတည်း။
ပိတောက်မှသရဖီသို့ (တင်မိုး)
No comments:
Post a Comment