မနေ့က GTalk မှာ ကျော်ခိုင်နဲ့ US Opening Tennis ပွဲတွေစတော့မဲ့အကြောင်း ပြောဖြစ်တယ်။ သူက tennis ဆိုရင် အရူးအမူး။ ကိုယ်တိုင်လည်း ဟုတ်တိပတ်တိ ကစားတတ်သလို ကစားသမားတွေအကြောင်း၊ ပြိုင်ပွဲတွေ အကြောင်းလဲ အတော်နှံစပ်တယ်။ ထားတော့။ Tennis နဲ့ပတ်သက်ပြီး ဒီအကြောင်းကို ရေးမယ်ရေးမယ်နဲ့ အခုမှပဲရေးဖြစ်တော့တယ်။
ကျော်ခိုင်က ခပ်ငယ်ငယ် မိတ္ထီလာမှာ နေကတည်းက tennis ကစားလာခဲ့တာ။ ကွန်ပျူတာ တက္ကသိုလ်တက်ဖို့ ရန်ကုန်ရောက်လာတော့ ရန်ကုန်တက္ကသိုလ်ပင်မ အဓိပတိလမ်းပေါ်က ပင်းယဆောင်မှာ နေရတယ်။ ပထမနှစ်ကုန်ခါနီးလောက်ကစပြီး ကျွန်တော်တို့တစ်သိုက် အတော်လေးကို ရင်းနှီး နေကြပြီ။ ကျွန်တော်ဆိုရင် အဆောင်မှာသွားသွားနေတာ စာသင်နှစ် တစ်ခုလုံးနီးပါးပဲ။ အဆောင်မှူးကတောင် သူ့အဆောင် ကျောင်းသားမှတ်နေတာ။
ဒုတိယနှစ်လောက်မှာထင်တယ်။ ကျောင်းပိတ်ရက်တစ်ရက်မှာ အဆောင်မှာအိပ်ကြရင်း မနက် အိပ်ယာထကြတော့ မောင်ကျော်ခိုင်တစ်ယောက် Sport Shirt တွေ ဘောင်းဘီတွေနဲ့ ဘိနပ်ကလည်း အသင့်စီးပြီး လက်ထဲမှာလည်း tennis racquet ကြီးကိုင်လို့။ tennis ရိုက်ချင်လွန်းတဲ့ ပိုးတွေတရွရွ ဖြစ်နေပုံ ရတယ်။ မစားရက်မသောက်ရက်ပိုက်ဆံလေးတွေနဲ့ ဝယ်ထားတဲ့ ဘောလုံးဘူးအသစ်ကြီးကလည်းအသင့်။ ကျွန်တော်နဲ့ မျိုးမင်းကို အတင်းမဲဆွယ်ပါရော။ သူ့ကို အဖော်လုပ်ပြီး tennis လိုက်ရိုက်ပေးဖို့။ တက္ကသိုလ်ကွင်း ကလည်း မနီးမဝေးဆိုတော့ အိုကေပေါ့။
ကျွန်တော်တို့နှစ်ယောက်က အဝတ်အစားသူ့လောက် စမတ် ဘယ်ကျနိုင်မလဲ။ ရှိတဲ့ အင်္ကျီီဘောင်းဘီလေးနဲ့။ ဘိနပ်ဆိုလဲ ညနေဖက် ခြင်းခတ်တဲ့ ဘိနပ်လေးကိုယ်စီ စီးလို့ပေါ့။ ဒါနဲ့ သုံးယောက်သား တင်းနစ်ကွင်းကို ချီတက်သွားကြပါလေရော။ လိုက်တာသွားတာ ကျွန်တော်ရော မျိုးမင်းပါ တင်းနစ်နဲ့ပတ်သက်လို့ တင်းနစ်ဘောလုံးကို ငယ်ငယ်က နို့ဆီခွက်ထောင်ပြီး ပစ်တမ်း ကစားတာက လွဲလို့ လုံးဝကို အဆက်အစပ် မရှိကြဘူးလေ။ ဒါနဲ့ အပိုပါတဲ့ Raquet ကို မျိုးမင်း ပေးပြီး သူက Serving စလုပ်ပါလေရော။ မျိုးမင်းကလည်း တင်းနစ်သာ မရိုက်တတ်တာ။ ပိုက်ကျော်ခြင်းသမားပဲ။ ဖျတ်လတ်တာပေါ့။ ပိုက်ကိုကျော်ပြီး သူ့ဖက်ရောက်လာတဲ့ဘောလုံးကို အားရပါးရ Raquet နဲ့ ရိုက်လိုက်တာ ဘုန်း...ဆိုတဲ့အသံကြားပြီး ဘောလုံးက လမ်းမကိုကျော်လို့ ဘောလုံး ကွင်းဖက် အမြင့်ကြီးမြောက်တက်လို့ ...
အင်း ဘောလုံးအသစ်လေး ပျောက်လေသတည်းပေါ့။ နောက်တစ်လုံး .... ကံအားလျော်စွာ Raquet နဲ့လွဲလို့ နောက်ဖက်နားမှာကျ ...နောက်တစ်လုံး .... မျိုးမင်းပြန်ရိုက်လိုက်တာ သစ်ပင်ကိုင်းပေါ်တင်သွား ...။ ထွန်းခိုင်ရာ မင်းတစ်လှည့်စမ်းကြည့်ပါဦးကွာဆိုလို့ တစ်လှည့် ဝင်ရိုက်ကြည့် တော့လည်း ထိုနည်းလည်းကောင်းပဲ။ သိပ်တော့ ဟန်မကျသေးဘူး။
ဒါနဲ့ မောင်ကျော်ခိုင်လည်း အကြံတစ်မျိုး ပြောင်းပြီး အုတ်နံရံကြီးနား ကျွန်တော်တို့နှစ်ယောက်ကို ခေါ်သွားလို့ ..နံရံကို တစ်ချက်ရိုက် ပြန်အလာမှာ ကွင်းမှာတစ်ချက်တောက် ပြန်ရိုက်.... ဆိုပြီးလုပ်ခိုင်းပြန်ရော။ ဘယ်လာရလိမ့်မတုန်း။ ဒီမနက်မှ Raquet ကိုင်ဖူးတာကို။ နံရံကို ကျော်ထွက်သွားလိုက် .... သူကပြေးကောက်ပေးလိုက်။ အတော်နေမြင့်လာတော့ သူလဲ ချွေးတစ်လုံးလုံးနဲ့ သင်ရလွန်းလို့ အာတွေခြောက် ... ကျွန်တော်တို့နှစ်ယောက်ကလည်း စိတ်တွေညစ် ..... ဇာတ်လမ်းကို ချုပ်လိုက်ရင် ဘောလုံးအသစ်လေး သုံးလုံးလောက်ပျောက်ပြီး အတော်နေမြင့်လာချိန်မှာ ပင်းယဆောင်သို့ အောင်မြင်စွာ တပ်ဆုပ်ကြလေသတည်းပေါ့ .... တစ်ချိန်တုန်းကပေါ့ :D
No comments:
Post a Comment