Monday, August 11, 2008

သူ့အထုပ်နဲ့သူလာ

လူကြီးတွေကပြောကြတယ် သူ့အထုပ်နဲ့ သူလာတယ်တဲ့။ ကလေးတွေရဲ့ ရှေးကံ ဒါနကုသိုလ် ပါခဲ့တာကို ပြောချင်ဟန်တူတယ်။ အခုသားလေးဆိုလဲ သင့်တင့်တဲ့ ဆေးရုံမှာ ဆရာဝန် သမားတော်တွေအစုံအလင်နဲ့ မွေးရတယ်။ နေရတဲ့ အခန်းကလဲ အကျယ်ရတယ်။ သူ့ကို မွေးဖို့ ကုန်ကျမဲ့ ပိုက်ဆံတွေလည်း သူမွေးလာတဲ့ အချိန်မှာ ကျွန်တော့်မှာ ပေးစရာအသင့်ရှိနေတယ်။ နှစ်ဖက်အမျိုးရဲ့ ပထမဆုံး သားယောက်ျား မြေးလေး။

ဆွေမျိုး မိတ်သင်္ဂဟတွေ ပေးကြတဲ့ လက်ဆောင် တွေကလည်း ပုံလို့ အင်္ကျီ အဝတ်အစားတွေ၊ စောင်၊ အိပ်ယာ၊ခေါင်းအုံး၊ ပေါင်ဒါဘူးတွေ၊ ဆပ်ပြာ နို့ဗူး .. စုံလို့စုံလို့ပါပဲ။ ဆိုင်ဖွင့်လို့တောင် ရနေပြီ။ ရောက်လာဦးမဲ့ လက်ဆောင်တွေလည်း ရှိသေးတယ်။ အိမ်မှာလည်း သူ့အတွက် ဝယ်ထားတဲ့ ပုခက်တို့ အဝတ်အစားတွေကလည်း ရှိသေးတယ်။ ရုပ်ရည်လေးကလည်း ချစ်စရာလေး။ စောင့်ပေးကြတဲ့ Nurse လေးတွေကတောင် ချစ်ကြတယ်။

ဘဝမှာ အဖွင့်ကောင်းတဲ့ ဒီကလေးကို အလိုလိုက်လွန်ပြီး Spoil ဖြစ်မသွားအောင်တော့ သတိထားပြီး သွန်သင်ရဦးမယ်။ ပစားပေးလွန်းလျှင်လဲမကောင်း။ ဘယ်ဟာက ကောင်းသည် မကောင်းသည် ၊ မပြောသင့် မလုပ်သင့် ဆိုတာကို message မရတော့။ သူလုပ်သမျှ လူကြီးများက အားပေးနေတယ် မှတ်သွားတတ်သည်။

အခုတင် မျက်စိရှေ့မှာ ဒါမျိုးမြင်နေရတာ။ အဘိုးအဖွား မိဘတွေကတော့ ကိုယ့်ရင်သွေးဆိုတဲ့ မျက်စိနဲ့ ကြည့်တော့ အပြစ်မမြင်ကြ။ ဒါပေမဲ့ အပြင်လူ တစ်ယောက်အမြင်မှာတော့ သွန်သင်ဆုံးမ သင့်တဲ့ အနေအထားကို ရောက်နေတာမျိုးတွေ။ စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးတွေ။ ကိုယ့်စိတ်နဲ့ဆို နှစ်ခါသုံးခါလောက် ရိုက်ပြီးပြီ။ ဒါတောင် မနေနိုင်လို့ ငေါက်မိသေးတယ်။ နောက်မှ ... အော် ငါက ငါညီမက မွေးထားတာလဲမဟုတ်။ ကိုယ်က သူ့မိဘမှမဟုတ်တာဆိုပြီး စိတ်ထိန်းရတယ်။ ကိုယ့်သားကိုတော့ သူများက အဲဒီလို စိတ်အနှောက်အယှက် ဖြစ်လောက်သည် အထိ စောက်မှန်းကမ်းမှန်း မသိတာမျိုး မဖြစ်စေရ။

ဒေါင့်မကျိုးတဲ့ သောက်တလွဲကောင်လေး ဖြစ်မလာစေရ။ ဒါက ကလေးရဲ့အပြစ်မဟုတ် ... ဆုံးမသင့်တဲ့ အခြေအနေမျိုးမှာ ဆုံးမသင့်တဲ့ပုံစံနဲ့ မဆုံးမ ခဲ့ခြင်းကြောင့်သာ။ လူတိုင်းတော့ ကိုယ့်ရင်သွေး ကိုယ်ချစ်ကြသည်သာ။ ဒါပေမဲ့ ကိုယ်က ဆုံးမဖို့ တာဝန်မကျေခဲ့လို့ လူမပီသတဲ့ လူတစ်ယောက် လူလောကထဲ ရောက်သွားရင် အပြစ်ဘယ်လောက်များ ကြီးလိုက်မလဲ ...

ကလေးကို ငွေကြေးတွေ စည်းစိမ်တွေ ပုံပေးတာထက်စာရင် စိတ်ဓါတ်ကောင်းအောင် ဆင်ခြင်တုံ တရားရှိအောင် ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ လောကဓံတရားတွေကို ကြံ့ကြံ့ခံနိုင်အောင် လောကကြီးမှာ လူပီပီသသ နေတတ်အောင် အများကြီး လုပ်ပေးချင်ပါသေးတယ်။ (ကိုယ်ငယ်ငယ်က ကိုယ့်မိဘ ဘယ်လို သွန်သင်ခဲ့တာတွေ ရေးပါဦးမယ်။) အင်း... ဖြေးဖြေးချင်းပေါ့ ... အခုမှ ရက်သားပဲရှိသေးတာ။

No comments: