Sunday, August 31, 2008

အမည် ထွန်းလင်းထွန်း

သားလေးကို ဒီနေ့ နံမည်ပေးတယ်။ ကျွန်တော့်ကို နံမည်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကပဲ သားလေးကို နံမည်ပေးတာပါ။ ၀ါခေါင်လပြည့်နေ့ မနက်မှာကတည်းက နံမည်ရနေပြီ။ စီစဉ်စရာလေးတွေလုပ်နေတာနဲ့ ဒီနေ့မှပေးဖြစ်တယ် ဆိုပါတော့။ နှစ်ဖက်အဖိုးအဖွား အားမဲ့ရက်ရယ် နယ်က သူ့အဒေါ်တစ်ယောက် ပြန်ရောက်မဲ့အချိန်ရယ် ပေးရမဲ့လက်ဆောင်တွေရယ် ဆွမ်းတော်ကပ်ဖို့ စသည်ဖြင့်ပေါ့။ သားရဲ့ဖွားဖွား (ယောက်ခမ)က မနေ့ညနေကတည်းက သူ့ရဲ့ လှည်းတန်းအိမ်ပြန်ပြီး ထောပတ်ပဲထမင်း ချက်တယ်။ ဒီမနက်စောစော သယ်လာတာပေါ့။ 
 
(၁၀)ဌာန (၈)ဌာန ကို သောက်တော်ရေနဲ့ ထောပတ် ဆွမ်း ကပ်တာပေါ့။ သားကို မနက်ခြောက်နာရီခွဲလောက်ကတည်းက နို့အဝတိုက် အီးပါ ရှူးပေါက်ပြီးတော့ ရေပတ်လေး တိုက်ပြီး ဝတ်ကောင်းစားလှလေးဝတ်ပေးထားတာပေါ့။ နှစ်ဖက်အဖိုးအဖွားစုံတဲ့အချိန်မှာ သားကို ဘုရားစင်ရှေ့မှာ သူ့ ဆွဲခြင်းပုခက်လေးထဲထည့်ပြီး နံမည်ပေးကြတယ်။ 
 
ပထမဆုံး အဖိုးက ကလေးရဲ့ ညာဖက်မှာ အဖွားက ကလေးရဲ့ ဘယ်ဖက်မှာ နေရာယူပါတယ်။ အဖိုးက ကလေးရဲ့ ညာဖက်လက်ထဲ ရွှေထည့်ပေးပြီး ထွန်းလင်းထွန်း .... ထွန်းလင်းထွန်း .... ထွန်းလင်းထွန်း လို့ သုံးခါခေါ်ပြီး ကင်ပွန်းတတ်ပါတယ်။ 
 
အဖွားက သားရဲ့ဘယ်ဖက်လက်ထဲငွေ (ငွေစက္ကူ + ငွေထည်ပစ္စည်း) ထည့်ပေးပြီး သုံးခါခေါ်ရပါတယ်။ နှစ်ဖက်အဖိုးအဖွား တစ်လှည့်စီပေါ့။ အသက်ကြီးတဲ့အဖိုး (ကျွန်တော့် အဖေ)ကစခေါ်ပေးရပါတယ်။ သားလေးက သူ့အဖိုးလက်ထဲထည့်ပေးတဲ့ ရွှေဒင်္ဂါးလေးကို လက်ကလေး နဲ့ဆုပ်ကိုင်ပြီး သူ့နံမည်ခေါ်နေတဲ့အချိန်မှာ ပြုံးပြုံလေးနေလို့... 
 
ပြီးတော့ ကလေးအဖေ(ကျွန်တော်)က ကလေးရဲ့ ညာဖက်လက်ထဲကို အဝတ်အစားထည့်ပေးပြီး နံမည်ကို သုံးခါခေါ်ပါတယ်။ ပြီးတော့သူ့အမေက ဘယ်ဖက်ကနေ ကလေးကို စားစရာ (နို့မှုန့်ဗူး)ပေးပြီး သုံးကြိမ် ခေါ်ပါတယ်။ ပြီတော့ ကျန်တဲ့ဆွေမျိုးတွေခေါ်ကြပေါ့။ သူတို့ခေါ်တဲ့အချိန်မှာတော့ နှစ်သက်ရာ လက်ဆောင် ပစ္စည်းလေးတွေကို ပေးပြီး ကလေးရဲ့ ညာလက်ကလေးကို ကိုင်ပြီး နံမည်ကို သုံးခါ ခေါ်ပေးရပါတယ်။ ပြီးတော့ တပျော်တပါး ထောပတ်ပဲထမင်းကို ဆိတ်သား ကြက်သားဟင်းတွေနဲ့ စားကြလေသတည်းပေါ့ဗျာ .... :D

4 comments:

Anonymous said...

သားလေးနာမည်က လှတယ်ဗျ။ ကလေးပုံလေးပါမလား ရှာကြည့်မိသေးတယ်။

little moon said...

မနက်က cyber cafe ကရေးတာမို့ပါ။ နောက်နေ့ ပုံတွေ တင်ပါ့မယ်

JulyDream said...

သားလေးအမည်က ထွန်းလင်းထွန်း... ဆိုတာကို မှတ်သားထားလိုက်ပါမယ်။

khin oo may said...

ထွန်းလင်းထွန်း ထွန်းလင်းထွန်း ထွန်းလင်းထွန်း ..then eat first ...gift will come later..