Friday, July 25, 2008

မှာခဲ့မည်မောင်

အချစ်ဆုံးငယ်လေ ...ကျွန်မရယ် သေကာသွားမှဖြင့်၊ လွမ်းစရာ့တေးတွေကို မောင်မဆိုနေနှင့် ... နော်။ 

သြော်... နှင်းဆီပင်ဖြစ်စေ အရိပ်ဝေဝေသက်ပေးတဲ့၊ ဆိုင်းပရက်စ်ပင်ပဲဖြစ်ဖြစ် ဘယ်သစ်ပင်တွေကိုမှ၊ ကျွန်မရဲ့ မြေပုံဦးမှာ အထူး မစိုက်နှင့် ရှင်ရယ် ... နော်။

သြော် .. မိုးဖွဲလေးတွေ၊ နှင်းဥလေးတွေနှင့်ပဲ ကျွန်မမြေပုံထက်က မြက်ခင်းလေး စိမ်းမြမြ သဘာဝအတိုင်း စိုနေပါစေ ... နော်။ သြော် ... ပြီးတော့လည်းရှင် သတိရချင်လဲ ... သတိရပေါ့ ....နော်။ မေ့ချင်တော့လည်း .... မေ့သာပစ်လိုက်တော့မောင် ...နော်။

အရိပ်တွေကို ကျွန်မ မြင်ရတော့မှာ မဟုတ်ဘူးလေ။ မိုးရေမြမြကိုလည်း၊ ကျွန်မခံစားရမယ် မဟုတ်ဘူးရှင် နာကျင်မှုနှင့် ညည်းသလို မပြတ်တမ်း တေးဆိုနေတဲ့ နိုက်တင်ဂေးလေးကိုလည်း ဘယ်တော့မှကျွန်မ ကြားရတော့မှာ မဟုတ်ဘူး။

ပျို့ဦးပြီးလည်း တက်မလာ၊ ငုတ်ကာလည်း သက်မဆင်း သည်သဘောတွေက ကင်းတဲ့ အရုဏ်မလင်းတင်းလေး တစ်ကြော့ မြောအိမ်မက် မက်ရင်းက ကျွန်မလည်း ... သြော်။ ပျော်ပျော်ကြီး သတိရချင်ရနေမယ် ပျော်ပျော်ကြီး မေ့ချင်လဲ မေ့နေမယ်မောင် ... နော် (ဘာသာပြန်ခံစားမှု -တက္ကသိုလ်ဘုန်းနိုင်)

When I am Dead, My Dearest ..by Christina Rossetti Christina Rossetti ရဲ့ ဒီကဗျာလေးကို အထက်တန်းကျောင်းသားဘဝ လောက်ကတည်းကနှစ်သက်ခဲ့တာ။ မှတ်မှတ်ရရ တစ်ရက်မှာ ရှုမဝမဂ္ဂဇင်းရဲ့ ဟိုတုန်းက ရှုမဝဆိုတဲ့ ကဏ္ဍမှာ ဒီကဗျာလေးကို အမျိုးသား တစ်ယောက်ရယ် အမျိုးသမီးတစ်ယောက်ရယ် ခံစားဘာသာပြန်ထားတာလေးကို နှစ်ပုဒ်စလုံး ယှဉ်လျက် ထည့်ပေး ထားတယ်။

စကားစပ်လို့ အဖေနဲ့ဒီကဗျာလေးတွေအကြောင်းပြောတော့ အဖေက သူ့စာအုပ်ပုံကြားက ကဗျာ စာအုပ်လေးတစ်အုပ်ထုတ်လာပြီး original ကဗျာလေးကို ပြပါတယ်။ ဟုတ်တယ် အဲဒီကတည်းက အရမ်းကို ကြိုက်ခဲ့တဲ့ကဗျာလေးပေါ့။ အခုရိုက်တင်ထားက ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ တမ်းတမိခြင်း ဘာသာပြန်ကဗျာများစာအုပ်ထဲကပါ။ အခုညနေ ရုံးကစာအုပ်စင်ကို မွှေနှောက်ရင်း ဒီစာအုပ်လေးကို ပြန်တွေ့လို့ ဟိုလှန်ဒီလှန် လျှောက်ဖတ်နေရင်း ဒါလေးကို ဘလော့ပေါ်တင်လိုက်ပါတယ်။

2 comments:

Welcome said...

အစ္ကုိခင္ဗ်ား
အဟောင်းထဲက အကောင်းဆုံးကို ဖော်ပြ၊ မျှဝေ ပေးတဲ့အတွက် နှစ်သက်စွာ ဖတ်ရှုသွား ပါတယ်။ ကျေးဇူးပါ။
လေးစားလျက်
ဝင်းဇော်

Anonymous said...

..very nice