Thursday, August 14, 2008

(၁၀)ဌာန

ကျွန်တော်တို့မိသားစုအပြင် နီးစပ်ရာ ဓမ္မမိတ်ဆွေတစ်စုရဲ့ အိမ်မှာထားတဲ့ (၁၀)ဌာန အကြောင်းလေး ပြောပါမယ်။ မြတ်စွာဘုရားနှင့်တကွ ပစ္စေကဗုဒ္ဓါအပေါင်း ရဟန္တာအပေါင်းတို့ကို ပူဇော်လှူတန်း နည်းလေး တစ်ခုပါ။ ပထမဆုံး (၁၀)ဌာနမှာ ဘာတွေပါလဲပြောပါမယ်။
(၁) မြတ်စွာဘုရား
(၂) အလုံးစုံသော ပစ္စေက ဗုဒ္ဓါအပေါင်း
(၃) ရဟန္တာ မထေရ်မြတ်အပေါင်း
(၄) အရှင်သာရိပုတ္တရာ (လက်ယာတော်ရံ ပညာအရာ အကြီးမြတ်ဆုံး)
(၅) အရှင်မဟာမောဂ္ဂလန် (လက်ဝဲတော်ရံ တန်ခိုးအရာ အကြီးမြတ်ဆုံး)
(၆) အရှင် ဗာကုလ (ကျန်းမာရေးအရာအတွင် အမြတ်ဆုံး)
(၇) အရှင်သီဝလီ (လာလ်လာဘ ပေါများရာတွင် အမြတ်ဆုံး)
(၈) အရှင်ဥပ္ပဂုတ္တ (ဘေးရန်အန္တရယ်အပေါင်းကို နှိမ်နှင်းပယ်ရှားပေးနိုင်ခြင်း)
(၉) အလုံးစုံသော ၀ိဇ္ဇာဇော်ဂျီ ဆရာတော်အပေါင်း - အတွက် မြတ်စွာဘုရားအား ကပ်လှူပေးခြင်း
(၁၀) စင်္ကြာဝဠာ အနန္တရှိ ဗုဒ္ဓဘာသာဝင်နတ်မင်းအပေါင်း -အတွက် မြတ်စွာဘုရားအား ကပ်လှူပေးခြင်း

သောက်ရေဆို ဆယ်ခွက်၊ ဆွမ်းဆယ်ပန်းကန်၊ ပန်းဆယ်ပွင့်၊ မျက်နှာသုတ်ပုဝါဆယ်ထည်၊ ဖယောင်းတိုင် ဆယ်တိုင်၊ အမွှေးတိုင် ဆယ်တိုင် စသည်ဖြင့် လှူတန်းနိုင်ပါတယ်။ ကျွန်တော်တို့ အိမ်က ဘုရားစင်မှာဆို သောက်တော်ရေခွက် (၁၀)ခွက်ရှိပါတယ်။ ခုနက ပြောတဲ့ (၁၀)ဌာနကို လှူထားတာပါ။ ဘုရား၊ ပစ္စေကဗုဒ္ဓါ နဲ့ ရဟန္တာကြီးတွေကို အိမ်မှာ အမြဲပင့်ထားပြီး လိုအပ်သမျှ လှူတန်းတယ် ဆိုတဲ့ သဘောမျိုးပါ။

အိမ်မှာ အမေဆိုရင် မနက်အစောကြီး မျက်နှာသစ်တော်ရေနဲ့ မျက်နှာသုတ်ပဝါလေးတွေ ကပ်ပါတယ်။ ပြီးမှ ဆွမ်းနဲ့ သောက်တော်ရေကပ်ပါတယ်။ ညဖက် မှာ သောက်တော်ရေကပ်ပါတယ်။ လပြည့်လိုနေ့တွေဆို အအေးကပ်ပါတယ်။ ဘုရားစင်မှာထားဖို့ အစီအစဉ်ကတော့ - ၁၊ ၉၊ ၁၀၊ ၂  ..... ၃ ၄ ၅ ၆ ၇ ၈ ၉ ဆိုပြီး နှစ်တန်း တန်းထားနိုင်ပါတယ်။ ပထမအတန်းက ကိုယ်က ဘုရားလှူတာရယ်၊ ဆရာတော်တွေ နတ်တွေအတွက် ဘုရားလှူပေးတာရယ်၊ ပစ္စေကဗုဒ္ဓါအပေါင်းရယ် ပါ.။ ဒုတိယအတန်းကတော့ ရဟန္တာတွေပေါ့။

အထက်ပါအစီအစဉ်အတိုင်း သောက်တော်ရေခွက်များကို တစ်တန်းတည်းလဲထားနိုင်ပါတယ်။ အကြောင်းကြောင်း အခက်အခဲတွေကြောင့် ဆယ်ခွက်မလုပ်နိုင်ရင်လဲ ၁။ ၉။ ၁၀။ ၃ ဆိုပြီး ငါးခုပဲလည်း လှူတန်းနိုင်ပါတယ်။ ၃ ကိုလှူတန်းချိန်မှာ ရဟန္တာအားလုံးကို စိတ်ထဲက မှန်းပြီးလှူပေါ့။

ထပ်ချုံ့ ချင်ရင်တော့ ၁။ ၂။ ၃ ပေါ့ .... ဘုရား၊ ပစ္စေကဗုဒ္ဓါ နဲ့ ရဟန္တာတွေကို လှူတယ်ပေါ့။ လှူတာက တရားပေါ့။ ဒါဆို ဘုရား၊တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါး ပြည့်စုံသွားတာပေါ့။ ပြီးတော့မှ ၀ိဇ္ဖာဆရာတော်တွေ နတ်တွေကို ကိုယ့်အလှူ အတွက် အမျှအတန်းပေးဝေပေါ့။ တစ်ချို့အိမ်တွေမှာ ရေသုံးခွက်တော့ လှူထားပါရဲ့ ဘုရား၊ တရား၊ သံဃာတဲ့ ... တရားဆိုတာက ဘယ်လို ရေသောက် မယ်ဆိုတာ တွေးလို့မရဘူး :D


No comments: